ရန်ကုန် ၂၀၁၈ ဒီဇင်ဘာ ၃
မြန်မာနိုင်ငံ နိုင်ငံတကာနည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ဗဟိုဌာန (Myanmar UNEVOC Centre)ဖွင့်လှစ်ပွဲနှင့် နည်းပညာ၊ သက်မွေးပညာရေးနှင့်လေ့ကျင့်ရေးဆိုင်ရာ နိုင်ငံအဆင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းနှင့် UNESCO-UNEVOC International Centre for TVET မှ Head Office ဖြစ်သူ Mr.Shyamal Majumader တို့က မြန်မာနိုင်ငံ နိုင်ငံတကာ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဗဟိုဌာန (Myanmar UNEVOC Centre)ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြား ရာတွင် UNEVOC Centre ပေါင်း (၂၉၀)ရှိသည့် UNEVOC ကွန်ရက်တွင် မြန်မာနိုင်ငံလည်း ပါဝင်လာပြီဖြစ် သည့်အတွက် မြန်မာနိုင်ငံ နိုင်ငံတကာနည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဗဟိုဌာန (Myanmar UNEVOC Centre)အနေဖြင့် တက်ကြွစွာပါဝင်ဆောင် ရွက်သွားမည်ဖြစ်ပြီး နည်းပညာနှင့် သက်မွေးပညာ အောင်မြင်ဖြစ် ထွန်းနေသော ကမ္ဘာ့နိုင်ငံများ၏ အတွေ့အကြုံကိုလေ့လာကာ မြန်မာနိုင်ငံ၏ယဉ်ကျေးမှုနှင့် လူမှု စီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အထောက်အကူပြုမည့် သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးနိုင်တော့မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေးစနစ်သို့ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက် လျက်ရှိရာ ပိုမို ပွင့်လင်းမြင်သာသည့် စီးပွားရေးလုပ်ငန်းအမျိုးမျိုးတွင် ပုဂ္ဂလိကကဏ္ဍပါဝင်မှုသည် ပိုမိုအရေးကြီးလာပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအသိုက်အ၀န်းတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းသာမက ဒေသတွင်းလိုအပ်ချက်နှင့်ကိုက်ညီသော နည်းပညာနှင့် သက်မွေးပညာလေ့ကျင့်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပညာရေးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးပန်းတိုင်သို့ရောက်ရှိ အောင်မြင်ရန်အတွက် အထောက်အကူပြုနိုင်မည့် အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း(၂၀၁၆-၂၀၂၁) ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နည်းပညာ၊ သက်မွေးပညာရေးနှင့်လေ့ကျင့်ရေး ကဏ္ဍသည် အရေးပါသည့် အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ပါကြောင်း၊ အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း၏ ရည်မှန်း ချက်တွင် လုပ်သားဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော အရည်အသွေးမြင့်မားသည့် နည်းပညာ၊ သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးကို အဆင့်မြှင့်တင်ရန်နှင့် တိုးတက်ကောင်းမွန်လာသော နည်းပညာနှင့်သက်မွေး ပညာရေး စီမံခန့်ခွဲမှုစနစ်များနှင့် လိုက်လျောညီထွေရှိမည့် သင်တန်းများ ဖွင့်လှစ်လေ့ကျင့်ရန် ရည်ရွယ်ပါ ကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ယူနက် စကို၊ UNESCO-UNEVOC International Centre တို့နှင့်ပူးပေါင်းကာ ဂျာမန်ဖွံ့ဖြိုးရေးအေဂျင်စီ (GIZ) ၏ ထောက်ပံ့မှုဖြင့် နည်းပညာ၊ သက်မွေးပညာရေးနှင့်လေ့ ကျင့်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယနေ့ ဆက်လက်ကျင်းပမည့် နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့် ရေးဆိုင်ရာ နိုင်ငံအဆင့် ဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏နည်းပညာနှင့်သက်မွေး ပညာရေးဆိုင်ရာ အခွင့်အလမ်း များနှင့်ကြုံတွေ့ရသည့် အခက်အခဲ၊ စိန်ခေါ်မှုများနှင့်စပ်လျဉ်းပြီး ဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်မည်ဖြစ်ပါ ကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် UNEVOC ၏ နိုင်ငံတကာအတွေ့ အကြုံများကို ရယူလျက် UNEVOC ကွန်ရက် အဖွဲ့ဝင် Centre များအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး မြန်မာနိုင်ငံ၏နည်းပညာနှင့်သက်မွေး ပညာ ရေး အရည်အသွေး တိုးမြှင့်ရေးအတွက် ရေရှည်မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲနှင့် နောက်တစ်နေ့တွင် ကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲတို့မှ အားလုံးအတွက် တစ်သက်တာ သင်ယူမှုအခွင့်အလမ်းများ မြှင့်တင်ရန်နှင့် အားလုံးပါဝင်သော တန်းတူညီမျှသော အရည်အသွေးမြင့်ပညာရေး သို့ဦးတည်သော ယူနက်စကိုအဖွဲ့ကြီး ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်သို့ ပေါက်မြောက်အောင် မြင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ဖြင့်ပြောကြားသွားပါသည်။ ယင်းနောက် UNESCO-UNEVOC International Centre for TVET မှ Head Office ဖြစ်သူ Mr.Shyamal Majumaderနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း တို့က အမှာစကားပြောကြားသည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက နည်းပညာနှင့်သက်မွေးပညာ လေ့ကျင့် သင်ကြားမှုနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကမ္ဘာ့ပြောင်းလဲမှုဖြစ်စဉ်များ၊ နည်းပညာနှင့်သက်မွေး ပညာရေးကဏ္ဍတွင် အရည်အသွေးကောင်းမွန်သော ကျောင်း၊ အဖွဲ့အစည်း များဖြစ်လာစေမည့် လိုအပ်ချက်များ၊ ကျွမ်းကျင်မှုအရည် အသွေးမြင့်မားသည့် နည်းပညာနှင့်သက်မွေးပညာရေး လေ့လာသင်ယူခြင်းနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment