Sunday, October 15, 2017

၂၀၁၇ ခုနှစ်၊ ကရင်ပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ၂၀၁၇ အောက်တိုဘာ ၁၄


၂၀၁၇ ခုနှစ်၊ ကရင်ပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ၁၄ ရက်နေ့ နံနက် ၈ နာရီတွင်ဘားအံမြို့ ဇွဲကပင်ခန်းမ၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဌ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ စာရင်းစစ်ချုပ်၊ ပြည်နယ်ဥပဒေချုပ် နှင့်တာဝန်ရှိသူများ၊ အမျိုးသားပညာရေးမူဝါဒေကော်မရှင်၊ အမျိုးသားအဆင့် အရည်အသွေးအာမခံမှု ကော်မတီတို့မှ အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ပြည်နယ်အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ လုပ်အားပေးဆောင်ရွက်ကြမည့် တက္ကသိုလ်များမှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ ပညာရေးမိသားစုဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာဘားအံမြို့အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသားကျောင်းသူလေး များက ‘လူတိုင်းအတွက် ပညာရေး’သီချင်းဖြင့် အခမ်းအနားကိုသီဆိုဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးကအဖွင့်အမှာစကားပြော ကြားရာတွင် မြန်မာနိုင်ငံ၌ ၁၉၆၄ ခုနှစ်မှအစပြု၍လူထုအခြေပြု စာတတ်မြောက်ရေး(အသုံးလုံး) လှုပ်ရှားမှုများကို မန္တလေးတိုင်းဒေသကြီးမိထ္တီလာခရိုင် မလှိုင်မြို့နယ် အရှေ့စံပြကျေးရွာက စတင်ခဲ့ကြောင်း။ မြန်မာနိုင်ငံစာတတ်မြောက်ရေးလုပ်ငန်း၏ အောင်မြင်မှုကြောင့်ယူနက်စကိုအဖွဲ့က ချီးမြှင့်သည့် မိုဟာမက်ရီဇာပါလာဗီဆု (၁၉၇၁)နှင့် နိုမာဆု (၁၉၈၃) တို့ကိုရရှိခဲ့ပါကြောင်း။ ပြည်သူလူထု အခြေပြု စာတတ်မြောက်ရေးလုပ်ရှားမှုများကို ခေတ်အဆက်ဆက်တွင် အလေးထားဆောင်ရွက်ခဲ့ သည်ကို တွေ့မြင်ရ ပါကြောင်း၊ ၁၉၉၀ပြည့်နှစ် ထိုင်းနိုင်ငံ ဂျွန်တီယံမြို့တွင် ကျင်းပခဲ့သောလူတိုင်းအတွက် ပညာရေး (Education For All) အစီအစဉ်အရမြန်မာနိုင်ငံတွင် လူတိုင်းအတွက် ပညာရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှု ဗဟိုကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပြီးကျောင်းပညာရေးနှင့် ကျောင်းပြင်ပပညာရေး လုပ်ငန်းများကိုတိုးချဲ့ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ ပညာရေးဝန်ကြီးဌာနက ကျောင်းပြင်ပ ပညာရေး လုပ်ငန်းစဉ် တစ်ခုအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေခဲ့ရသူများနှင့် ကျောင်းနေအရွယ် လွန်သူများအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း၊ စဉ်ဆက် ပညာရေးလုပ်ငန်းအစီအစဉ်များကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း၊ ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်းသည် စာမတတ်သူများဖြစ်ကြပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်နှိုင်းယှဉ်ရာတွင် ရှမ်းပြည်နယ်က စာတတ်မြောက်မှုနှုန်း အနိမ့်ဆုံး ဖြစ်ပြီး ကရင်ပြည်နယ်က ဒုတိယအနိမ့်ဆုံးနှင့် ချင်းပြည်နယ် ကတတိယ အနိမ့်ဆုံးအဖြစ် တွေ့ရှိရပါ ကြောင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ဖွဲ့စည်းပြီးသည့်နောက်ပိုင်း ၂၀၁၆ခုနှစ် အောက်တိုဘာလတွင် ကယားပြည်နယ်လုံးကျွတ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ဇွန်လတွင် ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်ဖြူနှင့် သံတွဲခရိုင်များတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် ၄ (Sustainable Development Goal-SDG 4) အရအားလုံးအကျုံးဝင်၍ မျှတသော အရည်အသွေးပြည့်ဝ သည့်ပညာရေးနှင့် အားလုံးအတွက် ဘဝတစ်သက်တာသင်ယူမှုရရှိရေး အာမခံဆောင်ရွက်နိုင်ရန်၊ အင်ချွန်း ကြေညာချက်နှင့်လုပ်ငန်းစဉ် မူဘောင်တွင် ပါရှိသည့် ၂၀၃၀ ပြည့်နှစ်တွင် လူငယ်နှင့် အရွယ်ရောက် သူများအရေး၊အဖတ်နှင့် အတွက်အချက် တတ်မြောက်စေရန် ရည်မှန်းချက်များကို ပြည့်မီအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်၊ကရင်ပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို အောက်တိုဘာလ(၁၄) ရက်မှ နိုဝင်ဘာလ(၂၂) ရက်အထိစာသင်သား (၉၉၀ )အားဘားအံတက္ကသိုလ်နှင့် တောင်ငူတက္ကသိုလ်များမှ လုပ်အားပေး ကျောင်းသားကျောင်းသူများနှင့် ဒေသခံလုပ်အားပေးစုစုပေါင်း (၂၂၄) ဦးတို့ကစာသင်ရက် (၄၀)အတွင်းတစ်ရက်လျှင် ပျမ်းမျှ (၃) နာရီနုနှုးဖြင့် နာရီပေါင်း (၁၂၀)ကြာသင်ကြားပေးသွားမှာ ဖြစ်ကြောင်း၊စာသင်ဝိုင်းပေါင်း (၁၁၂)ဝိုင်း ရှိပြီးအခြေခံ စာစဉ်များ ဖြစ်သည့်မြန်မာစာနှင့် သင်္ခ࿿ျာတို့ကို လက်တွေ့သင်ကြားပေးမှာဖြစ်ကြောင်း၊ ကရင်ပြည်နယ် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းတွင် ပညာဒါနပြုကြသည့် ကျောင်းသားကျောင်းသူများ၊ ဒေသခံလုပ်အားပေး များအနေဖြင့် ရပ်ရွာအကျိုးပြု ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကိုဆောင်ရွက်ရင်း နိုင်ငံသားကောင်း စိတ်ဓာတ်ပိုမိုရရှိအောင် ဆောင်ရွက်ကြရန်နှင့် မိမိတို့တက္ကသိုလ်၏ဂုဏ်ကိုဆောင်နိုင်ကြရန် အလေးအနက် ထားမှာကြားလိုပါကြောင်း၊ စာသင်ကြားလိုသောဒေသခံ ပြည်သူများအနေဖြင့်လည်း အခြေခံစာတတ် မြောက်ရေးသင်ယူပြီးနောက် စာပေတတ်မြောက်လာပါကဒေသတွင်း ဝင်ငွေတိုးလုပ်ငန်းများနှင့် လုပ်သား ဈေးကွက်များတွင် ဝင်ရောက်နိုင်ရေးအတွက် သက်မွေးပညာသင်ယူရေးလုပ်ငန်းများတွင် ပါဝင်နိုင်မှု အခွင့်အလမ်းများပိုမိုရရှိ နိုင်မှာ ဖြစ်ကြောင်းစသည်ဖြင့် ပြောကြားသည်။ ဆက်လက်၍ ကရင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာတင်ဝင်းကျော်က အမှာစကားပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်မြဲက အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြော ကြားပြီး၊ ကရင်ပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် လုပ်အားပေးနည်းပြ အဖြစ်ဆောင်ရွက်ကြမည့် ကျောင်းသားကျောင်းသူများကိုယ်စားကိုယ်စားလှယ် တစ်ဦးကသင်ကြားရေး တာဝန်ပေးအပ်မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူစကား ပြောကြားသည်။ ယင်းနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီးခင်းကျင်းပြသထားသည့် အခြေခံစာတတ် မြောက်ရေးအထိမ်းအမှတ်ပြခန်းအားလှည့်လည်ကြည့်ရှုခဲ့ကြသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်နေသည့် ဘားအံမြို့နယ် ပန်စိန်ကျေးရွာ၊ မိန်းမရှာ ကျေးရွာနှင့် ယသဝေါ်ကျေးရွာ စာသင်ဝိုင်းများသို့ သွားရောက်၍ စာသင်ကြားသင်ယူနေမှုများကို ကြည့်ရှု အားပေးပြီး စာသင်သားများအား စာရေးကိရိယာပစ္စည်းများပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။




No comments:

Post a Comment