Thursday, October 26, 2017
သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်မှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသုတေသနစီမံကိန်း ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကျင်းပ
နေပြည်တော် ၂၀၁၇ အောက်တိုဘာ ၂၆
ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် ဂျပန်နိုင်ငံ၊ JST-JICA တို့ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ် ဒဏ်ခံနိုင်မှုစနစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသုတေသနစီမံကိန်း ပေါင်းစပ်ညှိနိုင်းရေးကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကိုအောက်တိုဘာလ (၂၆) ရက်နေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပရာပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးတက်ရောက် အဖွင့်အမှာစကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံသည် သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့နေရသောနိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ သဘာဝ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုနှင့် စီမံခန့်ခွဲမှုသည် အရေးကြီးသည့် အခန်းကဏ္ဍဍတွင် ပါဝင်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် ဒဏ်ခံကြိုတင်ကာကွယ်ရေးဆိုင်ရာ အတတ်ပညာများ ပြန့်ပွားလာစေရေးတို့အတွက် ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်နည်းပညာတက္ကသိုလ်မှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လျော့ပါးရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏အရေးပါသော အဆင့်မြင့်ပညာရေးကဏ္ဍဍ၏ သုတေသန စွမ်းဆောင်ရည်တိုးမြှင့်ရေးနှင့် ပညာအခြေပြုလူမှုစီးပွားရေးအသိုက်အဝန်းအတွက် Knowledge Hub တစ်ခုဖြစ်လာစေရေးအတွက် စွမ်းဆောင်ရာတွင် သုတေသနလုပ်ငန်းနယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများကို ပညာရေးဝန်ကြီးဌာနအနေဖြင့် ကြိုဆိုပါကြောင်း၊ နည်းပညာပူးပေါင်းဆောင်ရွက်ရာတွင် အခက်အခဲများနှင့် စိန်ခေါ်မှုများ ရှိနိုင်သော်လည်း ရည်မှန်းချက်ရောက်ရှိအောင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ အဆိုပါအစည်းအဝေး၌ ရှေးလုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးကြပြီ ရှေ့ဆက်ဆောင်ရွက် ကြမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သဘောတူညီချက်များရရှိခဲ့ပါသည်။ အဆိုပါစီမံကိန်းတွင် မြန်မာနိုင်ငံ၊ ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် ဂျပန်နိုင်ငံ၊ Japan Science and Technology Agency (JST) and Japan International Cooperation Agency (JICA) တို့၏ သုတေသနအစီအစဉ်တစ်ခုဖြစ်သည့် SATREPS 2014: “Development of a Comprehensive Disaster Resilience System and Collaboration Platform in Myanmar” သုတေသန စီမံကိန်းကို (၂၀၁၅-၂၀၂၀) အထိ (၅) နှစ် စီမံကိန်းဖြစ်ပြီး ပြည်တွင်းရှိ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဂျပန်နိုင်ငံ၊ တိုကျိုတက္ကသိုလ်ဦးဆောင်သည့် အဖွဲ့ဝင်သုတေသနဌာနများဖြင့် သုတေသနလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ သုတေသနပရိုဂျက်မှ တာဝန်ရှိသူများနှင့် ဂျပန်နိုင်ငံ၊ တိုကျိုတက္ကသိုလ်မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment