Thursday, December 27, 2018

ဒဂုံတက္ကသိုလ် (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် ၂၀၁၈ ဒီဇင်ဘာ ၂၆

































ဒဂုံတက္ကသိုလ် (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက် ၉ နာရီတွင် ရန်ကုန် မြို့ ဒဂုံတက္ကသိုလ်၌ ကျင်းပသည်။ ရှေးဦးစွာဒဂုံတက္ကသိုလ် (၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီးရန်ကုန်တိုင်းဒေကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ဒဂုံတက္ကသိုလ်ကို ၁၉၉၃ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး ယင်းအချိန်တွင် ဘာသာရပ်(၁၁)ခုအားပါမောက္ခချုပ် ဆရာကြီးဦးကောင်းညွန့် အပါအ၀င် ဆရာ(၁၄)ဦးတို့ဖြင့် စတင်သင်ကြားခဲ့ပါကြောင်း၊ ဒဂုံတက္ကသိုလ်ရှိဆရာဆရာမများနှင့် ၀န်ထမ်းများ၏ ကူညီဆောင်ရွက်မှု၊ အားကြိုးမာန်တက် စွမ်းဆောင်မှုတို့ဖြင့် တိုးတက်အောင်မြင်မှုများနှင့်အတူ ယခုအချိန်တွင်ဘာသာရပ်ဌာန(၂၂)ခု၊ ဘာသာရပ်ပေါင်း (၂၆)ခုအထိ သင်ကြားပို့ချပေးနိုင်လျက် ရှိနေပါကြောင်း၊ (၂၅)နှစ်တာ ဖြတ်သန်းခဲ့ရသော ဒဂုံတက္ကသိုလ်ကျောင်းတော်ကြီးကို ချီးကျူးဂုဏ်ယူပါကြောင်းနှင့် ယင်းဖြတ်သန်းခဲ့သည့် အတွေ့အကြုံများမှ ကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်မှုများကိုဆက်လက် အားကောင်းစေရန်နှင့် အခက်အခက် မပြည့်စုံမှု၊ စိန်ခေါ်မှုများကို ပြန်လည်ပျိုးထောင် သင်ကြားသင်ယူလေ့ကျင့်ပေးခြင်း၊ သုတေသနလုပ်ငန်းများကိုလည်း ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြု၊ ကမ္ဘာ့အကျိုးပြု ဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူပြုမည့် တီထွင်ဆန်းသစ်မှုများအထိ ဆောင်ရွက်လာစေရန် ပူးပေါင်းဆောင်ရွက်ကြရန် အခွင့်အလမ်းများရှိလာသည်ကို အမိအရဆုပ်ယူ ယှဉ်ပြိုင်နိုင်စွမ်းရှိလာမည်ဟု ယုံကြည်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို ကျောင်းနေပျော်၍ စာတော်စေရမယ် ဆိုတဲ့ဆောင်ပုဒ်နဲ့အညီသုတ၊ ရသစာပေများကိုစွမ်းဆောင်နေ တဲ့ကျောင်းတော်ကြီးအဖြစ် မြင်တွေ့နေရပါကြောင်း၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ စီမံခန့်ခွဲသူများ အနေဖြင့် ကူညီဆောင်ရွက်ပေးသော ၀န်ထမ်းများ၏စည်းလုံး ညီညွတ်မှုဖြင့် ယခုအောင်မြင်နေသည့် ပြယုဂ်ကသက်သေပြလျက် ရှိပါကြောင်း၊ ယခုအခါတွင် ပြည်တွင်း၌သာမက နိုင်ငံခြားတက္ကသိုလ် များနှင့် ချိတ်ဆက်ပြီး MoA, MoUရေးထိုးပြီး ကျောင်းသားအချင်းချင်း လဲလှယ်ပညာသင်ခြင်း၊ နိုင်ငံခြားတက္ကသိုလ်များသို့ ပညာသင်လေ့လာရေး သွားလာခြင်းများကိုလည်း ဆောင်ရွက်နေပြီဖြစ်သည့်အတွက် များစွာကျေနပ်ပီတိဖြစ်မိပါကြောင်း၊ ဒဂုံတက္ကသိုလ်သည် ဧရိယာကျယ်ဝန်းသည်နှင့်အမျှ ပညာသင်ယူနေသောကျောင်းသား၊ ကျောင်းသူများ အလွန်များသည်ကို တွေ့ရှိရပါကြောင်း၊ နေ့သင်တန်းကျောင်းသားဦးရေ ၂၇၁၁၆ ဦးနှင့် မြန်မာနိုင်ငံတွင် ကျောင်းသားဦးရေအများဆုံးဖြစ်သကဲ့သို့ အဝေးသင်တက္ကသိုလ် ကျောင်းသားဦးရေ ၄၆၀၈၃ ဦးနှင့် မြန်မာနိုင်ငံတွင် အဝေးသင်ကျောင်းသားဦးရေ အများဆုံးဖြစ်ပြီး နှစ်စဉ် ဘွဲ့ရဦးရေ ၄၂၀၀ ခန့်ရှိပါကြောင်း၊ ယနေ့ ၂၁ ရာစုတွင် ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရေး၊ လူမှုပေါင်းသင်း ဆက်ဆံရေးတို့သည် အရေးကြီးသည့်အတွက် အင်္ဂလိပ်စာစွမ်းရည်မြှင့်တင်ရေး၊ အိုင်စီတီနှင့် ခေတ်မီနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားမြှင့်တင်နိုင်ရန် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၏ ဘာသာစကားများကိုလည်း တတ်ကျွမ်းရန် အထူးအရေးကြီးပါကြောင်း၊ ထို့ပြင် တက္ကသိုလ်၏အထူးပြု ဘာသာရပ်များ၏ သင်ရိုးညွှန်းတမ်းများ၊ သင်ကြားသင်ယူမှု နည်းလမ်းများ၊ ပရော့ဂျက်အခြေပြုသင်ယူမှုများ၊ နိုင်ငံတကာတက္ကသိုလ် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများသည်လည်း ဒေသအကျိုး၊ နိုင်ငံအကျိုး၊ ကမ္ဘာ့ဖွံ့ဖြိုး တိုးတက်မှုတို့ကို အထောက်အကူပြုနိုင်ရန်နှင့် လက်တွေ့အသုံးချနိုင်ရန်လည်း အရေးကြီးပါကြောင်း၊ တက္ကသိုလ်များ၏ အသက်သွေးကြောဖြစ်သည့် အသုံးချသုတေသနလုပ်ငန်းများမှ သုတေသနရလဒ်များရရှိရန် ဆောင်ရွက်ခြင်း၊ သုတေသနစာတမ်း ဖတ်ကြားဆွေးနွေးခြင်း၊ ပြည်တွင်း ပြည်ပသုတေသနဂျာနယ်များတွင် သုတေသနစာတမ်းများ ရေးသားနိုင်စွမ်းရှိရန် ဆောင်ရွက်ခြင်းတို့ကို ကမ္ဘာ့တက္ကသိုလ်များမှ ဆရာဆရာမများ သုတေသနပညာရှင်များက အပြိုင်အဆိုင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများအား စာပေတွင်ထူးချွန်ထက်မြက်ပြီး အပြန်အလှန်နားလည်၊ လေးစား၊ ကူညီဖြေရှင်းပေးတတ်၍ တာဝန်ယူ တာဝန်ခံ ပူးပေါင်းဆောင်ရွက်ပြီး တီထွင်ဆန်းသစ် ဖန်တီးပေးတတ်သော လူငယ်များကို ပြုစုပျိုးထောင်သင်ကြား သင်ယူလေ့ကျင့်ပေးစေလိုကြောင်း၊ ဒဂုံတက္ကသိုလ်၏ဆောင်ပုဒ်ဖြစ်သည့် စိတ်ထားကောင်းမြတ်၊ ကျင့်ဝတ်လိုက်နာ၊ ပညာထူးချွန်၊ လူ့ရည်မွန်များ၊ မွေးဖွားရိပ်ခို၊ တို့တက္ကသိုလ် ဟူသည့် ဆောင်ပုဒ်နှင့်အညီ ဆရာ ဆရာမများ၊ စီမံခန့်ခွဲသူများ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် အမိတက္ကသိုလ်၏ တိုးတက်အောင်မြင်မှုများအပေါ် ဆက်လက်ထိန်းသိမ်းကြိုးပမ်း ဆောင်ရွက်ကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် ဒဂုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနုနုရီတို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒဂုံတက္ကသိုလ်(၂၅)နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ဖွင့်လှစ်ပြသထားသည့် သိပ္ပံပြပွဲနှင့် သင်ရိုးအထောက်အကူပြုပြပွဲ ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment