Friday, December 28, 2018

မန္တလေးတက္ကသိုလ်၊ သမိုင်းဌာန၊ ဒေါက်တာသန်းထွန်းအထိမ်းအမှတ်သမိုင်းဌာနပြတိုက်ဖွင့်ပွဲကျင်းပ

နေပြည်တော် ၂၀၁၈ ဒီဇင်ဘာ ၂၇






























မန္တလေးတက္ကသိုလ်၊ သမိုင်းဌာန၊ ဒေါက်တာသန်းထွန်းအထိမ်းအမှတ် သမိုင်းဌာနပြတိုက် ဖွင့်ပွဲ အခမ်းအနားကို ၂၇၊ ၁၂၊ ၂၀၁၈ ရက်နေ့ နံနက် ၉ နာရီတွင် မန္တလေးတက္ကသိုလ် သမိုင်းဌာနတွင် ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မြန်မာ့သမိုင်းကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးလှနှင့် မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသီတာဝင်း တို့က မန္တလေးတက္ကသိုလ်၊ သမိုင်းဌာနပြတိုက်အားဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာ စကားပြောကြားရာတွင် မန္တလေးတက္ကသိုလ်သမိုင်းပြတိုက်သည် မြန်မာနိုင်ငံတွင်ရှိသည့် တက္ကသိုလ် များတွင် ပထမဆုံးဖွင့်လှစ်သော ပညာရေးအထောက်အကူပြုပြတိုက်ဖြစ်ပါကြောင်း၊ ယခင်က ရှေးဟောင်းမြန်မာ စာပေရေးရာဌာန(RCAMM)သို့ငှားရမ်းခဲ့သော ရှေးဟောင်းသမိုင်းဝင်ပစ္စည်းများကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ခြင်းဖြစ်ပါကြောင်း၊ ထိန်းသိမ်းစောင့်ရှောက်ခွင့်ပြုထားသည့်ပစ္စည်း အရေအတွက် စုစုပေါင်း (၃၃၀)ရှိပြီး ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများအတွက် သင်ကြားသင်ယူခြင်း၊ လေ့လာခြင်းနှင့် သုတေသနပြုလုပ်ခြင်းများကို များစွာအထောက်အကူပြုစေမည် ဖြစ်ပါကြောင်း၊ ဆရာကြီးဒေါက်တာ သန်းထွန်းသည် မြန်မာနိုင်ငံ၏သမိုင်းပညာရှင်များတွင် ယုံကြည်လေးစားတန်ဖိုးထားရသော သမိုင်းပညာရှင် ဆရာကြီးတစ်ဦးဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆရာကြီး ဒေါက်တာသန်းထွန်းအထိမ်းအမှတ်သမိုင်းဌာနပြတိုက် အောင်မြင်စွာဖွင့်လှစ်နိုင်ရေးအတွက် ၀ိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြသူများအား အထူးပင်ကျေးဇူး တင်ရှိပါကြောင်း၊ ပြတိုက်ဖွင့်လှစ်ခြင်းဖြင့်မိမိတို့ ဘိုးဘေးခေတ်က ထွန်းကားခဲ့သော သမိုင်းဆိုင်ရာအသုံး အဆောင်ပစ္စည်း ရှေးဟောင်းအမွေအနှစ်များကို လူငယ်လူရွယ်များတွေ့မြင်ပြီး မြတ်နိုးတန်းဖိုးထားလာကြ မည်ဟု ယုံကြည်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့သမိုင်းဘာသာရပ်တွင် သုတေသန လုပ်ငန်းများများဆောင်ရွက်ခြင်းအား အားပေးပါကြောင်း၊ မြန်မာ့သမိုင်းအပြင် အိမ်နီးချင်းနိုင်ငံများ၏ သမိုင်းကိုပါလေ့လာသုတေသနပြုလုပ်ပြီး ခေတ်အဆက်ဆက် မိမိနိုင်ငံ၏ လူမှုရေး၊ စီးပွားရေး စသည့် အားနည်းချက် အားသာချက်များကို ရှာဖွေဖော်ထုတ်ပေးရန်လိုအပ်ပါကြောင်း၊ လက်ရှိလူမှုရေးသိပ္ပံ ဘာသာရပ်ဖြစ်သော သမိုင်းဘာသာရပ်သည် နိုင်ငံတော်အတွက် အလွန်အရေးကြီးသော ဘာသာရပ်တစ်ခု ဖြစ်ပါကြောင်း လက်ရှိအခြေအနေတွင် သမိုင်းဘာသာရပ်အပေါ် ကျောင်းသားကျောင်းသူများ၏ စိတ်ပါဝင်စားမှု၊ သင်ကြားသင်ယူမှု ပိုမိုအားကောင်းလာစေရေးအတွက်ကြိုးပမ်းဆောင်ရွက်နေကြသည်ကို တွေ့မြင်ရပါကြောင်း၊ သမိုင်းပညာရှင်များအနေဖြင့် ယခုကဲ့သို့သမိုင်းဘာသာရပ်ဆိုင်ရာပြပွဲများ၊ စာတမ်း ဖတ်ပွဲများပြုလုပ်၍ ကျောင်းသားကျောင်းသူများ၏ စိတ်ပါဝင်စားမှုကို အားပေးမြှင့်တင် ပေးစေလိုပါကြောင်း စသည်ဖြင့်ပြောကြားသည်။ ယင်းနောက် မြန်မာ့သမိုင်းကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးလှက ပြတိုက်ဖွင့်လှစ်တည်ထောင် ရခြင်းနှင့်ပတ်သက်၍ရှင်းလင်းတင်ပြသည်။ ယင်းနောက် မန္တလေးတက္ကသိုလ်၊ သမိုင်းဌာနပါမောက္ခဌာနမှူး ဒေါက်တာရီရီဝင်းက ကျေးဇူးတင် စကားပြောကြားသည်။ အခမ်းအနားအပြီးတွင် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြပြီး ဒေါက်တာသန်းထွန်း အထိမ်းအမှတ် သမိုင်းဌာနပြတိုက်အတွင်းပြသထားသည့် ရှေးဟောင်းသမိုင်းပစ္စည်းများကို လှည့်လည် ကြည့်ရှုကြသည်။ အလားတူ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလေးတက္ကသိုလ် စာကြည့်တိုက်က ကြီးမှူး ကျင်းပသော မန္တလေးတက္ကသိုလ်ရာပြည့်အကြို မန္တလေးတက္ကသိုလ်၏ ခေတ်အဆက်ဆက် သမိုင်းပုံရိပ်များ ပထမအကြိမ်ဓာတ်ပုံပြပွဲနှင့်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနှင့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကာ ပြပွဲအတွင်း ပြသထားသော ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment