Wednesday, October 18, 2017
(၁၀)ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ပြပွဲကျင်းပ
နေပြည်တော် ၂၀၁၇ အောက်တိုဘာ ၁၈
သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုကဏ္ဍဍများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ (၁၀)ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ရက်သတ္တပတ်နှင့် အာဆီယံ သိပ္ပံနှင့် နည်းပညာပြပွဲ၊ ဆွေးနွေးပွဲများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနအမှတ်(၂)၌ ကျင်းပသည်။
ရှေးဦးစွာ အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုပြပွဲအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် လာအိုနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန ဒုတိယဝန်ကြီး H.E.Mr. Houmphanh INTHARATH တို့က ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယခုပြပွဲ၌ တီထွင်ဆန်းသစ်မှုတွင် စိတ်ပါဝင်စားကြသည့် လူငယ်များအကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပေးနိုင်မည် ယုံကြည်ပါကြောင်း၊ လူငယ်များအနေဖြင့် တီထွင်ဆန်းသစ်မှုများအတွင်း တွေ့ ကြုံရသည့် အခက်အခဲများကို အတူတကွ ဖြေရှင်းနိုင်မည့်အပြင် သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုမှ တစ်ဆင့်ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ကွန်ဗင်းရှင်းဗဟိုဌာနအတွင်း ခင်းကျင်းပြသထားသည့် ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများ ကိုယ်တိုင်တီထွင်ဖန်တီးထားသည့် နည်းပညာဆိုင်ရာပြခန်းများ၊ ဗီယက်နမ်၊ လာအို၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ လူမှုအသုံးချသိပ္ပံဆိုင်ရာ ပြခန်းများ၊ အိန္ဒိယနိုင်ငံ၊ ဥရောသမဂ္ဂနှင့် U.S Aid တို့မှ ပြခန်းများ၊ ပြည်တွင်းရှိ နည်းပညာကုမ္ပဏီများ၏ ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။ အာဆီယံနိုင်ငံများအတွင်း တီထွင်ဆန်းသစ်မှု၊ ယှဉ်ပြိုင်မှု၊ တက်ကြွစွာဆေင်ရွက်မှု၊ ရေရှည် တည်တံ့ခြင်းနှင့် စီးပွားရေးအရ ဘက်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် အထောက်အကူ ဖြစ်ရန်၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အာဆီယံ ဒေသအတွင်း ASEAN Science and Technology Week များကို ၁၉၈၆ ခုနှစ်မှစတင်၍ ၃ နှစ် တစ်ကြိမ် ကျင်းပခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ ကျင်းပသည့် အာဆီယံ သိပ္ပံနှင့် နည်းပညာ ကော်မတီ အစည်းအဝေးတွင် အာဆီယံ သိပ္ပံနှင့် နည်းပညာရက်သတ္တပတ်အား အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ရက်သတ္တပတ် (ASEAN Science, Technology and Innovation Week - ASEAN STI Week)အဖြစ် အမည်ပြောင်းလဲကျင်းပရန် သဘောတူညီခဲ့ကြသည်။ (၁၀) ကြိမ်မြောက် အာဆီယံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ရက်သတ္တပတ်ကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်ပြီး ゞင်းပွဲနှင့်အတူ (၁၇)ကြိမ်မြောက် အာဆီယံ သိပ္ပံနှင့် နည်းပညာဝန်ကြီးအဆင့် အစည်းအဝေး၊ (၇၃) ကြိမ်မြောက် အာဆီယံ သိပ္ပံနှင့် နည်းပညာကော်မတီ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာ ၂၀ ရက် အထိ ကျင်းပသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment