Saturday, October 28, 2017
Training Course for 8th Model ASEM Myanmar Youths သင်တန်းဖွင့်ပွဲကျင်းပ
ရန်ကုန် ၂၀၁၇ အောက်တိုဘာ ၂၈
Training Course for 8th Model ASEM Myanmar Youths သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပညာရေးမူဝါဒကော်မရှင် ဒုတိယဥက္ကဋ္ဌဌ ဒေါက်တာဦးညီလှငယ်နှင့် အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က အဖွင့်အမှာစကားပြောကြားကြသည်။ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကားပြောကြားရာတွင် The Asia-Europe Meeting(ASEM)ကို ၁၉၉၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး အာရှနှင့် ဥရောပနိုင်ငံများအကြား ဆွေးနွေးညှိနှိုင်းမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရန် ကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ ပါဝင်သော မိတ်ဖက်(၅၃)နိုင်ငံတွင် ဥရောပနိုင်ငံ(၃၀) အာရှနိုင်ငံ(၂၀) ဥရောပသမဂ္ဂနှင့် ASEAN Secretariat တို့ပါဝင်ပါကြောင်း၊ ASEM အစည်းအဝေးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပညာရေးပြဿနာများကို အပြန်အလှန် လေးစားမှုနှင့်တူညီသော မိတ်ဖက်ပြုမှုတို့အပေါ်တွင် အခြေခံ၍ ဆွေးနွေးကြပါကြောင်း၊ Model ASEM ကို ASEM Meeting တွဲဖက်ဆောင်ရွက်ခဲ့ပြီး (၁၃)ကြိမ်မြောက် ASEM Meeting ကို နေပြည်တော် MICC-1 တွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာ(၂၀)ရက်နေ့မှ (၂၁)ရက်နေ့အထိ ကျင်းပပြီး (၈)ကြိမ်မြောက် Model ASEM ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ (၁၇)ရက်နေ့မှ (၂၉) ရက်နေ့ထိ နေပြည်တော် MICC-2 တွင် ကျင်းပမည် ဖြစ်ပါကြောင်း၊ 8th Model ASEM တွင် ဥရောပနိုင်ငံ(၃၀)နှင့် အာရှနိုင်ငံ(၂၁)နိုင်ငံမှ လူငယ် (၉၈)ဦး ပါဝင်မည်ဖြစ်ပြီး မြန်မာလူငယ်(၅၆)ဦး ပါဝင်ကြမည်ဖြစ်ပါကြောင်း၊ အထူးခြားဆုံးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်အရ မြန်မာတိုင်းရင်းသားများဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းတိုင်းရင်းသား(၅)ဦးစီကို ပညာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဦးစီးဌာနများက ညွှန်ကြားရေးမှူးချုပ်များက ပြည်နယ်များသို့ ကွင်းဆင်းစည်းရုံးစေခဲ့ပါကြောင်း၊ အဆိုပါ တိုင်းရင်းသား လူငယ်(၅၃)ဦးအပြင် ကျန်(၂၁)ဦးကို ASEF မှ တိုက်ရိုက်ရွေးချယ်ခဲ့ရာ မြန်မာလူငယ်(၅၆)ဦးတွင် မြန်မာတိုင်းရင်းသားများအားလုံး ပါဝင်လျက်ရှိကြောင်း တွေ့ရှိရသဖြင့် မြန်မာတိုင်းရင်းသားများအားလုံး စုစည်းပါဝင်သည့် 8th Model ASEM သည် အလွန်ထူးခြား၍ ပြည်ထောင်စုအနှစ်သာရများနှင့် ပြည့်စုံလျက်ရှိပါကြောင်း၊ 8th Model ASEM ကို နိုင်ငံခြားရေးဝန်ကြီးများ၊ နိုင်ငံခေါင်းဆောင်များ ကဲ့သို့ 8th Model ASEM လူငယ်များအနေဖြင့် Political Prllar, Economic Pillar, Social, Cultrual& Education Pillar တို့ကိုဆွေးနွေးကြမည်ဖြစ်သဖြင့် ယခု 8th Model ASEM သည် အလွန်အရေးပါသော ဆွေးနွေးပွဲတစ်ရပ်ဖြစ်ပါကြောင်း၊ 8th Model ASEM တွင် Panel discussion များ၊ Trainings များ၊ Thematic Working Groups များ၊ Bilateral Meetings များနှင့် Group Meetings များ ပါဝင်ကြောင်း သိရှိရပါကြောင်း၊ သို့ဖြစ်၍ အစည်းအဝေးတွင် မြန်မာလူငယ်များအနေဖြင့် ဘာသာရပ်အလိုက် အကြောင်းအရာများကို ကြေကြေညက်ညက် ဆွေးနွေးကြရန်နှင့် နိုင်ငံကြီးသားပီသစွာ သံတမန်စေ့စပ်ညှိနှိုင်းမှု (Diplomatic Negotiations)များ ဆောင်ရွက်ကြရမည်ဖြစ်သဖြင့် အရေးကြီးသော နိုင်ငံ့ဂုဏ်ဆောင်လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် 8th Model ASEM မြန်မာလူငယ်များ အင်္ဂ္လိပ်စာနှင့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုများ ရရှိစေရန် ယနေ့ အောက်တိုဘာ(၂၈)ရက်မှ နိုဝင်ဘာ(၁၄)ရက်နေ့အထိ လေ့ကျင့်သင်ကြားမှုများကို အလေးအနက်ထား ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ယင်းလေ့ကျင့်ရေးအစီအစဉ်တွင် ဘာသာရပ် (၉)ခုပါဝင်ပြီး ゞင်းတို့မှာ နိုင်ငံတကာဆက်ဆံရေး၊ ဥပဒေ၊ သံတမန်ဆက်ဆံရေးပညာ၊ အိုင်စီတီ၊ ပထဝီ ဝင်၊ စီးပွားရေး၊ ပညာရေး၊ အင်္ဂ္လိပ်စာနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုတို့ ပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊ ယင်းဘာသာရပ်တစ်ခုစီတွင် ကျယ်ပြန့်သည့် ခေါင်းစဉ်များပါဝင်ပြီး အကြမ်းဖက်မှုမဖြစ်ပေါ်စေရေး၊ ဆင်းရဲမှုလျှော့ချရေး၊ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာနှင့် ရာသီဥတုပြောင်းလဲမှု၊ ပတ်ဝန်းကျင် ထိန်းသိမ်းမှုများနှင့် သက်ဆိုင်သော အကြောင်းအရာများ ပါဝင်သည်ကို သိရှိရပါကြောင်း၊ လေ့ကျင့်သင်ကြားသူများအနေဖြင့် အင်္ဂ္လိပ်ဘာသာဖြင့် သင်ကြားခြင်း၊ ဆွေးနွေးဖလှယ်ခြင်း၊ ကိုယ်တိုင်လေ့လာစေခြင်း စသည့် သင်ကြားနည်းမျိုးစုံတို့ဖြင့် ပေါင်းစပ်ဆောင်ရွက် ကြမည်ဖြစ်သည်ကို သိရှိရပါကြောင်း၊ ယခုသင်တန်းအပြီးတွင် မြန်မာလူငယ်များအနေဖြင့် Public speaking skills, Negotiation & Problem-solving skills, Meeting skills, Debating, Roundtable discussion, Consensus Building and Moderation Skills ပညာအပြည့်အဝရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ 8th Model ASEM သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံနှင့်လူမျိုးများ၏ပုံရိပ်ကို အဓိကထင်ဟပ်စေ မည်ဖြစ်သည့်အတွက် ယနေ့ဖွင့်လှစ်သည့် သင်တန်းကို အလေးထား ကြိုးစား ဆောင်ရွက်ကြပြီး နိုင်ငံတကာအသိုင်းအဝိုင်းတွင် မြန်မာနိုင်ငံ အတွက်နာမည်ကောင်းတစ်ခု ဖော်ဆောင်ပေးကြစေလို ကြောင်းဖြင့် ပြောကြားသည်။ အဆိုပါ Training Course for 8th Model ASEM Myanmar Youths သင်တန်းကို အောက်တိုဘာ(၂၈)ရက်မှ နိုဝင်ဘာ(၁၄)ရက်နေ့ အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment