Friday, December 21, 2018
(၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင်ဆုတံဆိပ်များရရှိခဲ့ကြသည့် နိုင်ငံဂုဏ်ဆောင်အားကစားသမားများအားဂုဏ်ပြု
နေပြည်တော် ၂၀၁၈ ဒီဇင်ဘာ ၂၀
(၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲတွင် နိုင်ငံဂုဏ်ဆောင်အားကစားသမားများအားဂုဏ်ပြုသည့်အခမ်းအနားကို ၂၀၊ ၁၂၊ ၂၀၁၈ ရက်နေ့ နံနက် ၁၁:၃၀နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ၀ဏ္ဏသိဒ္ဓိအားကစားရုံ(B) ၌ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အခမ်းအနားသည် ဂုဏ်ပြုထိုက်သူများကိုဂုဏ်ပြုချီးမြှင့်သည့် မင်္ဂလာရှိသောအခမ်းအနားဖြစ်ပါကြောင်း၊ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရယူဆွတ်ခူးနိုင်ခြင်းသည် မိမိနိုင်ငံမိမိလူမျိုးအတွက် ဂုဏ်သိက္ခာအဆင့်အတန်းကို မြှင့်တင်ပေးခြင်းဖြစ်သလို နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားခြင်းဂုဏ်ကို ဖော်ဆောင်ခြင်းလည်းဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့၏ ကြီးကြပ်ကူညီမှုများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများ၊ အားကစားဆပ်ကော်မတီဥက္ကဋ္ဌများ၏ ဦးဆောင်အားပေးပံ့ပိုးမှုများအလှူရှင်များအပြင် အခြားသောပေါင်းစည်းမှုခွန်အားများဖြင့် မြန်မာနိုင်ငံတက္ကသိုလ် အားကစားသမားများသည် အားကစားနည်း(၁၇)နည်းကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာရွှေတံဆိပ်(၂၄)ခု၊ ငွေတံဆိပ်(၂၆)ခု၊ ကြေးတံဆိပ်(၂၉)ခု၊ စုစုပေါင်း ဆုတံဆိပ်(၇၉)ခုရရှိခဲ့ပါကြောင်း၊ ယခုအခါအဆင့်(၄)တွင်ရပ်တည်နိုင်သည်အထိ အောင်မြင်မှုရရှိရန် စွမ်းဆောင်နိုင်ခဲ့ပါကြောင်း၊ အားကစားမောင်မယ်များအနေဖြင့် အားကစားစည်းမျဉ်းစည်းကမ်း ဥပဒေဘောင်အတွင်းမှ အားကစားစိတ်ဓာတ်အပြည့်နှင့် တရားနည်းလမ်းကျစွာ ယှဉ်ပြိုင်အနိုင်ယူပြီး နိုင်ငံတော်အတွက် ရွှေ၊ငွေ၊ကြေးဆုတံဆိပ်များ ဆွတ်ခူးပေးနိုင်ခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ အားကစားနှင့်ပညာရေးပေါင်းစပ်မှုအနေဖြင့် B.Sc(Sport) ကိုဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်တွင် သင်ကြားပေးနေသည့်အတွက် အားကစားဆိုင်ရာ ထူးချွန်လူငယ်များပေါ်ထွက်လာရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ယခုပြိုင်ပွဲအတွေ့အကြုံများကို အခြေခံ၍ နိုင်ငံ့ဂုဏ်ဆောင်တက္ကသိုလ် အားကစားသမားမောင်မယ်များအနေဖြင့် ယခုထက် ပိုမိုအောင်မြင်ရေးအတွက် ဆက်လက် ကြိုးစားနေကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ဇွဲ၊ လုံ့လ၊ ဝီရိယများ၊ ကြိုးပမ်းအားထုတ်လေ့ကျင့်မှုများ၊ စည်းကမ်းလိုက်နာမှုများ၊ အနိုင်မခံအရှုံးမပေးသည့်စိတ်ဓာတ်များဖြင့်နောင်လာမည့်အကြိမ်(၂၀)မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ယခုထက်ပိုမိုအောင်မြင်နိုင်ရေးအလေးအနက်ထားကြိုးပမ်းအားထုတ်ကြရန်တိုက်တွန်းပါကြောင်း (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များအားကစားပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကူညီပူးပေါင်းဆောင်ရွက်ကြသော ၀န်ကြီးဌာနများ၊ အားကစားအဖွဲ့ချုပ်များ၊ အလှူရှင်များ၊ ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျေးဇူးအထူးတင်၍ မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိန်းတို့က (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ရွှေ၊ငွေ၊ကြေးဆုတံဆိပ်ရရှိခဲ့သည့် အားကစားသမားများနှင့် အုပ်ချုပ်၊နည်းပြများအားဂုဏ်ပြုဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမြလေးစိန်တို့က ဆုတံဆိပ်များရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့် အားကစားအဖွဲ့ချုပ်များအား ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်သည်။ ဆက်လက်၍ ရွှေ၊ငွေ၊ကြေးဆုတံဆိပ်များရရှိခဲ့သည့် အားကစားအဖွဲ့များအားဂုဏ်ပြုဆုကြေးငွေများချီးမြှင့်ရာတွင် ပညာရေးဝန်ကြီးဌာနနှင့် အလှူရှင်များကရွှေတံဆိပ်ဆုရှင်များအားကျပ်သိန်း(၅၀)၊ ငွေတံဆိပ်ဆုရှင်များအားကျပ်သိန်း(၃၀)၊ ကြေးတံဆိပ်ဆုရှင်များအားကျပ်သိန်း(၂၀) အားလည်းကောင်း၊ အားကစားအဖွဲ့ချုပ်များကရွှေတံဆိပ်ဆုရှင်များအားကျပ်သိန်း(၃၀)၊ ငွေတံဆိပ်ဆုရှင်များအားကျပ်သိန်း(၂၀)၊ ကြေးတံဆိပ်ဆုရှင်များအား ကျပ်သိန်း(၁၀)အား လည်းကောင်းအသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းကတက္ကသိုလ်များမှ စေတနာ့ဝန်ထမ်းလုပ်အားပေး(Liaison Officer)များ၊ အခမ်းအနားမှူးများနှင့် ဆုဗန်းကိုင်များအားဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်သည်။ ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက နိုင်ငံတကာအားကစားသမားများသွားလာနေထိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးကြသော ဟိုတယ်လုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးအပ်ရာ ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူသည်။ အခမ်းအနားအပြီးတွင် ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment