Tuesday, October 24, 2017
တစ်ကမ္ဘာလုံးဆိုင်ရာစီးပွားရေး၌ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် အခွင့်အရေးများအကြောင်းအကြံပေးခြင်းနှင့် သင်တန်း၏နောက်ဆက်တွဲ အစည်းအဝေးကျင်းပခြင်း
နေပြည်တော် ၂၀၁၇ အောက်တိုဘာ ၂၃
ပညာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့တို့ ပူးပေါင်း၍ တစ်ကမ္ဘာလုံး ဆိုင်ရာစီးပွားရေး၌ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် အခွင့်အရေးများအကြောင်းအကြံပေးခြင်းနှင့် သင်တန်း၏ နောက်ဆက်တွဲ အစည်းအဝေးကျင်းပခြင်း (Advanced Training and Advisory Program on Intellectual Property Right in the Global Economy for the Least Developed Countries-LDCs) ၏ Follow-up Meeting ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိKempinskiဟိုတယ်၌ ကျင်းပရာပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာ နိုင်စေရန်နှင့် နိုင်ငံတစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရေးကြီးသော ကဏ္ဍဍတစ်ခုဖြစ်ရုံသာမက ကဏ္ဍဍအသီးသီးတွင် တီထွင်ဖန်တီးမှုများမှ အကျိုးကျေးဇူးများ များစွာပေါ်ပေါက်လာနိုင်ပါကြောင်း၊ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်စနစ် အားနည်းခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် အဓိက စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါကြောင်း၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၏ တီထွင်ဖန်တီး ထုတ်လုပ်မှုများကို အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ်ဖြင့် အကာအကွယ်ပေးနိုင်လာပါက ဝင်ငွေပိုမို တိုးတက်လာနိုင်ပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေ ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့နှင့်ဆက်သွယ်ဆောင်ရွက်ရာတွင် Focal Ministry အဖြစ် တာဝန်ယူဆောင်ရွက်နေပြီးမြန်မာနိုင်ငံတွင် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်စနစ် ကောင်းစွာပေါ်ပေါက်လာရန် အထူးပင် ကြိုးစားဆောင်ရွက်နေပါကြောင်း အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် စနစ်သည် မြန်မာနိုင်ငံသားများအတွက် ရင်းနှီးကျွမ်းဝင်မှုမရှိသေးသည့်အတွက် အလုပ်ရုံဆွေးနွေးပွဲ များ၊ အစည်းအဝေးပွဲများ၊ အသိပညာပေးပွဲများကျင်းပခြင်းဖြင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နှင့် ပတ်သက်၍ အများပြည်သူ နားလည်သဘောပေါက်ပြီး အကျိုးရှိရှိအသုံးပြုနိုင်ရန် အသိပညာပေးမှုများကို အားသွန်ခွန်စိုက် ပြုလုပ်လျက်ရှိပါကြောင်း၊ သဘာဝသယံဇာတများမှ ထုတ်ကုန်များကို အရည်အသွေး ပြည့်မီစွာ တန်ဖိုးမြှင့်ထုတ်လုပ်ခြင်းဖြင့် ဒေသတွင်းပြည်သူများ၏ စီးပွားရေးအားမြှင့်တင်ပေးနိုင်ရေးကို အထောက်အကူ ပြုမည်ဖြစ်ပါကြောင်းပြောကြားသည်။ အဆိုပါ အစည်းအဝေးတွင် LDCs နိုင်ငံများမှ အတွေ့အကြုံများကိုပြန်လည်ဝေမျှရေးနှင့် နိုင်ငံတော်၏ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် စီမံခန့်ခွဲရေးတို့တွင် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာတို့နှင့် ကိုက်ညီမှုရှိစေရန် မြှင့်တင်ဆောင်ရွက်နိုင်ရေးတို့အတွက် ကျင်းပခြင်းဖြစ်ပြီး LDCs နိုင်ငံများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးကို အထောက် အကူပြုနိုင်မည်ဖြစ်သည်။ အဆိုပါ အစည်းအဝေးသို့ ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့(WIPO)မှ ကိုယ်စားလှယ်များ၊ ဆွီဒင်နိုင်ငံ၊ တီထွင်မှု မူပိုင်ခွင့်နှင့်ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ရုံး (Swedish Patent and Trademark Registration Office - PRV) မှ ကိုယ်စားလှယ်များ၊ the Least Developed Countries (LDCs)နိုင်ငံများဖြစ်ကြသော ဘူတန်၊ အီသီယိုးပီးယား၊ မာလဝီ၊ မိုဇမ်ဗစ်၊ မြန်မာ၊ နီပေါ၊ ရဝမ်ဒါ၊ ဆူဒန်၊ ယူဂန်ဒါ၊ ဇမ်ဗီယားနိုင်ငံများမှ ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဦးစီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အစည်းအဝေးကို အောက်တိုဘာ (၂၂) ရက်နေ့မှ အောက်တိုဘာ (၂၇) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment