နေပြည်တော် ၂၀၁၇ အောက်တိုဘာ ၁
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန တောင်ငူပညာရေးကောလိပ် မူလတန်းဆရာအတတ် စာပေးစာယူ တစ်နှစ်သင်တန်း အမှတ်စဉ် (၃၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၁၂) နာရီတွင် အဆိုပါကျောင်းရှိ မြတ်ပညာခန်းမတွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း(၂၀၁၆-၂၁)ပါ ပညာရေးကဏ္ဍဍ ပြုပြင်ပြောင်းလဲမှု ဦးစားပေးလုပ်ငန်းစဉ်များတွင် ပညာရေးဝန်ကြီးဌာန အနေဖြင့် မူလတန်းကျောင်းသား ကျောင်းသူအားလုံး မူလတန်းပညာ သင်ယူပြီးမြောက်ပြီး အလယ်တန်းပညာနှင့် အထက်တန်းပညာကို အဆင့်ဆင့်တိုးမြှုင့်ကာ သင်ယူခွင့်များရရှိအောင် ဆောင်ရွက်နေပါကြောင်း၊ မူလတန်းပညာ သင်ယူနေသူအားလုံး သင်ယူပြီးမြောက်ရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာသင်ယူရန် အခက်အခဲရှိသည့် ကလေးများအတွက် အလေးထားဆောင်ရွက်သော ပညာရေးအစီအစဉ်များကို ပိုမိုကောင်းမွန်အောင် အားပေးမြှင့်တင် ဆောင်ရွက်နေပါကြောင်း၊ အရည်အသွေးမြင့်သော ပညာရေးစနစ် ဖော်ဆောင်ရာတွင် စွမ်းဆောင်ရည် မြင့်မားသော ဆရာဆရာမများ အထူးလိုအပ်သည်ဖြစ်၍ ဆရာ ဆရာမ သင်တန်းသားများအားလုံး ကြိုးစားပူးပေါင်း ဆောင်ရွက်နေကြရမည် ဖြစ်ပါကြောင်း၊ ပညာရေးအခွင့်အလမ်း၊ ပညာရေးအရည်အသွေး၊ ပညာရေးသာတူညီမျှမှု၊ လူတိုင်းအကျုံးဝင်မှုနှင့် အကျိုးရှိ ထိရောက်မှုများကို အလေးပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဆရာ ဆရာမ သင်တန်းသားများအနေဖြင့် Grade-1, Grade-2, Grade-3 ကျောင်းသားကျောင်းသူများ အားလုံး အဖတ်၊ အရေး၊ အတွက်များ သင်ယူတတ်မြောက်ရေး ကြိုးပမ်း ဆောင်ရွက်ရန်နှင့် မူလတန်းပညာ သင်ယူပြီးမြောက်ရေး အရေးကြီးပါကြောင်း၊ ဆရာ ဆရာမ သင်တန်းသားတို့ အနေဖြင့် ကျောင်းသားကျောင်းသူများအား လူသားကောင်းများဖြစ်အောင် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့် ကောင်းများရရှိအောင်၊ တာဝန်ယူ တာဝန်ခံ ဆောင်ရွက်သော စိတ်ဓာတ်ရှိအောင်၊ တီထွင်ကြံဆတတ်အောင်၊ သင်ကြားလေ့ကျင့်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းနှင့် အရည်အသွေးရှိသော ပညာရေးစနစ် ဖြစ်ထွန်းအောင်မြင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ပညာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment