Monday, December 10, 2018

ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို သိပ္ပံပွဲခင်း ၂၀၁၈ အခမ်းအနားကျင်းပ

ရန်ကုန် ၂၀၁၈ ဒီဇင်ဘာ ၉


























ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို သိပ္ပံပွဲခင်း-၂၀၁၈ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန် တက္ကသိုလ် အပန်းဖြေရိပ်သာ ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာ တွင် ရန်ကုန်တက္ကသိုလ်သည် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် University College နှင့် Judson College တို့ဖြင့် စတင်ဖြစ်တည်လာခဲ့ပါကြောင်း၊ ယခုဆိုလျှင် (၉၈) နှစ်တိုင် ပြည့်‌မြောက်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် နှစ် (၁၀ဝ) ပြည့်မည် ဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ် သိပ္ပံပွဲခင်း ၂၀၁၈ အခမ်းအနား သည် တက္ကသိုလ်ရာပြည့်ကို ကြိုဆို၍ ပညာရေးအနှစ်သာ ရပြည့်ဝစွာကျင်းပရန် စီစဉ်နိုင်ခဲ့သည့်အတွက် အထူးပင် ဝမ်း‌မြောက်ဂုဏ်ယူပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ယင်းနိုင်ငံ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အပေါ်တွင် လုံးဝမူတည်နေသည့် အပြင် ပညာရေးသည်နိုင်ငံနှင့် လူမျိုး၏အခြေခံအုတ်မြစ်အဖြစ် ယုံကြည်ခံယူသည့်အတွက် ပညာရေးကဏ္ဍ ပြုပြင် ပြောင်းလဲမှုများကိုလည်းအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များတွင် စွမ်းစွမ်းတမံဆောင်ရွက်ကြမည့် လူ့စွမ်းအားအရင်းအမြစ် များအား အသိပညာရှင်၊ အတတ်ပညာရှင် များအဖြစ် လေ့ကျင့်မွေး ထုတ်ပေးနေသည့် သမိုင်းအစဉ်အလာကြီးမားခဲ့သည့် ရန်ကုန် တက္ကသိုလ်ကြီးကို ဂုဏ် ဆောင်တက္ကသိုလ် (Flagship University) နှင့် နိုင်ငံတကာအသိအမှတ်ပြုတက္ကသိုလ် (Internationally Recognized University) တစ်ခုအဖြစ် ရပ်တည်နိုင်ရေးအတွက် ရန်ကုန်တက္ကသိုလ်(ပင်မ) ပြုပြင်မွမ်းမံရေး နှင့် အဆင့်မြှင့်တင်ရေး အဖွဲ့ ဖွဲ့စည်း၍ ပညာရပ်ဝန်းကျင်ကောင်း များပြည့်စုံကောင်းမွန်ရေး၊ ပညာရည်မြင့်မားရေး၊ ရန်ကုန်တက္ကသိုလ်၏အစဉ်အလာ၊ အမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းပြီး ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင် ရေးလုပ်ငန်းများရေရှည်တည်မြဲဖွံ့ဖြိုးစေရေး လုပ်ငန်းများစီမံဆောင်ရွက်လျက် ရှိပါကြောင်းဖြင့်ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနအေ နဖြင့် မျှော်မှန်းရလဒ်(၄)ခုဖြင့် ကျောင်းသား ကျောင်းသူများအား ပြုစုပျိုးထောင်ပေးလျက်ရှိပြီး ယခုလိုစဉ်ဆက်မပြတ် ကြိုးပမ်းဆောင် ရွက်မှု၏ အကျိုးဆက် အဖြစ် ရန်ကုန်တက္ကသိုလ်အနေနှင့် သိပ္ပံပညာရပ်ဆိုင်ရာအသိပညာပေးသည့် သိပ္ပံပွဲခင်း(၂၀၁၈)ကို ပဉ္စမအကြိမ် ကျင်းပ နိုင်ခဲ့သည်ကိုတွေ့ရှိရပါကြောင်း၊ တက္ကသိုလ် များရှိ ပညာရှင်များသာမက ပြည်တွင်း၊ ပြည်ပနည်းပညာ ကုမ္ပဏီများ၊ ပညာရှင်များပါပူးပေါင်းဆောင်ရွက်ခဲ့သည့်အတွက် ရန်ကုန် တက္ကသိုလ် ဘွဲ့ကြိုကျောင်းသား၊ ကျောင်း သူများ၏ ဆန်းသစ်သိပ္ပံသုတေသနပြပွဲပြိုင်ပွဲကိုလည်းကောင်း ကျင်းပနိုင်ခဲ့ပါကြောင်း၊ ယခုကျင်းပသည့် သိပ္ပံပြပွဲ တွင် ၀င်ရောက်ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ပြခန်းတွင် လာရောက်ပြသခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ဖြင့်ပြောကြားသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းတို့က နှုတ်ခွန်းဆက်စကားပြောကြားပြီး Australian National University မှ တာဝန်ရှိသူများက သိပ္ပံပညာဆိုင်ရာများအား လက်တွေ့ပြသခဲ့သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်တာဝန် ရှိသူများက သိပ္ပံပွဲခင်းအတွင်း ခင်းကျင်းပပြထားသည့် ပြခန်းများအား လှည့်လှည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါ သိပံ္ပပွဲခင်းကို ကျောင်းသား၊ ကျောင်းသူများအတွက် သိပ္ပံနည်းကျ စဉ်းစားတွေးခေါ်မှုများကိုပြုစု ပျိုးထောင်ပေးရန်၊ သင်ကြားမှုအထောက်အကူပြုပစ္စည်းများ၊ သုတေသနလုပ်ငန်းသုံး စက်ကိရိယာများနှင့် ပတ်သက်သော သိပ္ပံနည်းပညာများ ပြည်သူများအတွင်းအသိပညာပြန့်ပွားလာစေရန်၊ တက္ကသိုလ်များ အကြား၊ တက္ကသိုလ် များနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများ၊ လူမှုစီးပွားရေးအဖွဲ့အစည်းများအတွင်း သုတေသနနှင့်သင်ကြားသင်ယူမှု လုပ်ငန်းများ၏ ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment