နေပြည်တော် ၂၀၁၈ ဒီဇင်ဘာ ၎
၂၀၁၈ ခုနှစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) ဒုတိယပိုင်းအစီအစဉ်အား (၄၊၁၂၊၂၀၁၈) ရက်နေ့ နံနက် ၁၁:၀၀ နာရီတွင် ဆက်လက်ကျင်းပရာပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အဖွင့်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိရေး၊ မည်သည့်ခွဲခြားမှုမျှမရှိဘဲ တစ်ဦးတစ်ယောက်မှ မကျန်ရစ်စေရေး အလေးထားဆောင်ရွက်နေပါကြောင်း၊ ပညာသင်ယူမှုအခွင့် အလန်းမြင့်မားရေးအတွက် သတ်မှတ်ချက်နှင့်ပြည့်စုံသောကျောင်းများကို ကျောင်းအဆင့်တိုးမြှင့်ပေးခဲ့ပါကြောင်း၊ မူလတန်းအရွယ် ကျောင်းသားကျောင်းသူအားလုံး မူလတန်းပညာသင်ယူပြီးမြောက်ရေး၊ ကျောင်းထွက်နှုန်းလျော့နည်းရေးနှင့် အခြေခံပညာအထက်တန်းအဆင့် သင်ယူပြီးမြောက်ရေးတို့ကို ဆောင်ရွက်နေပြီး ဆရာဆရာမများ၏ အင်္ဂလိပ်စာ အိုင်စီတီကျွမ်းကျင်မှုနှင့် သင်ကြားသင်ယူမှု အရည်အသွေးမြင့်မားရေးတို့ကိုလည်း မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသားကျောင်းသူများအား မတူကွဲပြားမှုများကို အပြန်အလှန်နားလည်ရေး၊ လေးစားတန်းဖိုးထား၍ ကူညီဖြည့်ဆည်းဆောင်ရွက်တတ်ရေး၊ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ စာကြည့်တိုက်အသုံးပြု၍ စာများများဖတ်ကာသင်ယူတတ်ရေး၊ အားကစား၊ ဂီတ၊ အနုပညာစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ တာဝန်ယူ တာဝန်ခံ ဆောင်ရွက်တတ်ရေး၊ တီထွင်ဆန်းသစ်ဖန်တီးနိုင်စွမ်းရှိရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးဆောင်ရွက်တတ်ရေးအတွက် သင်ကြားသင်ယူလေ့ကျင့်ပေးရန်လိုပါကြောင်း စသည်ဖြင့်ပြောကြားသည်။ ထို့နောက် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ) ဦးရဲလင်းမြင့်က ပညာရေးဝန်ထမ်းများ၏ ၀န်ထမ်းရေးရာစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်ရေးနှင့် အမှုအခင်းဖြစ်ပေါ်မှုကျဆင်းရေး စာတမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်တက္ကသိုလ် ပါမောက္ခချုပ်(တာဝန်) ဒေါက်တာအောင်အောင်မင်းက လူ့စွမ်းအားအရင်းအမြစ်ရှုထောင့် လေ့လာဆန်းစစ်ခြင်းမှသည် ကျား၊ မရေးရာ တန်းတူညီမျှမှုရှိသော ပညာရေးဆီသို့ စာတမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦးတိုးဝင်းက ကျောင်းအရည်အသွေးအာမခံမှု စံသတ်မှတ်ချက် အညွှန်းဘောင်(School Quality Assurance Standard Framework-SQASF) ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရေးစာတမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်ဝင်းစိုးက သင်ကြားသင်ယူမှု တိုးတက်မြင့်မားရေးအတွက် အခြေခံပညာကျောင်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ကျောင်းဖွံ့ရေးရန်ပုံငွေများ အကျိုးရှိထိရောက်စွာအသုံးပြုရေးနှင့် မိဘဆရာအသင်း၊ မိဘများနှင့်ပူးပေါင်းဆောင်ရွက်ရေး စာတမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သစ်သစ်ခိုင်က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး စာကြည့်တိုက်ယဉ်ကျေးမှုနှင့် စာဖတ်သည့်အလေ့အထများထွန်းကားရေး စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းစဉ်များ ထိရောက်အောင်မြင်အောင် ဆောင်ရွက်ရေး စာတမ်းခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် ဆွေးနွေးပွဲတက်ရောက်လာသူများအား အုပ်စု(၅)စုခွဲကာ စာတမ်းခေါင်းစဉ်အလိုက် ဆွေးနွေးညှိနှိုင်းကြပြီး အုပ်စုအလိုက်ပြန်လည်ဆွေးနွေးတင်ပြကြသည်။ ၂၀၁၈ ခုနှစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ)အား ၄၊ ၁၂၊ ၂၀၁၈ ရက်နေ့မှ ၅၊ ၁၂၊ ၂၀၁၈ ရက်နေ့အထိကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment