Monday, October 30, 2017

မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဆု (၂၀၁၆)နှင့် တစ်ဆယ့်ခုနစ်ကြိမ်မြောက် သုတေသနအကောင်းဆုံးစာတမ်းဆု ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ











ရန်ကုန် ၂၀၁၇ အောက်တိုဘာ ၃၀


မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဆု(၂၀၁၆)နှင့် တစ်ဆယ့်ခုနစ်ကြိမ်မြောက် သုတေသန အကောင်းဆုံးစာတမ်းဆု ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ၁၉၉၁ ခုနှစ်မှ စတင်တည်ထောင်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့သည် ယခုအခါ သက်တမ်း(၁၈) နှစ်ကျော် ခိုင်မာစွာရပ်တည်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့သည် ရည်ရွယ်ချက်(၅)ရပ်ကို အခြေခံကာ လုပ်ငန်းတာဝန်(၈)ရပ်အပေါ် အခြေခံပြီး လုပ်ငန်းအဖွဲ့(၄)ဖွဲ့ ဖွဲ့စည်းကာ နိုင်ငံတော်၏ဖွံ့ဖြိုး တိုးတက်ရေး တည်ဆောက်ရာတွင် လိုအပ်သည့် အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်အတွက် အားထားရာ တက္ကသိုလ် ပညာရပ်များဖွံ့ဖြိုးရန်အတွက် အဓိကလိုအပ်ချက်ဖြစ်သည့် သုတေသနလုပ်ငန်းများ တိုးတက်ဖော်ဆောင်နိုင်ရေးအတွက် သုတေသနစာတမ်းဖတ်ပွဲများကို (၁၈)နှစ်ကာလအတွင်း (၁၇)ကြိမ် ကြီးမှူးကျင်းပနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့အတွက် ကြီးမားသော မှတ်တိုင်စိုက်ထူနိုင်ခဲ့သကဲ့သို့ ပညာရပ်နယ်ပယ် အသီးသီးအတွက် ၂၀၁၆ ခုနှစ်ထိ စာတမ်းပေါင်း(၃၂၆၄)စောင် ဖတ်ကြားတင်သွင်းနိုင်ခဲ့ပြီး ယခုနှစ်တွင် စာတမ်းစောင်ရေ အများဆုံးအဖြစ် စာတမ်းပေါင်း(၃၁၈)စောင် ဖတ်ကြားခဲ့ပြီး စာတမ်း စုစုပေါင်း(၃၅၈၂)စောင် တင်သွင်းဖတ်ကြားနိုင်ခဲ့ခြင်းကိုလည်း ဂုဏ်ယူမိပါကြောင်းဖြင့် ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့က အကောင်းဆုံးစာတမ်းများကို ၂၀ဝ၅ ခုနှစ်မှစတင်ပြီး ပညာရပ်ဆိုင်ရာဆုများ ပေးခဲ့ပါကြောင်း၊ အလားတူ ၂၀ဝ၇ ခုနှစ်မှစတင်ပြီး သုတေသနကျမ်းများကို ပညာရှင်ကြီးများက စိစစ်ရွေးချယ်ပြီး "မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဆု"များ အပ်နှင်းခဲ့ပါကြောင်း၊ အကောင်းဆုံး စာတမ်းများကို မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့က ချမှတ်ထားသည့် နိုင်ငံတော်အတွက် အကျိုးပြုမှု၊ ဘာသာရပ်အတွက် အကျိုးပြုမှု၊ ပင်ကို(Original)ဖြစ်မှု၊ သုတေသနလုပ်ဆောင်ရာတွင် စနစ်ကျနမှု၊ တင်ပြပုံ စနစ်ကျနမှု စသည့် စံ(၅)ချက်ကို အသုံးပြုပြီး ဘာသာရပ်ဆိုင်ရာ ဝါရင့်သမ္ဘာရင့် ပညာရှင်များက စိစစ်အကဲဖြတ် ရွေးချယ်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ သုတေသနစာတမ်းဖတ်ပွဲများ နှစ်စဉ်ကျင်းပလာနိုင် သည်နှင့်အမျှ သုတေသနအရည်အသွေးများ တိုးတက်လာသကဲ့သို့ သုတေသန လုပ်ငန်းများကို ထူးချွန်စွာ ပြုစုတင်သွင်းနိုင်သည့်အတွက် ဆုချီးမြှင့်ခြင်းခံရသူ ပညာရှင်သုတေသီများကလည်း မိမိတို့ပညာရပ် နယ်ပယ် အသီးသီးတွင် သုတေသနလုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နေကြသည်ကို သိရှိပါကြောင်း၊ တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းအသီးသီးမှ ပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုများကို ပညာရပ်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ပြီး ပညာရှင်ကြီးများ၏အားတက်သရော ကြီးကြပ်လမ်းညွှန်ပေးခြင်းဖြင့် သုတေသနလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက် လာနိုင်သည်ကို သုံးသပ်မိပါကြောင်း၊ ယခုလက်ရှိ ရထားပြီးဖြစ်သည့် ခိုင်မာသည့် လုပ်ငန်းအရှိန်အဟုန်ကို ဆက်လက်တည်တံ့နိုင်ရေး ပိုမိုမြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဝင်များ၊ ပညာရှင်များ၊ သုတေသီများက ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ တက္ကသိုလ်၊ ကောလိပ်နှင့် ကျောင်းအသီးသီးရှိ သုတေသီများကလည်း ပိုမိုအားထုတ် လေ့လာသင်ယူရင်း မိမိတို့၏ဘာသာရပ်အလိုက် ဖြည့်ဆည်းဆောင်ရွက် ကြစေလိုကြောင်းဖြင့် ဆက်လက်ပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဒုတိယဥက္ကဌ ဒေါက်တာကြည်ကြည်လှက နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ အလုပ်အမှုဆောင် ဒေါက်တာဒေါ်သန်းနွဲ့က မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဆု (၂၀၁၆)ဆု (၉)ဆုအားလည်းကောင်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ အဖွဲ့ဝင် ဒေါက်တာဇော်ဌေးက (၁၇)ကြိမ်မြောက် သုတေသနစာတမ်း အကောင်းဆုံးစာတမ်းဆု (၂၅) ဆုအားလည်းကောင်း ဖတ်ကြားတင်ပြခဲ့ကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဆု(၂၀၁၆)ဆုများနှင့် (၁၇)ကြိမ်မြောက် သုတေသနစာတမ်း အကောင်းဆုံးစာတမ်းဆု ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဆု (၂၀၁၆)ဆုရရှိကြ သူများကိုယ်စား မကွေးတက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာကြည်ကြည်ဝင်းနှင့် (၁၇)ကြိမ်မြောက် သုတေသနစာတမ်း အကောင်းဆုံးစာတမ်းဆု ဆုရရှိကြသူများကိုယ်စား မုံရွာတက္ကသိုလ်မှ ကထိက ဒေါက်တာဒေါ်အိအိမွန်တို့က ကျေးဇူးတင် စကားပြောကြားခဲ့သည်။ အဆိုပါ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဆု(၂၀၁၆)နှင့် တစ်ဆယ့်ခုနစ်ကြိမ်မြောက် သုတေသန အကောင်းဆုံးစာတမ်းဖတ်ပွဲတွင် စာတမ်းရှင်များက စာတမ်း(၃၁၈)စောင် ဖတ်ကြားတင်ပြခဲ့ကြပြီး ပညာရှင်ဆုအတွက် ဘာသာရပ်(၁၂)ခုမှ ကျမ်းပေါင်း(၂၇)ခု ဖတ်ကြားတင်သွင်းခဲ့ရာ ဝိဇ္ဇာပညာရပ်အတွက်(၄)ဆု၊ သိပ္ပံပညာရပ်အတွက်(၃)ဆုနှင့် လူမှုရေးပညာရပ်အတွက်(၂)ဆု စုစုပေါင်း(၉)ဆုနှင့် အကောင်းဆုံးစာတမ်း(၂၅) စောင် ရွေးချယ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


No comments:

Post a Comment