Monday, October 9, 2017

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၊ ဒေးဒရဲမြို့နယ်၊ ကော့မှူးမြို့နယ်ရှိ ကျောင်းများသို့ သွားရောက်


ရန်ကုန် ၂၀၁၇ အောက်တိုဘာ ၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် အောက်တိုဘာ ၇ ရက်နေ့ နံနက် ၁၀ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် ကနိကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားသို့တက်ရောက်သည်။ ရှေးဦးစွာ ကနိကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားအား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွဋ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေနှင့် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေတို့က အဖွင့်မှာစကားပြောကြားသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်မှာစကားပြောရာ ပညာရေးဝန်ကြီးဌာနအနေဖြင့် သင်ယူတတ်မြောက်မှု အခွင့်အလမ်းမြင့်မားရေးအတွက် ကျောင်းအသစ်များတိုးချဲ့ ဖွင့်လှစ်ပေးခဲ့ရာ၂၀၁၁-၂၀၁၂ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း (၄၁၃၆၁)ကျောင်းရှိပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း (၄၆၄၉၃) ကျောင်းအထိ တိုးတက်ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း၊ တိုးတက်လာသည့် ကျောင်းသား ကျောင်းသူများကို သင်ကြားနိုင်ရန် ဆရာ ဆရာမ အသစ်များကိုလည်း ခန့်အပ်ပေးခဲ့သည့်အတွက် ၂၀၁၁-၂၀၁၂ ပညာသင် နှစ်တွင် ဆရာ ဆရာမဦးရေ ၂၇၇၅၈၄ ဦးရှိရာမှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ဆရာ ဆရာမဦးရေ ၃၆၉၆၆၁ ဦးအထိ တိုးမြှင့်ခန့်ထားပြီး ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မည်သည့်ခွဲခြားမှုမျှမရှိဘဲ ကျောင်းသား ကျောင်းသူများကို ကျောင်းအပ်လက်ခံခြင်း၊ အခက်အခဲအကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် ဆုံးရှုံးနေသူများကို ပညာသင်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊ မည်သည့်ငွေကြေး၊ လက်ဆောင်ပစ္စည်းကိုမျှလက်မခံပဲ စေတနာ၊ ဝါသနာ စိတ်ဓာတ်အပြည့်ဖြင့် အနစ်နာခံသင်ကြားလေ့ကျင့်ပေးသည့်အတွက် ၂၀၁၁-၁၂ ပညာ သင်နှစ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း(၈)သန်းရှိသော်လည်း ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် ကျောင်းသား ကျောင်းသူစုစုပေါင်း (၉ ဒသမ ၁)သန်းထိ တိုးတက်လာခဲ့ပါကြောင်း၊ ယခင်က ၁၁ တန်း အခြေခံပညာရေးစနစ်ကို နိုင်ငံတကာတွင်ကျင့်သုံးနေသည့် KG+12 အခြေခံပညာရေးစနစ်ကို စတင်ကူးပြောင်းနေပြီဖြစ်ပါကြောင်း၊ သူငယ်တန်းနှင့် မူလတန်း သင်ရိုးညွှန်းတမ်းများနှင့် ကျောင်းသုံးပြဋ္ဌဌာန်းစာအုပ်များ၊ ဆရာလမ်းညွှန်စာအုပ်များကို ဂျပန်နိုင်ငံ JICA နှင့်ပူးပေါင်း ရေးဆွဲလျက်ရှိပြီး အလယ်တန်း၊ အထက်တန်းသင်ရိုးညွှန်းတမ်းများကို အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၊ ဥရောပသမဂ္ဂ(EU)တို့နှင့်ပူးပေါင်း ရေးဆွဲလျက်ရှိပါကြောင်း၊ သူငယ်တန်းသင်ရိုးသစ်ကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စတင်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် Grade-1 သင်ရိုးအသစ်ကို စတင်သင်ကြားနေပြီဖြစ်ပါကြောင်း၊ Grade-12 အထိ သင်ရိုးညွှန်းတမ်းအသစ်များကို ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ရေးဆွဲပြီးစီးမည် ဖြစ်ပါကြောင်း၊ ယင်းသင်ရိုးညွှန်းတမ်းအသစ်များတွင် ကျောင်းသားဗဟိုပြု သင်ကြားနည်းစနစ်ကို ဦးတည်ရေးဆွဲထားပြီး ကျောင်းသား၊ ကျောင်းသူများ၏စဉ်းစားဝေဖန်ပိုင်းခြားနိုင်သည့် စွမ်းရည်၊ တီထွင်ဖန်တီးနိုင်သည့် စွမ်းရည်၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်သည့် စွမ်းရည် အစရှိသည့် စွမ်းရည်များကို အသုံးချပြီး လေ့လာသင် ယူနိုင်ရန် ရေးဆွဲလျက်ရှိပါကြောင်း၊ အလွတ်ကျက်မှတ်သင်ကြားနည်းမှ စဉ်းစားတွေးခေါ်မှုများကို ပိုမိုအား ကောင်းလာစေရေးအတွက် ဆရာ၊ ဆရာမအားလုံး စနစ်သစ်သင်ရိုးညွှန်းတမ်းအသစ်များ၏သင်ကြားနည်း စနစ်များကို သိရှိနားလည်နိုင်ရန် သင်တန်းများပို့ချလျက်ရှိပါကြောင်း၊ အရည်အသွေးပြည့်ဝသော ပညာရေးကို အကောင်အထည်ဖော် နိုင်ရန်အတွက် လိုအပ်ချက်၊ အခက်အခဲ၊ စိန်ခေါ်မှုများဖြစ်သည့် ဆရာ၊ ကျောင်းဆောင်၊ စာသင်ခန်း၊ စာသင်ခုံ၊ သန့်စင်ခန်း၊ သန့်ရှင်းသောရေ၊ သင်ထောက်ကူ ပစ္စည်းများ၊ စာကြည့်တိုက်၊ သိပ္ပံခန်း၊ အားကစား၊ ပန်းချီ၊ ဂီတ၊ အနုပညာ စသည်တို့ကို ဖြည့်ဆည်းပံ့ပိုးပေး နိုင်ရန်အတွက်လည်း အရေးကြီး ပါကြောင်း၊ သို့သော် နိုင်ငံတော်၏ခွင့်ပြုဘဏ္ဍဍာငွေဖြင့် ဖြည့်ဆည်းပေးရခြင်းဖြစ်သည့်အတွက် ညီတူမျှတ လိုအပ်ချက်များသည့် ဒေသများကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးများသည် ပညာရေးနှင့်ဆက်စပ်နေ၍ မူလတန်းပညာ သင်ယူနေသူအားလုံး မူလတန်းပညာသင်ယူပြီးမြောက်၍ အလယ်တန်း၊ အထက်တန်းဆင့်များကို ဆက်လက်သင်ယူ ပြီးမြောက်ရေးနှင့် ကျောင်းသား ကျောင်းသူများ၏ဝါသနာ၊ အရည်အချင်းများအရ အသက်မွေးဝမ်းကျောင်း သင်တန်းများနှင့် အဆင့်မြင့်ပညာရေးတို့ကို ဆက်လက်သင်ယူနိုင်ရန် ပြည်သူနှင့်အတူ ဦးတည်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေမြဲရေးနှင့် ကျောင်းထွက်သူပပျောက်ရေးကိုလည်း ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများအား ပူးပေါင်းဆောင်ရွက်တတ်၍ တာဝန်ယူ တာဝန်ခံပြီး တီထွင်ကြံဆနိုင်သော လူသားကောင်းများ ဖြစ်လာစေရေးနှင့် ဒေသဖွံ့ဖြိုးရေး၊ တိုင်းပြည်ဖွံ့ဖြိုးရေး အထောက်အကူပြုဖော်ဆောင် ရွက်နိုင်မည့် လူငယ်မောင်မယ်များဖြစ်အောင် ပြုစုပျိုးထောင် သင်ကြားသင်ယူလေ့ကျင့်နိုင်ရေး ပူးပေါင်းဆောင်ရွက် ပေးကြစေလိုပါကြောင်းဖြင့် ပြောကြားသည်။ ယင်းနောက် ကနိအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်မေငြိမ်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးကြိုင် တို့က ကျေးဇူးတင်စကား ပြောကြားကြပြီး ဖျာပုံမြို့မှ အလှူရှင်များက ကနိအခြေခံပညာအထက်တန်းကျောင်းသို့ အလှူငွေများ ပေးအပ်ကြရာ ကျောင်းအုပ်ဆရာမကြီးက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။ ထိုမှတစ်ဆင့် ပညာရေးဝန်ကြီးနှင့်တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ဖျာပုံမြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ဖျာပုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများနှင့် တွေ့ဆုံပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းများသို့ရောက်ရှိပြီး စာသင်ခန်းများ၊ ကျောင်းဆောင်များအား လှည့်လှည်ကြည့်ရှုသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ညနေပိုင်းတွင် ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ကျင်းပပြုလုပ် သည့် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ဆုရ ကျောင်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ဂုဏ်ထူးသင် ဆရာ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲသို့တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့ရှိ ဘိုကလေးပညာရေးကောလိပ်မှ မူလတန်း ဆရာအတတ် စာပေးစာယူ တစ်နှစ်သင်တန်း သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် အောက်တိုဘာ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် သဲကုန်းကလေးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၊ လေးအိမ် ကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၊ များသို့ရောက်ရှိပြီး စာသင်ခန်းများ၊ ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒေးဒရဲမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ကျောင်းနှင့် ထူးချွန်ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက်ပြီး ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကော့မှူးမြို့နယ် အတွင်းရှိ ပညာရေးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
















No comments:

Post a Comment