ရန်ကုန် ၂၀၁၈ ဒီဇင်ဘာ ၂
၂၀၁၈ ခုနှစ် (၉၈)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(ဒဂုံ)ရှိ ဦးဘလွင်ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(ဒဂုံ)မှ ကျောင်းသား ကျောင်းသူများက “ပြည်မြန်မာ”သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှ ပေးပို့သော (၉၈)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာကို ဖတ်ကြားသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြော ကြားရာတွင် (၉၈)နှစ်မြောက် အမျိုးသားနေ့အောင်ပွဲအထိမ်းအမှတ် ကျင်းပရခြင်းသည် နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင်ပါရှိသည့် အတိုင်း ၁၉၂၀ ပြည့်နှစ်တွင် ယူနီဗာစီတီအက်ဥပဒေကို မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်သန်သည့် တက္ကသိုလ် ကျောင်းသား ကျောင်းသူများက ယူနီဗာစီတီအက်ဥပဒေတွင်ပါသည့် နိုင်ငံသူ နိုင်ငံသားများ၊ တိုင်းရင်းသား တိုင်းရင်းသူများ၏ တက္ကသိုလ်ပညာ လွတ်လပ်စွာ သင်ယူခွင့်ကို ကန့်သတ်ထားသည့်အတွက် တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ ဦးဆောင်မှုဖြင့် ယူနီဗာစီတီအက်ဥပဒေကို သပိတ် မှောက်ခဲ့ကြပါကြောင်း၊ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့သည် ယူနီဗာ စီတီအက်ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် ကျောင်းသား ကျောင်းသူများက သပိတ်မှောက်သည့်နေ့၊ အမျိုးသားရေးစိတ်ဓာတ်ဖြင့် အောင်ပွဲရရှိစေရန် ဦးတည်ခဲ့သည့်နေ့ဖြစ်သည့်အတွက် ၁၉၂၁ ခုနှစ် မန္တလေးမြို့တွင် ကျင်းပခဲ့သည့် န၀မအကြိမ် ဂျီစီဘီအေကွန်ဖရင့်က အမျိုးသား အောင်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့ပြီး လွတ်လပ်ရေး ရပြီးသည့်နောက်တွင်လည်း အမျိုးသားရေးစိတ်ဓာတ် နိုးကြားတက်ကြွစွာဖြင့် လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခဲ့ကြခြင်းကို ဂုဏ်ပြုခြင်းအားဖြင့် နှစ်စဉ်ကျင်းပခဲ့ပါကြောင်းဖြင့် ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ် ပညာရေးကိုကြည့်ပါက ရန်ကုန်တက္ကသိုလ်သည် မြန်မာနိုင်ငံ၏ ပထမဆုံး တက္ကသိုလ်ဖြစ်ပါကြောင်း၊ တက္ကသိုလ်၏သမိုင်းကြောင်းကို ကြည့်ပါက ၁၈၇၈ ခုနှစ်တွင် ကာလကတ္တားတက္ကသိုလ်၏ လက်အောက်ခံအနေဖြင့် စတင်ခဲ့ပြီး တက္ကသိုလ်ပညာရပ်များကို သင်ကြားပို့ချခဲ့ပါကြောင်း၊ တက္ကသိုလ်၏သမိုင်းကြောင်း သင်ခန်းစာများရယူပြီး ကျောင်းသား ကျောင်းသူလူငယ်မောင်မယ်များကို ၂၁ ရာစုတွင် လိုအပ်သော အပြန်အလှန်နားလည်မှု၊ လေးစားမှု၊ ကူညီဖြည့်ဆည်း၍ ဖြေရှင်းဆောင်ရွက်တတ်ရန်၊ အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်တတ်ရန်၊ တာဝန်ယူ တာဝန်ခံ၍ ပြည်သူများ၊ နိုင်ငံတော်နှင့် ကမ္ဘာကြီး၏ဖွံ့ဖြိုး တိုးတက်မှုတို့အတွက် တာဝန်ကျေပွန်စွာ အကောင်းဆုံး တီထွင်ကြံဆလုပ်ဆောင်တတ်ရန် သင်ကြား သင်ယူလေ့ကျင့်ပေး ရမည်ဖြစ်ပါကြောင်း၊ ယခုအခါသည် ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းရေးရရှိစေရန် တိုင်းရင်းသားများအားလုံးနှင့် ပြည်သူအားလုံး စည်းလုံးညီညွတ်စွာပူးပေါင်းပါဝင်ကြသည့် ၂၁ ရာစုပင်လုံ ညီလာခံသည် မြန်မာနိုင်ငံ၏ အရေးကြီးသည့်လုပ်ငန်း ဖြစ်သည့်အတွက် အမျိုးသားနေ့၏ ဦးတည်ချက်နှင့်အညီ တိုင်းရင်းသားအားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ပြည်ထောင်စုငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် ပူးပေါင်း ပါဝင်ကြရန်နှင့် အမျိုးသားအောင်ပွဲနေ့အနေဖြင့် ၂၁ ရာစု မှတ်တမ်းတင်ကျန်ရစ်နိုင်ရန် ၂၁ ရာစုပင်လုံ ညီလာခံကို အောင်မြင်စေရန် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ပြည်ထောင်စုကြီး ငြိမ်းချမ်းလာသည်နှင့်အမျှ တိုင်းရင်းသားအားလုံးအတွက် ညီညွတ်မျှတသည့်ဖွံ့ဖြိုးတိုးတက်ရေးကို အမျိုးသားရေး စိတ်ဓာတ်ဖြင့်အရင်းခံပြီး ကြိုးပမ်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ၂၁ ရာစုနှင့် လိုက်လျောညီထွေ ဖြစ်သော အမျိုးသားနေ့အောင်ပွဲများဆီသို့ လျှောက်လှမ်းနိုင်ရေး အားလုံးအတူပူးပေါင်း ပါဝင်ဆောင်ရွက်ကြ စေလိုကြောင်းဖြင့် ပြောကြားသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အထက(၂)ဒဂုံမှ ၆ ဘာသာဂုဏ်ထူးရရှိသူ နှစ်ဦးအားလည်းကောင်း၊ ဆရာကြီး ဦးဘလွင်၏သမီး ဒေါ်စုစုလွင်က အထက(၂)ဒဂုံမှ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအနက် အမှတ်အများဆုံးရရှိသူ တစ်ဦးအား ဦးဘလွင် ပညာသင်ဆုကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် တာဝန်ရှိသူများက (၉၈)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်းဆင့်နှင့် အလယ်တန်းဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ဦးခင်မောင်ရင်က အထက(၂)ဒဂုံမှ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများ အနက် အမှတ်အများဆုံးရရှိသူ တစ်ဦးအား ဗုဒ္ဓဂယာဘုရားဖူးလက်မှတ်အား ချီးမြှင့်ခဲ့သည်။ ယင်းနောက် အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း(ဒဂုံ)မှ ကျောင်းသား ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment