Wednesday, May 29, 2019

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်၊ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးသီတင်းပတ် အခမ်းအနားကျင်းပ

နေပြည်တော် ၂၀၁၉ မေ ၂၇
၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေးသီတင်းပတ်အခမ်းအနားကို ၂၇၊ ၅၊ ၂၀၁၉ ရက်နေ့ နံနက်(၁၀)နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ပညာရေးမှူး၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် သက်ဆိုင်ရာတာဝန်ရှိ သူများ တက်ရောက်ကြသည်။ ရှေးဦးစွာ နေပြည်တော်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ပညာသည်သာ ရတနာ” သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရာတွင် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁) ကိုရေးဆွဲ၍ အခြေခံပညာရေး၊ နည်းပညာ နှင့်သက်မွေးပညာရေး၊ ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး၊ အဆင့်မြင့်ပညာရေး၊ ဆရာ အတတ်ပညာရေးစသဖြင့် နယ်ပယ်(၉)ရပ်နှင့် ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်း(၁၂) ရပ်တို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိထိရောက်ရောက် အကောင် အထည်ဖော်နိုင်ရေး ဆောင်ရွက်ရာတွင် ကျောင်းနေအရွယ်ကလေးတိုင်း မည်သည့်ခွဲခြားမှုမျှမရှိဘဲ ပညာသင်ယူခွင့်ရရှိစေရေး၊ မည်သူတစ်ဦးတစ်ယောက်မျှမကျန်ရှိစေရေး၊ ကျောင်းနေမြဲ၍ ကျောင်းထွက်သူ မရှိစေရေး စသည့်မူဝါဒများချမှတ်ဆောင်ရွက်နေပါကြောင်း၊ ကျောင်းနေအရွယ် ကလေးတိုင်း မသင်မနေရ အခမဲ့ပညာရေးစနစ်ကိုချမှတ်ဆောင်ရွက်ကာ ကျောင်းအပ်နှံနှုန်း မြင့်မားရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသားကျောင်းသူများအား (၂၁) ရာစုကျွမ်းကျင်မှုများဖြစ်သည့် စဉ်းစားဝေဖန်တွေးခေါ်နိုင်ခြင်း၊ တီထွင် ဖန်တီးနိုင်ခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ခြင်း၊ ပြေပြစ်စွာဆက်သွယ်ဆက်ဆံနိုင်ခြင်း၊ စူးစမ်းလေ့လာမှုကိုအခြေခံကာ ပြဿနာဖြေရှင်းခြင်း၊ တရားမျှတစွာနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ခြင်း အစရှိသည့် ကိုယ်ရည်ကိုယ်သွေး ကျွမ်း ကျင်မှုများရရှိစေရန် အခြေခံပညာသင်ရိုးညွှန်းတမ်းများကို ပြုပြင်ပြောင်းလဲဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သင်ကြားရေးနှင့် စစ်ဆေးအကဲဖြတ်သည့်နည်းစနစ်များ ပြုပြင်ပြောင်းလဲဆောင်ရွက် နိုင်ခဲ့ခြင်းကြောင့် မူလတန်းအောက်ဆင့်ကလေးများသည် သင်ကြားသင်ယူမှု လုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်ဆောင်ရွက်တတ်လာခြင်း၊ မေးခွန်းများမေးမြန်းတတ်လာခြင်း၊ မေးခွန်းများကို ပြန်လည်ဖြေဆိုတတ်လာခြင်းစသည့် တိုးတက်မှုများကို တွေ့ရှိရပါကြောင်း၊ မိဘများအနေဖြင့် မိမိသားသမီးများကို တာဝန်ယူတာဝန်ခံ၍ပူးပေါင်းဆောင်ရွက်တတ်ပြီး တီထွင်ဆန်းသစ် ဖန်တီးနိုင် စွမ်းရှိသော လူသားကောင်းများဖြစ်စေရေး၊ တစ်သက်တာသင်ယူနိုင်မည့် ပညာရေးအခွင့်အလမ်း များဖန်တီးပေးနိုင်ရေးအတွက် ကျောင်းအုပ်၊ ဆရာဆရာမများနှင့်ဝိုင်းဝန်းပူးပေါင်းဆွေးနွေး ဆောင်ရွက်စေလိုပါကြောင်း၊ ကျောင်းအပ်နှံနှုန်းမြင့်မားရေး၊ ကျောင်းထွက်နှုန်းနည်းပြီး ကျောင်းနေမြဲရေး၊ ကျောင်းသားကျောင်းသူများအားလုံး မူလတန်းဆင့်မှအလယ်တန်းဆင့်၊ အလယ်တန်းဆင့်မှ အထက်တန်းဆင့်၊ အထက်တန်းဆင့်မှသက်မွေးပညာကျောင်း သို့မဟုတ် တက္ကသိုလ်များသို့တက်ရောက်နိုင်ရေးနှင့် ကျောင်းသားကျောင်းသူများ ဆေးလိပ်၊အရက်၊ ကွမ်းယာနှင့် မူးယစ်ဆေးဝါးများ ကင်းစင်ရေး၊ စနစ်တကျအမှိုက်စွန့်ပစ်တတ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး၊ မျိုးဆက်ပွားကျန်းမာရေးနှင့် ရင်ခွင်မဲ့ကလေးများဆိုင်ရာ အသိပညာ ပေးရေး၊ ကျန်းမာသောဘဝ နေထိုင်မှုပုံစံစသည့် အလေ့အထကောင်းများကို လေ့ကျင့်သင်ကြား ပေးကြရမည်ဖြစ်ပါကြောင်း၊ အရည်အချင်းရှိသော ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကျောင်းသား ကျောင်းသူ များအဖြစ် မွေးထုတ်ပေးနိုင်ရေးတို့အတွက် မိဘ အုပ်ထိန်းသူများနှင့် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အခမဲ့ဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များကို ပေးအပ်ရာ ဒက္ခိဏသီရိမြို့နယ်ပညာရေးမှူး၊ ဇမ္ဗူသီရိမြို့နယ်ပညာရေးမှူးတို့က လက်ခံရယူကြသည်။ ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက အခမဲ့ဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များကို ပေးအပ်ရာ မြို့နယ်ပညာရေးမှူးများက လက်ခံရယူကြသည်။ ယင်းနောက် ပျဉ်းမနားမြို့နယ် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “ပညာပန်းခင်း” သီချင်း သီဆိုဖျော်ဖြေကြသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များက အခမဲ့ဗလာ စာအုပ်များနှင့် ပုံနှိပ်စာအုပ်များကိုပေးအပ်ရာ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ် ကြီးများက လက်ခံရယူကြသည်။ ထို့နောက် ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “တို့အင်တို့အား” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်သက်ဆိုင်ရာတာဝန်ရှိသူများသည် စာသင်ခန်းအလိုက် ကျောင်းအပ်လက်ခံနေမှုများနှင့် ပြခန်းများအား လိုက်လံအားပေးကြည့်ရှု၍ ကျောင်းသားကျောင်းသူများနှင့်မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် ကြောင်း သတင်းရရှိ သည်။









Monday, May 27, 2019

ဗဟိုအဆင့် သင်္ချာအိုလံပစ်ဆုပေးပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ၂၀၁၉ မေ ၂၆
ကျောင်းသား ကျောင်းသူများ၏ သင်္ချာအတွေးအခေါ်များ တိုးတက်လာစေရန်၊ ထူးချွန်ထက်မြက်သော မျိုးဆက်သစ်သင်္ချာပညာရှင်များ ပေါ်ထွန်းလာစေရန်၊ မြန်မာနိုင်ငံ၏သင်္ချာအဆင့်အတန်း မြင့်မားလာစေရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်္ချာဘာသာရပ်ကို ပိုမိုအသုံးပြုလာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံသင်္ချာအသင်းက ကြီးမှူးကျင်းပသည့် ဗဟိုအဆင့်သင်္ချာအိုလံပစ် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(ဒဂုံ)ရှိ ဒဂုံသီရိခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ အခြေခံပညာရေးစနစ်ကို နိုင်ငံတကာနှင့်လိုက်လျောညီထွေဖြစ်စေရန် သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်ရေးဆွဲခဲ့ပါကြောင်း၊ စာမေးပွဲဖြေဆိုရန် သင်ယူခြင်းထက် သင်ထောက်ကူပစ္စည်းများကို အသုံးပြုပြီး သင်ယူပြီးရင်းသင်ယူသည့် တစ်သက်တာသင်ယူခြင်းကို ပြုပြင်ပြောင်းလဲလျက် ရှိပါကြောင်း၊ အလွတ်ကျက်မှတ်သော ပညာရေးစနစ်မှ စဉ်းစားတွေးခေါ်မှုကို အားပေးသည့် နက်နက်နဲနဲ သင်ယူသောစနစ်သို့ ဦးတည်ပြောင်းလဲနေပါကြောင်း၊ တာဝန်ယူ တာဝန်ခံ၍ ပူးပေါင်းတီထွင်ကြံဆနိုင်စွမ်းရှိပြီး နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသော လူသားကောင်းများ ဖြစ်လာစေရန် ပြုစုပျိုးထောင် သင်ကြားသင်ယူ လေ့ကျင့်ပေးလျက် ရှိပါကြောင်း၊ International Mathematical Olympiad(IMO) ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိရာတွင် ၂၀၁၆ ခုနှစ် ဟောင်ကောင်၌ ကျင်းပသည့် ၅၇ ကြိမ်မြောက်ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ပထမဦးဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင် ၁၀၉ နိုင်ငံတွင် အဆင့် ၉၆ ရရှိခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် Brazil နိုင်ငံ၌ ကျင်းပသည့် ၅၈ ကြိမ်မြောက် International Mathematical Olympiad(IMO) ပြိုင်ပွဲတွင် Honourable Mention ဆုလက်မှတ်နှင့် ၂၀၁၈ ခုနှစ်တွင် Romania နိုင်ငံ၌ ကျင်းပသည့် ၅၉ ကြိမ်မြောက် International Mathematical Olympiad(IMO)ပြိုင်ပွဲတွင် Honourable Mention ဆုလက်မှတ်များ ရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၀၉ နိုင်ငံတွင် အဆင့် ၈၅ သို့ တိုးတက်လာခဲ့ပါကြောင်း၊ ယခုနှစ်တွင် England နိုင်ငံ၌ ကျင်းပမည့် ၆၀ ကြိမ်မြောက် International Mathematical Olympiad (IMO) ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများ သွားရောက်ယှဉ်ပြိုင် နိုင်ရေးအတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် သင်္ချာထူးချွန်စာမေးပွဲများကို ကျင်းပခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဗဟိုအဆင့် သင်္ချာထူးချွန်စာမေးပွဲများကို ကျင်းပခဲ့ပါကြောင်း၊ ဗဟိုအဆင့်တွင် ရွေးချယ်ထားသော နဝမတန်းကျောင်းသား ၂၀ ဦးနှင့် ဒသမတန်း ကျောင်းသား ၂၀ ဦးတို့ကို Team Selection Test ဖြင့် ထပ်မံစစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ကျောင်းသား ၆ ဦးကို ရွေးချယ်သည်ဟု သိရှိရပါကြောင်း၊ အဆိုပါ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား ကျောင်းသူများကို ၂၀၁၉ ခုနှစ် မေလ ၂ ရက် နေ့မှစ၍ ဇူလိုင်လ ၆ ရက်နေ့ အထိ ရန်ကုန်တက္ကသိုလ် သင်္ချာဌာနတွင် သင်ကြားပို့ချသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံအတွက်ထူးချွန်သည့် ကျောင်းသား ကျောင်းသူများဖြစ်ကြစေရန် ဆုမွန်ကောင်း တောင်းပါကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံသင်္ချာအသင်း ဥက္ကဋ္ဌ ဒေါက်တာညွန့်ဆွေက အသင်း၏လုပ်ဆောင်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် မြန်မာနိုင်ငံသင်္ချာအသင်းဥက္ကဋ္ဌ ဒေါက်တာညွန့်ဆွေက အလှူရှင်များမှ မြန်မာနိုင်ငံသင်္ချာအသင်းသို့ ပေးအပ်လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ဆုရရှိကြသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး မြန်မာနိုင်ငံသင်္ချာအသင်း အတွင်းရေးမှူး ဒေါက်တာစောဝင်းမောင်က မြန်မာနိုင်ငံသင်္ချာအသင်း၏ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ England နိုင်ငံ၌ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၄ ရက် နေ့အထိ ကျင်းပပြုလုပ်သွားမည့် ၆၀ ကြိမ်မြောက် IMO ပြိုင်ပွဲကို မြန်မာနိုင်ငံအနေဖြင့် စတုတ္ထအကြိမ်မြောက် သွားရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။


ပြည်လုံးကျွတ်ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဘားအံ ၂၀၁၉ မေ ၂၅
၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကရင်ပြည်နယ် ပြည်လုံးကျွတ်ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ ရှေးဦးစွာ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကိုဆောင်ရွက်ရာတွင် အမျိုးသားပညာရေးမဟာ ဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)ကို နယ်ပယ်(၉)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျောင်းနေအရွယ် ကလေးတိုင်း မည်သည့် ခွဲခြားမှုမျှမရှိဘဲ ပညာသင်ယူခွင့်ရရှိရေး၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မကျန်ရှိစေရေး၊ ကျောင်းနေမြဲ၍ ကျောင်းထွက်သူမရှိစေရေး စသည့်မူဝါဒများချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဦးစားပေးလုပ်ငန်း (၁၂)ရပ်ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း။ အခြေခံပညာရေးကဏ္ဍ အကောင်အထည်ဖော်အောင်မြင်ရေးအတွက် ကျောင်းနေ အရွယ်ကလေးများ၊ လူငယ်များ အခြေခံပညာရေးကို လက်လှမ်းမီသင်ယူနိုင်ခွင့် ရရှိစေရေးအတွက် မသင်မနေရ အခမဲ့ပညာရေးစနစ်ကို ချမှတ်အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ် ကလေးလူငယ်တိုင်း ကျောင်းအပ်နှံရေးအခွင့်အလမ်းများ တိုးတက် ရရှိစေရေး နှင့်ကျောင်းအပ်နှုန်းမြင့်မားစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် “မည်သည့်ခွဲခြားမှုမျှမရှိဘဲ ကျောင်းနေအရွယ် ကလေး အားလုံး အရည်အသွေး ရှိသော ပညာသင်ယူခွင့်ရရှိဖို့ မိဘပြည်သူအားလုံး ဝိုင်းဝန်းကူညီစို့”ဟူသော ဆောင်ပုဒ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ (၅)နှစ်အရွယ်ကလေး များကို သူငယ်တန်း(KG)သို့ အပ်နှံရန်၊ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1) သို့အပ်နှံရန် အရေးကြီးပါကြောင်း၊ ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှကောက်ခံခြင်း၊ လက်ခံခြင်းမပြုရန်၊ ငွေကြေး လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာလက်ခံခြင်း မပြုရန်၊ ကျောင်း ဝတ်စုံ၊ အတန်းတံဆိပ်နှင့် ကျောင်းတံဆိပ်များ ရောင်းချခြင်းမပြုလုပ်ရန်၊ မည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရန် အဓိကမှာကြားလိုကြောင်း။ အခြေခံပညာကျောင်းများကို နှစ်စဉ်အဆင့်တိုးမြှင့်ဖွင့်လှစ်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်အတွက် စုစုပေါင်း(၅၆၅၁)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးထားပါကြောင်း၊ တစ်နိုင်ငံလုံး အနေဖြင့် အထက်တန်းကျောင်း(၁၀ဝဝ)ကျော် အဆင့်တိုးမြှင့်ပေးခဲ့ပါကြောင်း၊ ကရင်ပြည်နယ် အတွက်ဆိုပါက အထက်တန်းအဆင့်ကျောင်း (၃၇)ကျောင်းအပါအဝင် စုစုပေါင်း(၂၄၃) ကျောင်းကို အဆင့်တိုးမြှင့်ပေးခဲ့ပါကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲ မှုဆောင်ရွက် ချက်များကြောင့် ကျောင်းသားဦးရေသည် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ၈ ဒသမ ၉ သန်းရှိရာမှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ၉ ဒသမ ၁၄ သန်းအထိ တိုးတက်များပြား လာခဲ့ပါကြောင်း။ သင်ရိုးညွှန်းတမ်းများကို ပြုပြင်ပြောင်းလဲဆောင်ရွက်လျက်ရှိရာတွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းနှင့် ဆဋ္ဌမတန်း သင်ရိုးညွှန်းတမ်းတွင် အကြောင်းအရာအဟောင်း ၈၀ % နှင့် အကြောင်းအရာအသစ် ၂၀%သာပါရှိပါကြောင်း၊ သင်ကြားသင်ယူမှုနည်းလမ်းအသစ် (Pedagogy)ဖြစ်သော သင်ယူသူ ဗဟိုပြု သင်ကြားသင်ယူခြင်းစနစ်ဖြင့် ပြောင်းလဲသင်ကြားမည်ဖြစ် ပါကြောင်း၊ အလွတ်ကျက်မှတ်သောစနစ်မှ စဉ်းစားတွေးခေါ်မှုကိုအားပေးသည့် နက်နက်နဲနဲ သင်ယူသောစနစ်သို့ ဦးတည်ပြောင်းလဲထားပါကြောင်း၊ KG +12 ပညာရေးစနစ်ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရာတွင် မူလတန်းအဆင့်အတွက် ဂျပန်နိုင်ငံမှ JICA ၏အကူအညီ ဖြင့်ဆောင်ရွက်ပြီး အလယ်တန်း၊ အထက်တန်းအဆင့်များအတွက် ADB, EU တို့၏ အကူအညီဖြင့် ဆောင်ရွက်နေပါကြောင်း၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် သူငယ်တန်း (KG)စနစ်သစ်ကို စတင် ခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပထမတန်း(Grade-1)သင်ရိုးသစ်ကိုလည်းကောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ဒုတိယတန်း(Grade-2)သင်ရိုးသစ်ကိုလည်းကောင်း ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တတိယတန်း(Grade-3)နှင့် အလယ်တန်း ပညာရေးဖြစ်သော ဆဋ္ဌမတန်း (Grade-6)သင်ရိုးသစ်ဖြင့် သင်ကြားမည်ဖြစ်ပြီး မူလတန်းပြနှင့် အလယ်တန်းပြ ဆရာ ဆရာမများအားလုံးကို သင်တန်းများ ပေးထားပြီးဖြစ်ပါကြောင်း။ အခြေခံပညာကျောင်းများတွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ကျောင်းသား ကျောင်းသူများ အားလုံး စာရေးတတ်၊ စာဖတ်တတ်၊ အခြေခံသင်္ချာတွက်ချက်တတ်ရန်အတွက် အလေးအနက်ထား ဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ အရက် ဘီယာနှင့်စီးကရက် မသုံးစွဲရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေးတို့ကို ဦးစားပေးဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း၊ ကျန်းမာ ရေးနှင့် ညီညွတ်သော လူနေမှုပုံစံများကို သိရှိစေရန် ပညာပေးအစီအစဉ်များဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုကိုလည်း ထည့်သွင်းရန်စီစဉ် လျက်ရှိကြောင်း၊ ကျောင်းသားများနှင့်လူငယ်များအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသော ဂိမ်းစွဲလန်းမှုကိုလျှော့ချပေးရန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးများ၊ ကျောင်းအုပ်ကြီးများအနေဖြင့် ဆရာ ဆရာမများကို ကောင်းစွာသင်ကြားသင်ယူနိုင်စေရန် ပံ့ပိုးဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ ပျော်ရွှင်မှသာ ကျောင်းသား ကျောင်းသူများကိုကောင်းစွာ သင်ကြားပေးနိုင်မည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။ ယင်းနောက် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းတို့က အမှာစကားပြောကြားပြီး ကရင်ပြည်နယ် ညွှန်ကြား ရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဝင်းက ရှင်းလင်းတင်ပြသည်။  ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက အလှူရှင်များမှ လိုအပ်ချက် ရှိသော ကျောင်းသား ကျောင်းသူများအတွက်ပေးအပ်လှူဒါန်းသည့် စာရေးကိရိယာနှင့် ပညာသင် ထောက်ပံ့ပစ္စည်းများကို ကျောင်းသားကျောင်းသူများထံ ပေးအပ်လှူဒါန်းကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။ ထို့နောက် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “ဇာတိမာန်’’ သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဘားအံမြို့ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်(၂)အအခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ဘားအံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဘားကပ်) သို့ရောက်ရှိကြပြီး ကျောင်းအပ်နှံရေးလုပ်ငန်း ဆောင်ရွက်နေမှု များအား ကြည့်ရှုအားပေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဘားအံတက္ကသိုလ်၊ ဘားအံပညာရေး ကောလိပ်တို့မှ ဆရာ ဆရာမများ၊ ဆရာသမဂ္ဂများ၊ ကျောင်းသား သမဂ္ဂများ၊ ကျောင်းသား ကျောင်းသူများနှင့် လည်းကောင်း တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာတက္ကသိုလ်များ သုတေသနညီလာခံ(၂၀၁၉ ) ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ၂၀၁၉ မေ ၂၄
မြန်မာတက္ကသိုလ်များ သုတေသနညီလာခံ(၂၀၁၉) Myanmar Universities’ Research Conference 2019 ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ရန်ကုန်တက္ကသိုလ်၌ ပါမောက္ခချုပ်များကော်မတီမှ ကြီးမှူးကျင်းပသည့် မြန်မာတက္ကသိုလ်များ သုတေသနညီလာခံသည် ပထမဆုံးအကြိမ် တက္ကသိုလ်အားလုံး၊ ပညာရှင်များ တစ်စုတစ်စည်းတည်း ပူးပေါင်းဆောင်ရွက်သဖြင့် မြန်မာနိုင်ငံ တက္ကသိုလ်များသမိုင်းတွင် မှတ်တမ်းဝင်သည့် နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ညီလာခံ အောင်မြင်စွာကျင်းပနိုင်ရန် ဦးစီးဆောင်ရွက်သည့် အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များ ကော်မတီနှင့် တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်ကို ၂၀၁၆ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ပါမောက္ခချုပ်များ ကော်မတီကို ၂၀၁၈ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး (၁)နှစ်တာကာလအတွင်း ယခုလိုမျိုး ဦးစီးဆောင်ရွက်နိုင်ပြီး ပါမောက္ခချုပ်ကော်မတီအနေဖြင့် တက္ကသိုလ်များသို့သွားရောက်ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ပါကြောင်း၊ ပါမောက္ခချုပ်များ နှစ်ပတ်လည်ကော်မတီ အစည်းအဝေးကို ၂၀၁၈ ခုနှစ် တွင် နေပြည်တော်၌ ကျင်းပဆောင်ရွက်ခဲ့ပါကြောင်း၊ ဒုတိယအကြိမ် နှစ်လည်ညီလာခံကို ပြီးခဲ့သည့် ဧပြီလ (၅)ရက်နေ့တွင် ကျင်းပဆောင်ရွက်ခဲ့ပါကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမူဝါဒ မဟာဗျူဟာစီမံကိန်းတွင် ဖော်ပြထားသည့် ဦးစားပေးလုပ်ငန်း(၁၂) ရပ်ထဲတွင်ပါသည့် အဆင့်မြင့်ပညာကဏ္ဍနှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်ဖြစ်သော တက္ကသိုလ်များကို ကမ္ဘာ့အဆင့်မီ တက္ကသိုလ်များဖြစ်လာစေရန် ဆောင်ရွက်ရန်အတွက် ကြိုးပမ်းဆောင်ရွက်မည်ဟု ဖော်ပြထားပါကြောင်း၊ တက္ကသိုလ်များကို ကမ္ဘာ့အဆင့်မီတက္ကသိုလ်များ ဖြစ်လာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တက္ကသိုလ်များကို ယခုထက်ပို၍ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းတွင် ဖော်ပြထားသည့် ဦးစားပေးလုပ်ငန်းနှင့်အညီ ပါမောက္ခချုပ်များကော်မတီတွင် သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း ကော်မတီကိုတာဝန်(၁၁)ခုဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက Standard Operating Procedure (SOP)များကိုလည်း ရေးဆွဲထားပါကြောင်း၊ ယခုကဲ့သို့ သုတေသနညီလာခံကို နှစ်စဉ်ကျင်းပကြစေလိုပါကြောင်း၊ တက္ကသိုလ်များလည်း သုတေသနစာတမ်းရေးသားလိုသည့် ဆရာ ဆရာမများ၊ ပညာရှင်များ များပြားလာသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် တစ်နှစ်လုံး မအားလပ်သည့်ကြားမှ သုတေသနဝါသနာပါပြီး နိုင်ငံအတွက်အကျိုးပြုသည့် အသုံးချသုတေသနလုပ်ငန်းများ ဆောင်ရွက်မည့် ဆရာ ဆရာမများ၊ ပညာရှင်များရှိကြသည်ကို အားရဖွယ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်၍ သုတေသနညီလာခံကို ကျင်းပသည့်အခါတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပပြီး သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း ကော်မတီမှ ကျင်းပရေးစီမံချက်များ ရေးဆွဲပြီး တက္ကသိုလ်အသီးသီးတွင်ရှိသည့် သုတေသီများ၏ သုတေသနစာတမ်းများကို ဖတ်ကြားဆောင်ရွက်ရန်အတွက် သုတေသနရလဒ်များကို မျှဝေပြီး သုတေသီများအချင်းချင်း အတွေ့အကြုံများဖလှယ်ခြင်းဖြင့် အရည်အသွေးပိုမိုကောင်းမွန်သော အသုံးချသုတေသနများကို တိုးတက်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် သုတေသနဆောင်ရွက်တတ်သည့် အလေ့အကျင့်များဖြစ်လာစေပြီး တက္ကသိုလ်များ၏ Ranking များမြင့်မားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရေး ရည်မှန်းချက်များဖြင့် သုတေသနညီလာခံစီမံချက်ကို အကြိမ်ပေါင်းများစွာ အစည်းအဝေးများထိုင်ပြီး တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်သည်ဟု သိရှိရပါကြောင်း၊ သုတေသနညီလာခံ ကျင်းပနိုင်ရန်အတွက် စာတမ်းများကိုဖိတ်ခေါ်ခဲ့ပြီး စာတမ်းဖတ်ရန် တက္ကသိုလ်အသီးသီးမှ ပညာရှင်များက စာတမ်းစုစုပေါင်း(၆၉၃)စောင်ကို လက်ခံရရှိခဲ့ပါကြောင်း၊ ဘာသာရပ်နယ်ပယ်(၉)ခု မှ reviewများပြုလုပ်ပြီး ဘာသာရပ်နယ်ပယ်တစ်ခုလျှင် စာတမ်း(၂၀)ခန့် စုစုပေါင်း Presentation ပြုလုပ်ရန် သုတေသနစာတမ်း(၁၈၂)စောင် ရွေးချယ်ခဲ့သည်ဟု သိရှိရပါကြောင်း၊ ဘာသာရပ်(၁)ခုလျှင် အကောင်းဆုံး သုတေသနစာတမ်းပထမဆု၊ အကောင်းဆုံးသုတေသနစာတမ်း ဒုတိယဆုများ ချီးမြှင့်မည်ဟုသိရှိရပြီး စာတမ်းများကို ဆုပေးရာတွင် ပထမဆုအတွက် လက်မှတ်နှင့် ကျပ်(၃)သိန်း ဆုချီးမြှင့်မည်ဖြစ်ပြီး ဒုတိယဆုအတွက် လက်မှတ်နှင့် ကျပ်(၂)သိန်း ဆုချီးမြှင့်မည်ဟု သိရှိရပါကြောင်း၊ ညီလာခံပြီးဆုံးပါက ဖတ်ကြားတင်သွင်းသည့် စာတမ်းများကို ထုတ်ဝေသွားမည်ဖြစ်ပြီး ညီလာခံကျင်းပခြင်းဖြင့် သုတေသနရလဒ်များကို မျှဝေပြီး အမြင်ခြင်းဖလှယ်ခြင်း၊ တိုးတက်ကောင်းမွန်သည့် အသုံးချသုတေသနလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ သုတေသနပညာရှင်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေခြင်း၊ မျိုးဆက်သစ်သုတေသနပညာရှင်များ ပိုမိုတတ်ကြွစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်များကို ယခုထက်ပိုမိုပြီး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များကို ပြုစုပျိုးထောင်ရာတွင် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းကောင်းမွန်လာစေရန် အဆင့်ဆင့်တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြင့်ပြောကြားသည်။ ထို့နောက် အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌဒေါက်တာမျိုးကြွယ်နှင့် ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးတို့က အမှာစကားပြောကြားသည်။ ယင်းနောက် University of Cambridge မှ Director Dr.Hanan Khalifa နှင့် အမေရိကန်သံရုံးမှ Public Affairs Officer ဖြစ်သူ Dr.John R.Groch တို့က ပညာရေးစနစ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းခဲ့ကြသည်။ ထို့နောက် စာတမ်းရှင်များက သတ်မှတ်ထားသည့် ဘာသာရပ်အလိုက် စာတမ်းများကိုဖတ်ကြားခဲ့ကြကြောင်း သတင်းရရှိသည်။


Saturday, May 25, 2019

အခြေခံပညာအဆင့် အမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒ (မူကြမ်း) နှီးနှောဖလှယ်ပွဲနှင့် အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ရေးအတွက် ညှိနှိုင်းအစည်းအဝေး

နေပြည်တော် ၂၀၁၉ မေ ၂၃
အခြေခံပညာအဆင့် အမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒ(မူကြမ်း) ဆွေးနွေးပွဲနှင့် အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ် ပေးအပ်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ၂၃၊ ၅၊ ၂၀၁၉ ရက်နေ့ နံနက်(၈:၃၀) နာရီတွင် နေပြည်တော် ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေး၀င်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပညာရေးမှူးများ၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများမှ ကိုယ်စားလှယ်များ၊ ဆရာများအဖွဲ့ချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သက်ဆိုင်ရာတာ၀န်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စု၀န်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေး ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာ၌ (KG+12) သူငယ်တန်း+တစ်ဆယ့်နှစ်တန်း ပညာရေးစနစ်ကို အရှိန်အဟုန်ဖြင့် ပြောင်းလဲဆောင်ရွက်နေပါကြောင်း၊ ပညာရေးသည် နိုင်ငံ၏လူသားအရင်းမြစ်များကို သင်ကြားသင်ယူလေ့ကျင့် မွေးထုတ်ပေးနေခြင်းဖြစ်ပါကြောင်း၊ နိုင်ငံ၏ကုန်ထုတ်စွမ်းအားများ၊ ၀န်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကစိန်ခေါ်မှုသည် ကျွမ်းကျင်လုပ်သားများ အားနည်းခြင်းဖြစ်ပြီး ကျွမ်းကျင်လုပ်သားများရရှိအောင် ပြုစုပျိုးထောင်ရာတွင် နိုင်ငံသားတိုင်း အခြေခံပညာအထက်တန်းအဆင့် သင်ယူပြီးမြောက်ရန် လိုအပ်ပါကြောင်း၊ ဆက်လက်ပြီး ကျွမ်းကျင်လုပ်သားများကို Professional များဖြစ်အောင် တစ်သက်တာသင်ယူမှုအစီအစဉ်ဖြင့် ပညာရေးအခွင့်အလမ်းများ ပေးနိုင်မှသာ လူ့စွမ်းအားအရင်းအမြစ်များကို သင်ကြားသင်ယူ လေ့ကျင့်မွေးထုတ် ပေးနိုင်မှာဖြစ်ပါကြောင်း၊ သင်ကြားသင်ယူလေ့ကျင့်ပေးရာတွင် တစ်ဦးနှင့်တစ်ဦး အရည်အချင်းရှိမှု၊ စွမ်းရည်ရှိမှု၊ သင်ယူတတ်မြောက်မှုများ မတူညီပါကြောင်း၊ ထိုမတူညီမှုများကြောင့် ပညာရေးစစ်ဆေး အကဲဖြတ်ခြင်းမူဝါဒသည် အလွန်အရေးကြီးပါကြောင်း၊ မိမိတို့ကျောင်းသား ကျောင်းသူများအား အတူပူးပေါင်းပြီး အစုအဖွဲ့လိုက် ဆောင်ရွက်ရာတွင် တော်စေချင်ပါကြောင်း၊ ကိုယ့်နိုင်ငံ၏ လူမှုအသိုင်းအဝိုင်း ပျော်ရွင်ရန်၊ တိုးတက်ရန် လုပ်ဆောင်ပေးနိုင်သည့်ကလေးများ လေ့ကျင့်မွေးထုတ် ပေးနိုင်ရေးအတွက် အားလုံးဝိုင်း၀န်း ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။ ယင်းနောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေး၀င်းက အစည်းအဝေးကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထိုက်က အခြေခံပညာအဆင့် အမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒ ရေးဆွဲရခြင်း၏အကြောင်းရင်းများကို ဆွေးနွေးတင်ပြသည်။ ထို့နောက် ADB မှ Consultant ဒေါက်တာမြင့်မြင့်စန်းက အခြေခံပညာအဆင့် အမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒ(မူကြမ်း)ကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဆွေးနွေးလိုသည့်မေးခွန်းများ၊ အချက်အလက်များကို အုပ်စုလိုက်ဆွေးနွေးခြင်း၊ ပြန်လည်ညှိနှိုင်းဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ကာ အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြသည်။ အစည်းအဝေးအား ၂၃၊ ၅၊ ၂၀၁၉ ရက်နေ့မှ ၂၄၊ ၅၊ ၂၀၁၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



Wednesday, May 22, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အခြေခံပညာအလယ်တန်းအဆင့် (သင်ရိုးသစ်) Grade-6 ခရိုင်အဆင့် ဆွေးနွေးပွဲ/ သင်တန်းသို့ လာရောက်ကြည့်ရှုအားပေး






ရန်ကုန်တက္ကသိုလ်(ပင်မ) ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ





Transformation by Innovation in Distance Education (TIDE) ၏ 3th Residential School ဖွင့်ပွဲအခမ်းအနားကျင်းပ







၂၀၁၉ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းပြီးမြောက်ခြင်း ဂုဏ်ပြုပွဲကျင်းပ




Monday, May 20, 2019

(၄)နှစ်သင် ပညာရေးဒီဂရီကောလိပ် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်၊ သင်ရိုးမာတိကာမူကြမ်းအပေါ် ရန်ကုန်ပညာရေးတက္ကသိုလ် Board of Study ၏သဘောထားမှတ်ချက်၊ အတည်ပြုချက် ရယူခြင်း အစည်းအဝေးကျင်းပ

ရန်ကုန် ၂၀၁၉ မေ ၁၇
(၄)နှစ်သင် ပညာရေးဒီဂရီကောလိပ် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်၊ သင်ရိုးမာတိကာ မူကြမ်း အပေါ် ရန်ကုန်ပညာရေးတက္ကသိုလ် Board of Study ၏သဘောထားမှတ်ချက်၊ အတည်ပြုချက်ရယူခြင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ပါမောက္ခချုပ်များကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြော ကြားရာတွင် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း(NESP၂၀၁၆-၂၀၂၁)တွင် ဆရာအတတ်ပညာရေး၏ အဆင့်အတန်းကို မြှင့်တင်ရာတွင် ဆရာများသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်ပါကြောင်း၊ သို့ဖြစ်၍ ဆရာအတတ်ပညာရေး၏ အဆင့်အတန်းကို ပြုပြင်ပြောင်းလဲရန် အဓိကကျပါကြောင်း၊ ပညာရေးဝန်ကြီး ဌာနအနေဖြင့် လုပ်ငန်းခွင်အကြို ဆရာအတတ် ပညာရေး၏အရည်အသွေးမြှင့်တင် ရာတွင် သိသာထင်ရှား သော တိုးတက်မှုများဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ အရေးကြီးသော နယ်ပယ်တစ်ခုတွင် (၂)နှစ်သင် ပညာ ရေးကောလိပ်မှ (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ် ဖွင့်လှစ်နိုင်ရန်နှင့် မူလတန်း၊ အလယ်တန်း ဆရာ၊ ဆရာမများကိုလေ့ကျင့်သင်ကြားပေးနိုင်ရန် သင်ရိုးညွှန်းတမ်း အသစ်ရေးဆွဲပြဌာန်းခြင်းဖြစ်ပါကြောင်း။ (၄)နှစ်သင်ပညာရေးအတွက် သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့၊ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ သင်ရိုးညွှန်းတမ်း အညွှန်းဘောင်နှင့် ဘာသာရပ် သင်ရိုးမာတိကာများ ဖွဲ့စည်းခြင်းနှင့် ပညာရေး ဒီဂရီကောလိပ် အစီအစဉ်၏ ပထမနှစ်အတွက် သင်ရိုးညွှန်းတမ်း အသစ်ကို ပြန်လည်လေ့လာသုံးသပ်ရန် ဖြစ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်း ရေးဆွဲရေး အဖွဲ့ဝင်များ၊ ပညာရှင်များနှင့် ပညာရေးတက္ကသိုလ်များမှ ကိုယ်စားလှယ်များ ပူးပေါင်း ပါဝင်ဆွေးနွေးခဲ့ကြ ပါကြောင်း၊ ပညာရေးဒီဂရီကောလိပ် များတွင် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အစီအစဉ်သစ်၏ ပထမနှစ်သင်တန်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်း အသစ်ကို စတင်အသုံးပြုရန် ကြိုတင်ပြင်ဆင်ရန်တွင် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်(မူကြမ်း)နှင့် သင်ရိုးမာတိကာများတွင် အတည်ပြု သဘောတူညီချက်ရရှိရန်နှင့် ပညာရေးကောလိပ်များရှိ Teacher Educators များကို သင်ရိုးသစ် အကောင်အထည်ဖော်ရန်အတွက် လေ့ကျင့်သင်ကြားပေးရန်ဖြစ်ပါကြောင်း။ ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးအဖွဲ့(BOS) အနေဖြင့် သင်ရိုးညွှန်းတမ်းအညွှန်းဘောင် (မူကြမ်း)နှင့်ပတ်သက်၍ ထိရောက်စွာ သုံးသပ်အကြံပြုရန်နှင့် ၂၀၁၉ မတ်လတွင် ကျင်းပခဲ့သော အစည်း အဝေး၌ တက်ကြွစွာ ပူးပေါင်းပါဝင်မှုအတွက် အလေးထားအသိအမှတ်ပြုပါကြောင်း၊ အဆင့်မြင့်ပညာ ဦးစီး ဌာနအနေဖြင့် သုံးသပ်အကြံပြုချက်များကို ထည့်သွင်းစဉ်းစားဆောင်ရွက်ပြီး ယနေ့အစည်းအဝေးတွင် ရှင်းလင်းပြောကြားကြစေလိုကြောင်း၊ ပထမနှစ်အတွက် သင်ရိုးညွှန်းတမ်းနှင့်ပတ်သက်သည့် ပုံနှိပ်စာအုပ် နှင့် ဆရာလမ်းညွှန်များရေးဆွဲပြုစုပြီး နောက်ဆုံးအဆင့် သို့ရောက်ရှိနေပြီဟု သိရှိရပါကြောင်း၊ သို့ဖြစ်၍ ယခင် BOS အစည်းအဝေးမှ ဆွေးနွေးသုံးသပ်ချက်အချို့ကို ထည့်သွင်း စဉ်းစားရန်အတွက် အဆင့်မြင့် ပညာဦးစီးဌာနကို ပြောကြားပြီးဖြစ် ပါကြောင်း၊ လာမည့်နှစ်တွင် ပထမနှစ်သင်ရိုးညွှန်းတမ်းကို ပြန်လည် သုံးသပ်ရာ၌ ဤအစည်းအဝေးမှ သုံးသပ်အကြံပြုချက်များကို သင့်လျော်သလို ထည့်သွင်းစဉ်းစားသွားရန် မှာကြားပြီးဖြစ် ပါကြောင်း။ သင်ရိုးညွှန်းတမ်း အညွှန်းဘောင်သည် ပညာရေးကောလိပ် သင်ရိုးညွှန်းတမ်းကို အရည်အသွေး မြှင့်တင်ရန် အကောင်းဆုံး လမ်းညွှန်တစ်ခု ဖြစ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းအညွှန်းဘောင် သည် ကျွမ်းကျင်မှုကို အခြေခံသည့်သင်ရိုးညွှန်းတမ်းအသစ်ကို နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့်ကိုက်ညီရန် မည်ကဲ့သို့ ပြုပြင်ရမည်ကို ပြောကြားလိုပါကြောင်း၊ သင်ရိုးညွှန်းတမ်းတွင် ဘာသာရပ်နယ်ပယ်များကို အတူတကွ ဆက်စပ်ပေးနိုင်သော ချဉ်းကပ်နည်းတစ်ခုအဖြစ် Integrated Approach ကို နိုင်ငံတကာ အသုံးပြု နေသော နည်းလမ်းတစ်ခုအဖြစ် အသုံးပြုထားပါကြောင်း၊ Educational Studies ဘာသာရပ်တွင် ပညာရေး သဘော တရားနှင့် ပညာရေးစိတ်ပညာ ဘာသာရပ်များ၏ Key Concepts နှင့် Principles in Education များကို ပေါင်းစပ်ထည့်သွင်း ဖွဲ့စည်းထားသည်ကိုတွေ့ရှိရပါကြောင်း။ OECD အရ နိုင်ငံပေါင်းများစွာကို လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အစီအစဉ်များကို တိုးတက်ပြောင်းလဲစေရန် ဆောင်ရွက်ခဲ့ကြပါကြောင်း၊ Theory နှင့် Practice ကို မျှတစွာ ဆောင်ရွက် တတ်စေရန် စာပေဘာသာရပ်အတွက် ပြင်ဆင်သင်ကြားပေးမှုကို လျှော့ချပြီး အသက်မွေးဝမ်းကြောင်း အတတ်ပညာရေးအတွက် ပိုမိုပြင်ဆင်သင်ကြားပေးရန် ဖြစ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းအသစ်သည် လက်တွေ့ သင်ကြားခြင်း (Practicum) ကို အလေးပေးထားသည်ကို တွေ့ရပြီး ပညာရေးဒီဂရီကောလိပ်ရှိ သင်ကြားရေးအချိန် ကာလစုစုပေါင်း ၏(၂၀)ရာခိုင်နှုန်းကို အသုံးပြုထားသည်ကို တွေ့ရှိရပါကြောင်း၊ ပညာရေးဒီဂရီကောလိပ်၏သင်ကြားရေး အချိန်ကာလစုစုပေါင်း၏ (၂၀)ရာခိုင်နှုန်းကို Practicum အတွက် အသုံးပြုခြင်းသည် နိုင်ငံတကာ အသုံးပြုနေသော နည်းလမ်းတစ်ခုဖြစ်ပါကြောင်း။ ပညာရေးဒီဂရီကောလိပ်သင်ရိုးညွှန်းတမ်း၏ ရည်ရွယ်ချက်မှာ မူလတန်းနှင့်အလယ်တန်းကျောင်း များတွင် တာဝန် ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများကို လေ့ကျင့်မွေးထုတ်ပေး ရန်ဖြစ်ပါကြောင်း၊ အသက်မွေးဝမ်းကြောင်းဒီဂရီတစ်ခုအနေဖြင့် Student Teachers များကို ၎င်းတို့သင်ကြားပေးရမည့် ဘာသာရပ် နယ်ပယ်များထက် ပိုမို၍ ကျွမ်းကျင်ပိုင်နိုင်စေရန် ပြင်ဆင်လေ့ကျင့်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်း အညွှန်းဘောင်နှင့် ဘာသာရပ်သင်ရိုးမာတိကာများကို ပြန်လည်သုံးသပ်ရာတွင် အချိန် ပေး၍ ပူးပေါင်းပါဝင်ကြသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် (၄)နှစ်သင်ဒီဂရီ ကောလိပ်အစီအစဉ်ကို စတင် အကောင်အထည်ဖော်ရန်အတွက် ကြိုတင်ပြင်ဆင်ရာတွင် အရေးကြီးသော အဆင့်တစ်ခု ဖြစ်ကြောင်းနှင့်သင်ရိုးညွှန်းတမ်းဆိုင်ရာ အချက်အလက်များနှင့်စပ်လျဉ်း၍ ထိရောက်သော ဆွေးနွေး အကြံပြုချက်များ ပေးကြစေလိုကြောင်းဖြင့်ပြောကြားသည်။ ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမေစန်းရီက (၄)နှစ် သင် ပညာရေးဒီဂရီကောလိပ်သင်ရိုး ညွှန်းတမ်းအညွှန်းဘောင်၊ သင်ရိုးမာတိကာမူကြမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပထမအကြိမ် ရန်ကုန်ပညာရေးတက္ကသိုလ် Board of Study ၏သဘောထား မှတ်ချက်များအား တင်ပြသည်။ ယင်းနောက် (Curriculum Core Team member)ဝင်များဖြစ်ကြ သည့် စစ်ကိုင်းပညာရေး တက္ကသိုလ် ပါမောက္ခ ဒေါက်တာခင်မာရီက Educational Studies ဘာသာရပ်နှင့်စပ်လျဉ်း၍ လည်း ကောင်း၊ မုံရွာပညာရေးကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါ်ဝင်းသိင်္ဂီကျော်က သိပ္ပံဘာသာရပ်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြောင်းမြ ပညာရေးကောလိပ်မှ ဒုတိယကျောင်းအုပ်ကြီး ဒေါ်သူဇာရှိန်က ဝိဇ္ဇာဘာသာရပ်နှင့် စပ်လျဉ်း၍လည်းကောင်း၊ သင်္ဃန်းကျွန်း ပညာရေးကောလိပ်မှ ဌာနမှူး ဒေါ်လွယ်လွယ်ခိုင်က တွဲဖက်သင်ရိုး ဝင်ဘာသာရပ်နှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြကြရာ Board of Study အဖွဲ့ဝင်များက ဆွေးနွေးကြသည်။ ထို့နောက် (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ် သင်ရိုးညွှန်းတမ်း အညွှန်းဘောင်၊ သင်ရိုးမာတိကာ မူကြမ်းအပေါ် ရန်ကုန်ပညာရေးတက္ကသိုလ် Board of Study ၏ သဘောထားမှတ်ချက်၊ အစည်းအဝေး ဆုံးဖြတ်ချက်များကို မှတ်တမ်းတင်ပြီး အတည်ပြုချက်ရယူခဲ့ကြသည်။ ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်နှင့် ရန်ကုန်မြောက်ပိုင်းခရိုင်တို့မှ ကျောင်းအုပ်ဆရာ ဆရာမများနှင့်တွေ့ဆုံပွဲကျင်းပ

ရန်ကုန် ၂၀၁၉ မေ ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန် အရှေ့ပိုင်းခရိုင်နှင့် ရန်ကုန်မြောက်ပိုင်းခရိုင်တို့မှ ကျောင်းအုပ်ဆရာ ဆရာမများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းရှိ စန္ဒိမာ ခန်းမ၌ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အမှာစကားပြောကြား ရာတွင် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ (၂၅) ရက်နေ့မှစ၍ ကျောင်းစတင်ဖွင့်သည့် ဇွန်လ(၁)ရက် နေ့မှ မတ်လ(၃၁)ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ် သဖြင့် ဆရာ ဆရာမများအားလုံး၊ ကျောင်းအုပ်ကြီးများ အားလုံးက မိဘ အုပ်ထိန်းသူ ပြည်သူများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များမှ ပညာရေးအရည်အသွေး ကောင်းမွန်စေရေး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကျောင်း အပ်နှံရာတွင် မည်သည့်ခွဲခြားမှုမျှမရှိဘဲ ကျောင်းအပ်လက်ခံရမည်ဖြစ်ပြီး မည်သည့်ငွေကြေး၊ လက်ဆောင် ပစ္စည်းကိုမျှ လက်ခံခြင်းမပြုလုပ်ရန် အသိပေးပြောကြား လိုကြောင်း၊ ကျောင်းနေအရွယ် ကလေးများ(၅ နှစ် အရွယ်ကလေး)အားလုံး သူငယ်တန်း(KG)တန်း၊ ၆ နှစ်အရွယ်ကလေးအားလုံး ပထမတန်း(Grade-1)၊ စတုတ္ထတန်း(Grade-5) အောင်သည့် ကျောင်းသား ကျောင်းသူများသည် Grade-5 ပြီးသည့် အတွက် သင်ရိုး သစ်ဖြစ်သည့် ဆဋ္ဌမတန်း(Grade-6)သို့ တက်ရောက်ရမည်ဖြစ်ပါကြောင်း။ မူလတန်း ပညာရေးဖြစ်သည့် သင်ရိုးသစ် သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း အတွက် သင်ရိုးသစ်ကျောင်းသုံး ဖတ်စာအုပ်ပြုစုရာတွင် ကျောင်းသုံးဖတ်စာအုပ်အဟောင်းမှ အကြောင်းအရာ အဟောင်း ၈၀%၊ အကြောင်းအရာအသစ် ၂၀%သာပါရှိပြီး မူလတန်းပြဆရာ ဆရာမများအားလုံး စုစုပေါင်း (၂၅၀၀၀၀) ခန့်ကို သင်ကြားသင်ယူမှုနည်းလမ်းအသစ် (Pedagogy)နှင့် သင်ယူသူဗဟိုပြုသင်ကြား သင်ယူ ခြင်းဆောင်ရွက်ရန် သင်တန်းများပေးလျက်ရှိပါကြောင်း၊ ထို့ပြင် ဆဋ္ဌမတန်း (Grade-6)အတွက်လည်း အလယ်တန်းပြ ဆရာ ဆရာမများအားလုံး စုစုပေါင်း(၁၅၀၀၀၀)ခန့်ကို သင်တန်းများပေးလျက်ရှိပါကြောင်း။ ဆရာ ဆရာမ များ အရည်အသွေးပိုမိုမြင့်မားရေးနှင့် တစ်သက်တာသင်ယူလေ့လာနိုင်ရန် အလွန် အရေးကြီးသည့်အတွက် ပညာရေးကောလိပ်အားလုံးကို ပညာရေးဒီဂရီကောလိပ်များအဖြစ်သို့ အဆင့်မြှင့်တင် နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် တစ်သက်တာ သင်ယူလေ့လာနိုင်ရန်အတွက် အင်္ဂလိပ်စာနှင့် အိုင်စီတီအရည်အသွေးများကို ခေတ်နှင့်အညီ လိုက်လျောညီထွေမှုရှိရန် လေ့လာဆည်းပူးနေမှသာလျှင် နိုင်ငံတကာနှင့် ရင်ဘောင်တန်း နိုင်မည့် အရည်အသွေးမီကလေးများကို မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ သင်ကြားသင်ယူမှု အရည်အသွေးကောင်းမွန်စေရန် သင်ယူလေ့လာနိုင် မည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမ အရည်အသွေးပိုမိုကောင်းမွန်မှသာလျှင် ကျောင်းသား ကျောင်းသူများအနေဖြင့် အကြောင်းအကျိုး၊ အကောင်းအဆိုးကို စဉ်းစားဝေဖန် သုံးသပ်နိုင်စွမ်းရှိပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင် နိုင်စွမ်းရှိလာမည်ဖြစ်ပါကြောင်း၊ သို့မှသာ ကောင်းမွန်သည့် အလုပ်အကိုင်များကို လုပ်ကိုင်နိုင်စွမ်းရှိသည့် ကျွမ်းကျင်မှု၊ စိတ်အားထက်သန်မှု၊ တစ်သက် တာသင်ယူလေ့လာမှုများ ပြည့်စုံမှုရှိရန်လိုအပ်ပါကြောင်း၊၊ အရည်အသွေးရှိသော ပညာရေးစနစ်ကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်မှန်ကန်မှုရှိရန်လိုအပ်ပါကြောင်း၊ မူလတန်းကျောင်းသား ကျောင်းသူအားလုံး မူလတန်းပညာ သင်ယူပြီးမြောက်ပြီး အလယ်တန်းနှင့် အထက် တန်းများကို ဆက်လက် ပညာသင်ယူရမည်ဖြစ်ပါကြောင်း၊ အထက်တန်း သင်ယူပြီးမြောက်ပါက မိမိတို့၏အရည်အချင်းနှင့် ဝါသနာအရ သက်မွေးသင်တန်းကျောင်း သို့မဟုတ် တက္ကသိုလ်ပညာများကို ဆက်လက်သင်ယူနိုင်မည်ဖြစ်ပါကြောင်း၊၊
ပညာရေးပြုပြင်ပြောင်းလဲမှုကို အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် မိဘဆရာအသင်းများ၏ပူးပေါင်း ဆောင်ရွက်မှု ကောင်းမွန်ရန်အရေးကြီးသကဲ့သို့ ကျောင်း၊ ကျောင်းအုပ် ဆရာ ဆရာမများ၏လိုအပ်ချက်၊ အခက်အခဲ၊ မပြည့်စုံမှုများ ကိုဖြည့်ဆည်းပေးရန်လိုအပ်ပါကြောင်း၊ ဆရာဆရာမများ၏ကြုံတွေ့ ရသည့် အခက် အခဲ လိုအပ်ချက်များကို ကျောင်းအုပ်များက ပံ့ပိုးကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းအုပ် များ၏ လိုအပ်ချက်များကိုလည်း မြို့နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပညာ ရေးမှူး၊ ထိုမှတဆင့် သက်ဆိုင်ရာ ဦးစီးဌာနအလိုက်တာဝန်ရှိသူများက ပံ့ပိုးကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ပါ ကြောင်း၊၊
ပညာရေးအရည်အသွေးရှိပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများ ကိုကြည့်ပါက စာမေးပွဲရမှတ်များများရရှိရန် သင်ယူခြင်းမဟုတ်ဘဲ သင်ယူပြီးရင်း တစ်သက်တာသင်ယူရန် အတွက် နက်နက်နဲနဲသင်ယူခြင်းဖြစ်ပါကြောင်း၊ ဆရာဗဟိုပြုသင်ကြား သင်ယူခြင်းမဟုတ်ဘဲ သင်ယူသူဗဟိုပြုသင်ကြား သင်ယူခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ စစ်ဆေးအကဲဖြတ်ခြင်းအတွက် စစ်ဆေးမှုများကို ဇူလိုင်/သြဂုတ်တွင် (၁)ကြိမ် ၊ နှစ်လယ်စာမေးပွဲကို အောက်တိုဘာလတွင် (၁)ကြိမ်၊ ဒီဇင်ဘာလတွင် စစ်ဆေးအကဲဖြတ်မှု(၁)ကြိမ်၊ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ လနှင့် မတ်လများတွင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စတုတ္ထတန်း (Grade-5)၊ အဋ္ဌမတန်း(Grade-9)နှင့် တက္ကသိုလ်ဝင်စာမေးပွဲများကို ပုံမှန်ဆောင်ရွက်ပြီး ကျန်အတန်းများကို မတ်လအကုန်တွင် စစ်ဆေးအကဲ ဖြတ်ခြင်းများကို ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊၊
အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် အဓိက ဖြေရှင်းဆောင်ရွက်ရမည့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ အရက်ဘီယာနှင့်စီးကရက် မသုံးစွဲရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေးတို့ကို ဦးစားပေးဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း၊ ကျန်းမာ ရေးနှင့် ညီညွတ်သော လူနေမှုပုံစံများကို ပညာပေးရန် စီစဉ်လျက်ရှိကြောင်း၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုကိုလည်း ထည့်သွင်းရန် စီစဉ်လျက်ရှိကြောင်း၊ ကျောင်းသားများနှင့်လူငယ်များအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်နေသော ကွန်ပျူတာဂိမ်းစွဲလန်းမှု ကိုလျှော့ချပေးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်း ထောက်ပံ့ကြေးများ၊ ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေများကိုလည်း လက်စွဲစာအုပ်မှ သတ်မှတ်ထားသည့်အတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ပြီး ကော်မတီများဖွဲ့စည်းရန်လိုအပ်ပြီး အစည်းအဝေးဆုံးဖြတ်ချက် များနှင့် အကျိုးရှိထိရောက်မှုရှိပြီး ပွင့်လင်းမြင်သာစွာသုံးစွဲကြရန်နှင့် ငွေစာရင်းရှင်းတမ်းများကို လစဉ်ထုတ်ပြန်ရန် လိုအပ်ပါကြောင်း၊ ပညာသင်ထောက်ပံ့ကြေးများပံ့ပိုးပေးရန်အတွက် မသန်စွမ်းကလေးများအားလုံး၊ ဝင်ငွေ နည်းမိသားစုများမှ ကျောင်းသားကျောင်းသူများကို ဦးစားပေးထောက်ပံ့ရန် လိုအပ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူအားလုံးအတွက် အရည်အသွေးရှိသော ပညာရေးစနစ်ဖြင့် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာစေရန်အတွက် ကျန်းမာကြံ့ခိုင်ပြီး တာဝန်ယူ တာဝန်ခံပူးပေါင်းဆောင်ရွက်တတ်ပြီး ဆန်းသစ်တီထွင်တတ် သည့် လူသားကောင်းများဖြစ်လာစေရေး အားလုံးက ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလို ကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အခြေခံပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ပညာရေးမူဝါဒလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် လှိုင်သာယာမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးခင်မောင်ဝင်း၊ တောင်ဥက္ကာလာပမြို့နယ် အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသံဒိုင်၊ လှိုင်သာယာမြို့နယ် အမှတ်((၁၉ အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ဆုဝေလင်း၊ မင်္ဂလာဒုံမြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကွေတောင်၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၆)အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းကို၊ တိုက်ကြီးမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခွဲ(မြို့မ)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဆန်းမြင့်၊ လှိုင်သာယာမြို့နယ် အမှတ် (၉)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ရွှေတို့က သိရှိလိုသည်များကို မေးမြန်း အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ကြသည်။
အလားတူ မေလ ၁၈ ရက်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်တောင်ပိုင်းခရိုင်နှင့် ရန်ကုန်အနောက်ပိုင်းခရိုင်တို့မှ ကျောင်းအုပ်ဆရာ ဆရာမများနှင့်တွေ့ဆုံပွဲကျင်းပ ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သင်းသင်းဌေး၊ ခနောင်တိုမြို့နယ် အမှတ်(၁၄)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်း အုပ်ဆရာမကြီး ဒေါ်အေးအေးပြုံး၊ ဒလမြို့နယ် အခြေခံပညာအလယ်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်ရီရီ သန်း၊ မရမ်းကုန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ၀ဿန်မြတ်သင်း၊ မရမ်းကုန်းမြို့နယ် အမှတ်(၁၉) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်အေး၊ တွံတေးမြို့နယ် အမှတ်(၇) အခြေခံပညာအလယ်တန်းကျောင်း (ထော်ကူး)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်တင့်တင့်အောင်၊ အလုံမြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်နီဝေ၊ ကမာရွတ်မြို့နယ် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မြဝေ၊ မရမ်းကုန်းမြို့နယ် အမှတ်(၅)မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့် ဌေး၊ တွံတေးမြို့နယ် အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်း၊ ဗဟန်းမြို့နယ် အမှတ်(၂၂)မူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သီတာမြင့််တို့က သိရှိလိုသည်များကို မေးမြန်း အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)ရှိ အမှတ်(၁၈)အခြေခံပညာ အလယ်တန်း ကျောင်းခွဲ(ရှမ်းတဲကြီး)၌ ကျင်းပသည့် ပထမအကြိမ် နွေရာသီ အင်္ဂလိပ်စာ၊ ကွန်ပျူတာသင်တန်းဆင်းပွဲနှင့် ကွန်ပျူတာ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


ပြည်သူ့အတွက် တတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲပြုလုပ်

နေပြည်တော် ၂၀၁၉ မေ ၁၅ 
ပြည်သူ့အတွက် တတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး၀န်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ သတင်းစာရှင်းလင်းပွဲတွင် ပညာရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် မည်သည့်ခွဲခြားမှုမျှမရှိဘဲ ပညာသင်ကြားခွင့်ရရှိရေး၊ မည်သည့်တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး၊ ကျောင်း နေမြဲ၍ ကျောင်းထွက်သူ မရှိစေရေး၊ တာ၀န်ယူ တာဝန်ခံ၍ ပူးပေါင်းဆောင်ရွက်တတ်ပြီး တီထွင်ဆန်းသစ် ဖန်တီးနိုင်စွမ်းရှိသော လူသားကောင်းများ ပြုစုပျိုးထောင်ရေး၊ တစ်သက်တာ သင်ယူနိုင်သော ပညာရေးအခွင့်အလမ်းများ ဖန်တီးပေးရေးဆိုသည့် မျှော်မှန်းရလဒ်များဖြင့် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများကို ပေးထားသည့် ကတိအတိုင်း ပညာရေးပြုပြင်ပြောင်းလဲမှု ဦးစားပေးလုပ်ငန်းစဉ် ၁၂ ရပ်ဖြစ်သည့် ရှေးဦးကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နိုင်ငံသားတိုင်း အနည်းဆုံး မူလတန်းပညာကို သင်ယူပြီးမြောက်ပြီး အလယ်တန်းပညာနှင့် အထက်တန်းပညာကို အဆင့်ဆင့်တိုးမြှင့် သယ်ယူခွင့်များရရှိရန် ဆောင်ရွက်မည်ဖြစ်ရာ မူလတန်းအရွယ်ကလေးတိုင်း မူလတန်းပညာရေးကို ပြီးမြောက်အောင်မြင်ခြင်းနှင့် မူလတန်းပညာသင်ယူရန် အခက်အခဲရှိနေသည့် ကာယ၊ ဉာဏစွမ်းရည် အားနည်းသောကလေးများ၊ ဆင်းရဲနွမ်းပါးသည့် ကလေးများ၊ ဝေးလံခေါင်ဖျားဒေသရှိ ကလေးများစသည့် ကလေးများအတွက် အလေးထားသည့် ပညာရေးအစီအစဉ်များ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ ကွဲပြားခြားနားသည့် ဘာသာစကားပြောသော မူလတန်းတိုင်းရင်းသား ကလေးငယ်များအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် တိုင်းရင်းသားဘာသာစကား သင်ရိုးညွှန်တမ်း ပြုစုရေးဆွဲခြင်းနှင့် သင်ကြားခြင်းများအပါအဝင် တိုင်းရင်းသား ဘာသာစကားနှင့် ယဉ်ကျေးမှုကို မြှင့်တင်ပေးရန် ဆောင်ရွက်ခြင်း၊ သင့်လျော်သော ဆရာ၊ ကျောင်းသားအချိုး ရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ ကျောင်းအသီးသီးမှ ဆရာများ၏ ဘာသာရပ်ကျွမ်းကျင်မှုနှင့် သင်ကြားပို့ချမှု စွမ်းရည်များ မြင့်မားလာစေရန် ဆောင်ရွက်ခြင်း၊ အခြေခံပညာရေးကို လူတိုင်းပိုမို လက်လှမ်းမီနိုင်ရန် ဖွံ့ဖြိုးမှုအားနည်းသည့် ဒေသများရှိ ကျောင်းများ (အထူးသဖြင့် ကျောင်းသုံးအဆောင်ပစ္စည်းများ လုံလောက်မှု မရှိသော အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းများ) ၏ လိုအပ်ချက်များကို ဦးစားပေးဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ ပညာအရည်အချင်း နည်းပါးသူများ၏ နေထိုင်မှုဘဝ တိုးတက်ကောင်းမွန်စေရန် အခြေခံပညာအလယ်တန်း၊ အထက်တန်း တန်းညှိအစီအစဉ်များနှင့် သက်မွေးမှုသင်တန်း အစီအစဉ်များဖြင့် ဆက်လက်ပညာ ဆည်းပူးနိုင်သော အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ တက္ကသိုလ်များတွင် ကိုယ်ပိုင်သင်ရိုးညွှန်းတမ်းများ ရေးဆွဲသင်ကြားခွင့်၊ အုပ်ချုပ်ခွင့်နှင့် သုတေသန လုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်သော ကမ္ဘာ့အဆင့်မီ အဆင့်မြင့်သင်ရိုး၊ ကမ္ဘာ့အဆင့်မီ အဆင့်မြင့်ပညာရေးစနစ် ဖြစ်ထွန်းလာစေရန် ဦးတည်ဖော်ဆောင်ပေးခြင်း၊ နည်းပညာနှင့် အသက်မွေး ပညာရေးနှင့်လေ့ကျင့်ရေး ပညာရပ်များကို တက္ကသိုလ်များ၏ ပညာရပ်များနှင့် တန်းတူဖွံ့ ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးခြင်း၊ ကျောင်းသားမိဘများနှင့် ရပ်ရွာအသိုက်အဝန်းကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေသော ထိရောက်သည့် ပညာရေး ဝန်ဆောင်မှုဖြစ်စေရန် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်တွင်းပြည်ပမှရရှိသည့် ပညာရေးဆိုင်ရာ ဘဏ္ဍာငွေများကို အကျိုးရှိထိရောက်စွာ ခွဲဝေသုံးစွဲနိုင်ရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်ခြင်း၊ တိကျမှန်ကန်သည့် သတင်းအချက်အလက်များကို အခြေခံ၍ ထိရောက်သည့် ပညာရေးပြုပြင်ပြောင်းလဲမှု၊ စီမံခန့်ခွဲမှုနှင့် လေ့လာကြီးကြပ်မှုလုပ်ငန်း အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ပညာရေးအသုံးစရိတ် တိုးတက်လာပါကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ၂ ဒသမ ၁၇ ထရီလီယံ တိုးမြှင့် အသုံးပြု၍ ပညာရေး ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်နေသလို အလွတ်ကျက်မှတ်သည့် ပညာရေးစနစ်မှ စဉ်းစားတွေးခေါ်မှုကို အားပေးသောပညာရေးစနစ်ကို အဓိကပြုပြင်ပြောင်းလဲ နေပါကြောင်း၊ အခြေခံပညာ ကဏ္ဍတွင် သူငယ်တန်း + ၁၂ တန်းပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာတွင် မူလတန်းပြီးသည့် ကလေးတိုင်းကို အလယ်တန်း၊ အထက်တန်း ပညာရပ်များ ဆက်လက်သင်ယူစေပြီး သတ်မှတ်အရည်အချင်းအလိုက် ဘွဲ့၊ ဒီဂရီများ ရရှိစေပြီး ကျွမ်းကျင်မှုအဆင့်အထိ ရောက်အောင် ဆက်လက်ဆောင်ရွက် နေပါကြောင်း၊ သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်းလဲရာတွင် Grade -1,2,3,6 ကျောင်းသုံး ဖတ်စာအုပ်များ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် Grade-3 နှင့် Grade-6 အလယ်တန်း၊ မူလတန်း ကျောင်းသုံးဖတ်စာ အုပ်များနှင့်ပတ်သက်ပြီး မူလတန်းနှင့် အလယ်တန်း ဆရာ၊ ဆရာမ အားလုံးကို သင်တန်းပေးနေပြီဖြစ်ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် Grade-4၊ Grade-7၊ Grade-10 ကျောင်းသုံးဖတ်စာအုပ် အသစ်များပြီးအောင် ရေးဆွဲပြုစု ဆောင်ရွက်နေပါကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် Grade-5၊ Grade-8 နှင့် Grade-11 ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ၁၂ တန်းလုံးအတွက် ကျောင်းသုံး ဖတ်စာအုပ်နှင့် ဆရာလမ်းညွှန်စာအုပ်များ ပြီးစီးအောင်ပြုစုနေပါကြောင်း၊ စနစ်သစ်တွင် သူငယ်တန်းကို Kindergarten၊ ပထမတန်းကို Grade-1၊ ဒုတိယတန်းကို Grade-2၊ တတိယတန်းကို Grade-3၊ စတုတ္ထတန်းကို Grade-4၊ ပဉ္စမတန်းကို Grade-5၊ ဆဋ္ဌမတန်းကို Grade-6၊ သတ္တမတန်းကို Grade-7၊ အဋ္ဌမတန်းကို Grade-8၊ နဝမတန်းကို Grade-9၊ ဒသမတန်းကို Grade-10၊ ဧကာဒသမတန်းကို Grade-11၊ ဒွါဒသမတန်းကို Grade-12 ဟု အတန်း စနစ်များကို ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေပါကြောင်း၊ ဆရာ၊ ကျောင်းသားဦးရေကဏ္ဍတွင် အစိုးရကျောင်း ၄၇၀၀၅ ကျောင်း၊ ဆရာဦးရေ ၄၀၄၄၄၄ ဦးရေရှိပြီး ကျောင်းသား ကျောင်းသူဦးရေမှာ ၉၁၄၄၄၆၉ ရှိပါကြောင်း၊ အစိုးရကျောင်းနှင့် ပုဂ္ဂလိကပေါင်းပါက ကျောင်းသားဦးရေ ၉၇၀၇၀၈၀ ရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် ကျောင်းများ အရေအတွက် ပိုမိုတိုးတက်လာပြီး ရှမ်းပြည်နယ်နှင့် ဧရာ၀တီတိုင်းဒေသကြီးတွင် ပိုမိုတိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခဲ့ကာ ကျောင်းသား ကျောင်းသူများလည်း ပိုမိုတိုးတက်လာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ လိုအပ်သည့် ကျောင်းဆောင်များကိုလည်း ခွင့်ပြုသည့်ရန်ပုံငွေဖြင့် ဘဏ္ဍာငွေအပေါ်မူတည်ပြီး ဆောင်ရွက်ပေးနေပါကြောင်း၊ ကျောင်းသုံးဖတ်စာအုပ်များတွင် စာရိတ္တနှင့် ပြည်သူ့နီတိစာအုပ်ကို အခမဲ့ဖြန့်ဝေခြင်း၊ ဆရာ၊ ဆရာမများအား ဆရာကိုင်စာအုပ်များ အခမဲ့ဖြန့်ဝေခြင်း၊ ဆရာ၊ ဆရာမ လမ်းညွှန်စာအုပ်များ အခမမဲ့ဖြန့်ဝေခြင်းနှင့် လက်တွေ့စာသင်ခန်းသုံး ပစ္စည်းများကိုလည်း ထောက်ပံ့ပေး နေပါကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်မှုဦးရေမှာ ယခင်နှစ်က ဦးရေထက် ပိုမိုတိုးတက်လာပါကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူဦးရေမှာ ၈၅၀၀၀၀ ရှိခဲ့ပြီး အမြင်အာရုံ မသန်စွမ်းသူများ၊ အကြားအာရုံ မသန်စွမ်းသူများ၊ ကိုယ်အင်္ဂါ မသန်စွမ်းသူများနှင့် ရွှေ့ပြောင်းလုပ်သား မိသားစုများမှ ဝင်ရောက်ဖြေဆိုသူ အကျဉ်းထောင်များမှ ၀င်ရောက်ဖြေဆိုသူများ များပြားလာပါကြောင်း၊ ကျောင်းသား၊ ဆရာ၊ မိဘအုပ်ထိန်းသူ ပြည်သူများနှင့်ပူးပေါင်းပြီး မူးယစ်ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အရက်၊ ဘီယာမသုံးစွဲရေး၊ စီးကရက်၊ ကွမ်းယာမသုံးစွဲရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံ အသိပညာပေးရေး၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးရေး၊ ဂိမ်းစွဲလမ်းမှု ပပျောက်စေရေးတို့အတွက် ကျောင်းသား၊ ဆရာ၊ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများနှင့် ဆွေးနွေးပွဲများကိုလည်း ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးပြုပြင်ပြောင်းလဲမှုအနေဖြင့် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကို တစ်နှစ်လုံးဆောင်ရွက်ခဲ့ပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးအနေဖြင့် အစိုးရနည်းပညာ အထက်တန်းကျောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံများ ပုံမှန်သင်တန်းများအပြင် ကာလတိုသင်တန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်သင်ကြား ဆောင်ရွက်ပေးနေပါကြောင်း၊ ရွှေ့ပြောင်းနေထိုင်သူများ အတွက်လည်း ဒေသနှင့် ကိုက်ညီသည့် သင်တန်းများကို ဖွင့်လှစ်စီစဉ် ဆောင်ရွက်ပေးနေပါကြောင်း၊ ပါမောက္ခချုပ်များ ကော်မတီကို ဖွဲ့စည်းပြီးညီလာခံ ၂ ကြိမ် ပြုလုပ်ခဲ့ကာ လုပ်ငန်းကော်မတီ ၉ ခုဖွဲ့စည်းခြင်းနှင့် အထူးအပြုအဖွဲ့ ၈ ဖွဲ့ ဖွဲ့စည်းကာ ဆောင်ရွက်နေပါကြောင်း၊ ဆရာ ဆရာမ အရည်အသွေး မြင့်မားရေးအတွက် ၂ နှစ်သင်ပညာရေး ကောလိပ်များကို ၄ နှစ်သင်ပညာရေးဒီဂရီ ကောအလိပ်အဖြစ် အဆင့်မြှင့်တင်် ဆောင်ရွက်နေပါကြောင်း၊ ဒေသလိုအပ်ချက် အထောက်အကူပြု ဘွဲ့သင်တန်းများဖြစ်သည့် အမျိုးသားစီမံခန့်ခွဲမှု ဒီဂရီကောလိပ်၊ မန္တလေးဒီဂရီကောလိပ်တွင် ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှု ဘွဲ့ကြိုသင်တန်း ဖွင့်လှစ်ခြင်း၊ ရန်ကုန်တက္ကသိုလ်တွင် Fisheries and Aquaculture ဘွဲ့ကြိုသင်တန်း ဖွင့်လှစ်ခြင်း၊ စစ်တွေတက္ကသိုလ်တွင် Marine Science ဘွဲ့ကြိုသင်တန်းတို့ကို ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်များတွင် ကျောင်းသား ကျောင်းသူများ ပိုမိုသင်ကြားလာပြီး ဘွဲ့ရဦးရေ တိုးတက်လာပါကြောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံပေါင်း ၄၉ နိုင်ငံသို့ ပညာသင်ဦးရေ ၁၈၉၀ ကို စေလွှတ်နိုင်ခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းသား ကျောင်းသူများ ကျောင်းနေမြဲပြီး ပညာသင်ယူမှု အရည်အသွေး ကောင်းမွန်အောင် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားသည်။ ထို့နောက် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၏ ပြည်သူ့အတွက် တတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက တိုင်းရင်းသားလူမျိုးများရေးရာ ၀န်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ခြင်းအပိုင်းတွင် တိုင်းရင်းသားများ၏ ဒေသဖွံ့ဖြိုးရေးအတွက် တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်ကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပခဲ့ပြီး ဆွေးနွေးပွဲ၏ အကျိုးသက်ရောက်မှုတစ်ခုအဖြစ် တိုင်းပြည်၏ စီးပွားရေးကို အထောက်အကူပြုစေမည့် မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းကို ၂၀၁၈ ခုနှစ် မတ် ၁၇ ရက်တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်အသင်းကြီးကကြီးမှူး၍ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြပွဲနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ပွဲတော်ကြီးဖြစ်သော "သွေးချင်းတို့ရဲ့ ပွဲတော်ဆီ" ပွဲတော်ကြီးကို ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှ ၃၀ ရက်အထိ ဝင်ကြေးအခမဲ့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ရက်များတွင် မြန်မာတိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအက ဓလေ့ အဝတ်အထည်နှင့် စားသောက်ကုန်များ၊ စာပေဂီတ တူရိယာများ၊ ရိုးရာဓလေ့ လုပ်ငန်းသုံးပစ္စည်းများ၊ တိုင်းရင်းဆေးများ၊ တိုင်းရင်းသား လူမျိုးအလိုက် သမိုင်း၊ လွတ်လပ်ရေး အတူကြိုးပမ်းခဲ့ကြသည့် သမိုင်း၊ စာအုပ်စာပေများ၊ စီးပွားရေးလုပ်ငန်းများ ဒေသထွက်ကုန်များ၊ ခရီးသွားလုပ်ငန်းရှင်များ၏ ပြခန်းများ၊ ဒေသအလိုက် သဘာဝတန်ဖိုးမြှင့်ထုတ်ကုန်များ၊ ဒေသအလိုက် ခရီးသွားလုပ်ငန်းများ၊ တိုင်းရင်းသား ခရီးသွားဒေသများနှင့် အထင်ကရနေရာများ၊ ဒေသထွက်ကုန် အမှတ်တရလက်ဆောင် ပစ္စည်းအရောင်းပြခန်းများ ခင်းကျင်းပြသခဲ့သည့်အပြင် Miss Ethnic Myanmar 2019 တိုင်းရင်းသား အလှမယ်ရွေးချယ်ပွဲကို ကျင်းပခဲ့ရာ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ပြည်သူများ၊ နိုင်ငံတကာသံတမန်များ၊ နိုင်ငံခြားသားများ လာရောက်လေ့လာ အားပေးခဲ့ကြပါကြောင်း၊ ထို့ပြင် ပွဲတော်ကြီးအား ဂုဏ်ပြုသည့်အနေဖြင့် “အပြောင်းအလဲ-စိန်ခေါ်မှုများမှ အခွင့်အလမ်းများဆီသို့” ဖိုရမ် Change-Challenges to Opportunities အား ၂၀၁၉ ခုနှစ် ဇန်န၀ါရီ ၂၄ ရက်၌ ကျင်းပခဲ့ပါကြောင်း၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ် အခမ်းအနားပွဲတော်များကို ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ကျင်းပသည့်အခါ ၀န်ကြီးဌာနက ထောက်ပံ့ကူညီပေးပြီး တိုင်းဒေသကြီး ပြည်နယ်များတွင် ကျင်းပသည့်အခါ သက်ဆိုင်ရာအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက် ပေးပါကြောင်း၊ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အတွင်း ကျင်းပခဲ့သည့် ရှမ်းနှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်လှူဒါန်းခြင်း အခမ်းအနား၊ အာခါအမျိုးသား စုပေါင်းနှစ်သစ်ကူးပွဲတော်၊ ကရင်အမျိုးသားနှစ်သစ်ကူးနှင့် ကောက်သစ်စားပွဲတော်၊ ကရင်နှစ်သစ်ကူးပွဲတော်၊ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား၊ ၆၇ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား၊ ကိုးကန့်တိုင်းရင်းသား လူမျိုးများ၏ နှစ်သစ်ကူး အထိမ်းအမှတ်ပွဲတော်၊ ၇၁ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား၊ ဒဿမ အကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့၊ ပအိုဝ်အမျိုးသားနေ့ (အကြို) အခမ်းအနား၊ ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနား၊ ၆၁ ကြိမ်မြောက် ကယားပြည်နယ်လုံးဆိုင်ရာ စုပေါင်းကေ့ထျိုးဘိုး (ခေါ်) ဂန်းခွမ့်တံခွန်တိုင်ပွဲတော် အခမ်းအနား၊ ၁၉ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားများသို့ ပြည်ထောင်စု၀န်ကြီးနှင့် ဒုတိယ၀န်ကြီးတို့ တက်ရောက်ခြင်းနှင့် အလှူငွေပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အချို့အခမ်းအနားများတွင် သ၀ဏ်လွှာပေးပို့ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းရင်းသား ပညာရေးကဏ္ဍ ဆောင်ရွက်မှုများအနေဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၌ အခြေခံပညာ ကျောင်းများတွင် တိုင်းရင်းသား စာပေသင်ကြားပေးသည့် သင်ကြားရေး အထောက်အကူပြု နေ့စားလပေး ဆရာ ဆရာမ Teaching Assistant (TA) များ ခန့်ထားနိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးပြည်နယ်များနှင့် နေပြည်တော်တို့တွင် (TA) ဆရာ၊ ဆရာမ ၅၁၆၁ ဦးကို ခန့်ထားနိုင်ခဲ့ပါကြောင်း၊ Teaching Assistant ခန့်ထားပြီး ၅၁၆၁ ဦးအနက် ဘွဲ့ရ ၇၁၉ ဦးကို ပညာရေး ကောလိပ်များတွင် သင်တန်းတက်ရောက်ပြီးပါက မူလတန်းပြဆရာ ဆရာမများအဖြစ် ခန့်ထားပေးနိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းစီစဉ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၁၉ ပညာသင်နှစ်၌ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေ သင်ကြားပေးမည့် သင်ကြားရေး အထောက်အကူပြု နေ့စားလပေး ဆရာ ဆရာမ Teaching Assistant TA များနှင့် တိုင်းရင်းသားဘာသာစကား တတ်ကျွမ်းသော ပြင်ပမှ ဆရာ ဆရာမများကို တစ်လလျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် ဘာသာစကားသင် ဆရာ ဆရာမ Language Teacher များကို ကျောင်းဖွင့်အမီ ခန့်ထားနိုင်ရေးအတွက် လျှောက်လွှာများ စိစစ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းရင်းသား ကလေးငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန် KG တန်းများအတွက် အခြေခံဖြစ်သော တိုင်းရင်းသားဘာသာ နှင့် မြန်မာဘာသာ ၂ မျိုး ပုံပြပုံပြင်စာအုပ် (ရုပ်ပြ) များကို တိုင်းရင်းသားဘာသာ ၆၆ မျိုး ဖြင့်A5အရွယ်အုပ်ရေ ၃၄၁၂၂၃၀ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိဆောင်ရွက်လျက် ရှိပါကြောင်း၊ တိုင်းရင်းသား ကျန်းမာရေးကဏ္ဍ ဆောင်ရွက်မှုများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ၂၀၁၈ ခုနှစ် မတ် ၆ ရက်တွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များစာအုပ်ကို တိုင်းရင်းသား ဘာသာသို့ ပြန်ဆိုနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပြီး တိုင်းရင်းသားဘာသာများဖြင့် ပုံနှိပ်ဖြန့်ဝေနိုင်ရေး အတွက် သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းခဲ့ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကလေးငယ်များကာကွယ် ဆေးထိုးနှံရေးပိုစတာ၊ ဂျပန်ဦးနှောက် အမှေးရောင် ရောဂါကာကွယ်ဆေး ထိုးနှံရေး ပိုစတာ၊ တုပ်ကွေးရောဂါကာကွယ်ရေး ပိုစတာများကို တိုင်းရင်းသား ဘာသာများသို့ ပြန်ဆိုပြီး ကျန်းမာရေး ပညာပေးခဲ့သည့်အတွက် တိုင်းရင်းသားများအနေဖြင့် အလွယ်တကူနားလည် သဘောပေါက်သောကြောင့် အကျိုးကျေးဇူးများစွာ ရရှိခဲ့ပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် ၀န်ကြီးဌာနရှိ ၀န်ထမ်းများ၏ အရည်အသွေး တိုးတက်မြင့်မား လာစေရန်အတွက် ပြည်ပနိုင်ငံများသို့ ၃ နှစ်တာအတွင်း လေ့လာရေး၊ ဆွေးနွေးပွဲများသို့ ၂၇ ဦး၊ သင်တန်းများသို့ ၁၀ ဦး စေလွှတ်နိုင်ခဲ့ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားလူမျိုးစုရေးရာကော်မရှင် ဒုတိယဝန်ကြီး Mr. LI Changping ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ် နို၀င်ဘာ ၇ ရက်မှ ၁၁ ရက်အထိ ၅ ရက်ကြာ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အတွင်းနှစ်နိုင်ငံ တိုင်းရင်းသား လူမျိုးများရေးရာ ကိစ္စရပ်များဆွေးနွေးခဲ့ကြပြီး အမျိုးသားလူမျိုးစုရေးရာ ကော်မရှင် အုပ်ချုပ်မှုအောက်ရှိ တက္ကသိုလ်များ၌ ဝန်ကြီးဌာနမှ ဝန်ထမ်းများအား ဘာသာရပ်ဆိုင်ရာ သင်တန်းများတွင် ပညာသင်များအဖြစ် တက်ရောက်နိုင် ရေးကိစ္စများအပါအဝင် တိုင်းရင်းသားရေးရာကိစ္စများအတွက် နားလည်မှုစာချွန်လွှာ MoU ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားများ၏ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း အနေဖြင့် တစ်နေရာတည်းတွင် တိုင်းရင်းသားလူမျိုးများ၏ ဝတ်စားဆင်ယင်မှုများ ရိုးရာအသုံး အဆောင်ပစ္စည်းများကို သိရှိနိုင်စေရန် ဝန်ကြီးဌာန ရုံးအမှတ် ၁၄ ၌ တိုင်းရင်းသား လူမျိုးစု ၅၀ ၏ ဝတ်စားဆင်ယင်မှုများနှင့် ရိုးရာအသုံးအဆောင်ပစ္စည်းများကို ပြခန်းများဖြင့် ခင်းကျင်းပြသဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ တိမ်မြှုပ်ပျောက်ကွယ် လုနီးပါးဖြစ်နေသော လူမျိုးစုတို့၏ ရိုးရာဓလေ့ထုံးစံများ၊ ယဉ်ကျေးမှု၊ လူနေမှုဘဝပုံစံများ၊ ကိုးကွယ်ယုံကြည်မှုများ၊ ပွဲတော်များကို ကွင်းဆင်း မှတ်တမ်းတင်လျက်ရှိရာ “ထနော့” တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာဓလေ့များကို Documentary ရုပ်သံမှတ်တမ်း တင်နိုင်ခဲ့ပါကြောင်း၊ တိုင်းရင်းသားများအား လေ့လာရေးဖိတ်ကြားခြင်းနှင့် တွေ့ဆုံမှုပြုခြင်းအနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကချင် ကရင် ချင်း ဗမာ ရခိုင် ရှမ်း တအောင်း လီဆူ လူမျိုးများနှင့် ရခိုင်ပြည်နယ်မှ ရခိုင်၊ ခမီ၊ မြို၊ သက်၊ မရမာကြီး၊ ဒိုင်းနက်၊ အရှိုချင်း နှင့် မင်းပြား၊ မြေပုံ၊ ရမ်းဗြဲဒေသများမှချင်း လူမျိုးများပါဝင်သည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့ကို ၂၀၁၉ ခုနှစ် ဖေဖော်၀ါရီ ၁၅ ရက်မှ ၁၇ ရက်အထိ နေပြည်တော်သို့ လေ့လာရေးခရီးစဉ် ပထမအကြိမ်အဖြစ် ဖိတ်ခေါ်ခဲ့ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခြင်းအပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးရှိ ဆလုံတိုင်းရင်းသားများအတွက် တိုင်းဒေသကြီးဘဏ္ဍာ ရန်ပုံငွေ ကျပ် ၆၁၆ သိန်းဖြင့် ဆန်နှင့်ငါးဖမ်းလှေငယ်များ ထောက်ပံ့နိုင်ရေးအတွက် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနက Focal အဖြစ် တာဝန်ယူဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ ခမီ၊ မြို၊ ဒိုင်းနက် တိုင်းရင်းသားလူမျိုးများနေထိုင်ရာ ဒေသများ၌ သောက်သုံးရေကန်အသစ် တူးဖော်နိုင်ရေး၊ သောက်သုံးရေကန်ဟောင်း ပြည်လည်တူးဖော်ပေးနိုင်ရေး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ညှိနှိုင်းပေးခဲ့ရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီး ၂၀၁၆ ခုနှစ် မိုရာမုန်တိုင်းကြောင့် ပျက်စီးခဲ့သော ဆေးပေးခန်းများ ပြည်လည်ဆောက်လုပ် ပေးနိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့် ညှိနှိုင်းခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေး ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယခုအခါ ကျပ်သိန်း ၂၀ ကုန်ကျခံ၍ ယာယီပြုပြင်ထားပြီး ဖြစ်ပါကြောင်း၊ ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ခရားအတွင်းရွာ အခြေခံပညာအထက်တန်းကျောင်း၌ စာသင်ဆောင် မလုံလောက်သည့်အတွက် တိုးချဲ့ကျောင်းဆောင် ဆောက်လုပ်ပေးနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငွေလုံး ငွေရင်း (တည်ဆောက်ရေး) စာရင်းတွင် ပေ ၁၂၀ X ပေ ၃၀ RCC (၁) ထပ်ကျောင်းဆောင်သစ် တိုးချဲ့ဆောက်လုပ်ရန် မြို့နယ်ဦးစားပေး အစီအစဉ်အရ ပညာရေးဝန်ကြီးဌာနက ထည့်သွင်းလျာထားပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်၊ ပုသိမ်ခရိုင်နှင့် မအူပင်ခရိုင်တို့အတွင်း ကျေးရွာပေါင်း ၃၀ ခန့် (NEP နှင့် ၁၀ မိုင်ကျော်ကွာဝေးသည့်ကျေးရွာများ) တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်၏ အထောက်အပံ့ဖြင့် ဆိုလာပြားများ တပ်ဆင်ပေးနိုင်ရန် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ မူကြမ်းအပေါ် သုံးသပ်ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်များ၌ မင်္ဂလာသီရိဟိုတယ်တွင် တတိယအကြိမ် ကျင်းပခဲ့ပါကြောင်း၊ နည်းဥပဒေမူကြမ်းအပေါ် ဝန်ကြီးဌာန၏ ဥပဒေဆိုင်ရာအကြံပေးအဖွဲ့မှ အတည်ပြုရေးဆွဲခဲ့ပြီး ဝန်ကြီးဌာန၏ ဌာနအကြီးအကဲများက စိစစ်သုံးသပ်ကာ ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ ပေးပို့ခဲ့ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး သဘောတူပါက ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ တင်ပြခွင့်ပြုချက် ရယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသား အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ခြင်းအပိုင်းတွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါအကြောင်းအရာများကို တိုင်းဒေသကြီး ပြည်နယ်များတွင် တိုင်းရင်းသားများအား ရှင်းလင်းတင်ပြခြင်း၊ အသိပညာပေးခြင်း ဆောင်ရွက်မှုများနှင့်အတူ တိုင်းရင်းသားရေးရာ အခြေခံအချက်များ ကောက်ယူခဲ့ရာ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ၆၁ ကြိမ် ပြုလုပ်ရန်လျာထား ရာ၌ ၅၅ ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ တိုင်းရင်းသားရေးရာ အခြေခံအချက်အလက်များနှင့် စစ်တမ်းကောက်ယူမှုများအရ မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ ၂၀၁၉-၂၀၂၈ ရေးဆွဲပြီး တိုင်းရင်းသား အခွင့်အရေးဆိုင်ရာများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ ၂၀၁၉-၂၀၂၈ တွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ မျိုးနွယ်စုအမည် မှန်ကန်စွာ မှတ်တမ်းပြုရေး၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ ကာကွယ်ရေး၊ ကျားမတန်းတူရေး၊ လူငယ်ရေးရာများ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းရေး၊ ပျောက်ကွယ် လုနီးပါးဖြစ်သော တိုင်းရင်းသား မျိုးနွယ်စုများ တည်တံ့ခိုင်မြဲရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ စီမံကိန်းများ ဆောင်ရွက်ရာ၌ ဒေသခံများအား ကြိုတင်ညှိနှိုင်းရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များတွင် ဒေသခံများပါဝင်ရေး၊ ဆေးဖက်ဝင်အပင်များ ထိန်းသိမ်းရေး၊ အငြင်းပွားမှု ဖြေရှင်းရေး၊ ပဋိပက္ခဖြစ်ပွားမှု လေ့လာဆန်းစစ် ရေးစသည့် ကဏ္ဍများပါဝင်ပါကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအနေဖြင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များနှင့် တိုင်းရင်းသားများ၏ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်စွာ ဆက်လက် ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ တိုင်းဒေသကြီး ပြည်နယ် ဦးစီးဌာနညွှန်ကြားရေးမှူးရုံး အဆောက်အဦသစ်များ ဆောက်လုပ်သွားမည်၊ ဝန်ထမ်းအင်အား ဖြည့်တင်းခန့်ရေး ဆောင်ရွက်သွားမည်၊ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေ သင်ကြားမည့် သင်ကြားရေး အထောက်အကူပြု Teaching Assistant နှင့် တိုင်းရင်းသား ဘာသာတတ်ကျွမ်းသော ဘာသာစကားသင် ဆရာ ဆရာမ Language Teacher များ ခန့်ထားနိုင်ရေး ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်၊ တိမ်မြှုပ်ပျောက်ကွယ် လုနီးပါးဖြစ်သော တိုင်းရင်းသား မျိုးနွယ်စုများ Documentary များ မှတ်တမ်းတင် ရိုက်ကူးနိုင်ရေး ဆောင်ရွက်သွားမည်၊ မူလတန်းကြို KG တန်းများအတွက် တိုင်းရင်းသား ကလေးငယ်များ စာသင်ကြားရာ၌ အထောက်အကူဖြစ်စေရန် တိုင်းရင်းသားရိုးရာပုံပြပုံပြင် စာအုပ်များ ထုတ်ဝေဖြန့်ချိနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် နွေရာသီကာလ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသား စာပေသင်ကြားနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်၊ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် နည်းဥပဒေထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည်၊ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေအကြောင်းအရာများကို တိုင်းဒေသကြီး ပြည်နယ်များတွင် တိုင်းရင်းသားများအား ရှင်းလင်းတင်ပြခြင်း၊ အသိပညာပေးခြင်း ဆောင်ရွက်မှုများနှင့်အတူ တိုင်းရင်းသားရေးရာ အခြေခံအချက်များ ကောက်ယူမှုများ ဆက်လက် ဆောင်ရွက်သွားမည်၊ တိုင်းရင်းသားကျေးရွာ (ရန်ကုန်)ကို စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ လွှဲပြောင်းလက်ခံရယူပြီး Focal Ministry အဖြစ်ဆောင်ရွက်သွားပါမည်၊ တိုင်းရင်းသားရေးရာ အခြေခံအချက် အလက်များနှင့် စစ်တမ်းကောက်ယူမှုများအရ မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ ၂၀၁၉-၂၀၂၈ ခုနှစ်ရေးဆွဲပြီး တိုင်းရင်းသားအခွင့်အရေး ဆိုင်ရာများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တိုင်းရင်းသားရေးရာ ကိစ္စများ ပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ MoU ရေးထိုးနိုင်ရေး ဆောင်ရွက်သွားမည်၊ တိုင်းဒေသကြီး ပြည်နယ်များ၌ တိုင်းရင်းသား လုပ်ငန်းရှင်အသင်းများ ဖွဲ့စည်းသွားမည်၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ် အခမ်းအနားများ ကျင်းပခြင်းကို အားပေးကူညီမှုများ ဆောင်ရွက်သွားမည်၊ တိုင်းရင်းသားများအား လေ့လာရေးခရီးစဉ်များကို ဖိတ်ခေါ်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် နေပြည်တော်ကောင်စီ ခေတ္တအတွင်းရေးမှူး ဦးထွန်းထွန်း၀င်း က ပြည်သူ့အတွက် တတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီအနေဖြင့် နိုင်ငံတော်အစိုးရ ပထမ (၁) နှစ်တာကာလ၊ ဒုတိယ (၁) နှစ်တာ ကာလနှင့် တတိယ (၁) နှစ်တာကာလတို့တွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ ဆည်မြောင်း/ ရေတွင်း/ ရေကန်၊ လျှပ်စစ်မီးလင်းရေးနှင့် အခြားဒေသဖွံ့ဖြိုးရေး ကဏ္ဍများကို ပြည်ထောင်စု ရန်ပုံငွေဖြင့်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ၊ နေပြည်တော်ကောင်စီ ရန်ပုံငွေနှင့် ဒေသအစီအစဉ် အလှူရှင်များ၏ ဆောင်ရွက်မှုစသည့်ဖြင့် လည်းကောင်း လုပ်ငန်းပေါင်း ၄၇၀၃ ခုကို ငွေကျပ်သန်းပေါင်း ၁၇၄၈၈၅ ဒသမ ၅၁၁ သန်း သုံးစွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရ တတိယ (၁) နှစ်တာကာလအတွင်း ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လမ်း/တံတားကဏ္ဍ၊ ဆည်မြောင်းကဏ္ဍ၊ မီးလင်းရေးကဏ္ဍ၊ ရေရရှိရေးကဏ္ဍနှင့် အခြားဒေသ ဖွံ့ဖြိုးရေးကဏ္ဍ စသည့် လုပ်ငန်းပေါင်း ၁၈၈၀ ခုကို တန်ဖိုးငွေကျပ် ၉၀၇၈၈ ဒသမ ၇၀၉ သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ပညာရေးကဏ္ဍတွင် တတိယ (၁) နှစ်တာကာလအတွင်း မြို့နယ် (၈) မြို့နယ်တွင် လုပ်ငန်းပေါင်း ၁၀၆ ခုကို ငွေကျပ်သန်းပေါင်း ၅၄၉၂ ဒသမ ၆၇၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ တတိယ (၁) နှစ်တာကာလတွင် မူလတန်းကျောင်းခွဲမှ အထက်တန်းကျောင်းအထိ ကျောင်းပေါင်း ၉၇ ကျောင်းအား အဆင့်တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ခွင့်ပြုသည့် ဆရာ/ဆရာမ အင်အား ၈၁၁၃ ဦးအနက်မှ ၇၇၈၉ ဦးကို ပညာသင်နှစ်အလိုက် ခန့်အပ်နိုင်ခဲ့ပါကြောင်း၊ ဆရာ ဆရာမနှင့် ကျောင်းသားအင်အား အချိုးမှာ အထက်တန်း ၁ အချိုး ၂၃ ၊ အလယ်တန်း ၁ အချိုး ၂၅ နှင့် မူလတန်း ၁ အချိုး ၃၁ ဖြစ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍတွင် နိုင်ငံတော်အစိုးရ တတိယ (၁) နှစ်တာကာလအတွင်း စုစုပေါင်း ကျန်းမာရေးကဏ္ဍ လုပ်ငန်းပေါင်း (၂၆) ခုကို ငွေကျပ် ၁၈၁၀ ဒသမ ၅၆၈ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်သူ့ဆေးရုံ ၁၁ ရုံတွင် ဆရာ၀န် ၁၅၇ ဦး၊ သူနာပြု ၇၁၁ ဦး ခန့်အပ်ထားရှိပြီး ဆရာ၀န်နှင့် လူဦးရေအချိုးမှာ ၁ အချိုး ၇၆၀၀၊ သူနာပြုနှင့် လူဦးရေ အချိုးမှာ ၁ အချိုး ၃၄၈၉ ဖြစ်ပါကြောင်း၊ လမ်းတံတားကဏ္ဍတွင် နိုင်ငံတော်အစိုးရတတိယ (၁) နှစ်တာကာလအတွင်း လမ်းတံတား ကဏ္ဍလုပ်ငန်းပေါင်း ၈၇၁ ခုကို ငွေကျပ် သန်းပေါင်း ၃၄၃၅၃ ဒသမ ၂၅၃ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဆည်မြောင်းကဏ္ဍတွင် နိုင်ငံတော်အစိုးရ တတိယ (၁) နှစ်တာကာလအတွင်း လုပ်ငန်းပေါင်း ၁၈၀ ခုကို ငွေကျပ်သန်းပေါင်း ၉၄၅၄ ဒသမ ၂၅၇ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အပြင် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ကမ္ဘာ့ဘဏ် ချေးငွေဖြင့် ဆင်သေလက်ဝဲမြောင်း ဆည်ရေသောက်စနစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၃၀၆၄ ဒသမ ၁၂၁ သန်းဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ (၆) လတာကာလနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၄၄၉၁ ဒသမ ၅၅၂ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းပြီးစီးပါက ဆည်ရေသောက်ဧရိယာ ၆၈၄၆ ဧကကို စိုက်ပျိုးရေ ဖူလုံစွာပေးဝေနိုင်မည့်အပြင် လယ်မြေ ၉၅၅ ဧကကိုလည်း ထပ်မံရေပေးဝေ နိုင်မည်ဖြစ်ပါကြောင်း၊ လျှပ်စစ်မီးလင်းရေး ကဏ္ဍတွင် နိ်ုင်ငံတော်အစိုးရတတိယ (၁) နှစ်တာကာလအတွင်း လုပ်ငန်းပေါင်း ၂၀၆ ခုကို ငွေကျပ်သန်းပေါင်း ၁၅၂၃၇ ဒသမ ၁၂၉ သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ရေရရှိရေးကဏ္ဍတွင်လည်း နိုင်ငံတော် အစိုးရတတိယ (၁) နှစ်တာကာလအတွင်း လုပ်ငန်းပေါင်း ၁၂၇ ခုကို ငွေကျပ်သန်းပေါင်း ၆၅၄၀ ဒသမ ၇၉၄ သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အခြားဖွံ့ဖြိုးရေးကဏ္ဍများတွင် နိုင်ငံတော်အစိုးရတတိယ (၁) နှစ်တာကာလအတွင်း လုပ်ငန်းအရေအတွက် ၃၆၄ ခုကို ငွေကျပ် သန်းပေါင်း ၁၇၉၀၀ ဒသမ ၀၃၆ သန်းဖြင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မြေယာကိစ္စရပ်များ စီမံခန့်ခွဲဆောင်ရွက်နိုင်မှုနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ ပထမ (၁) နှစ်တာကာလတွင် တောင်သူ ၂၃ ဦး အတွက် ၅၈ ဒသမ ၅၅ ဧကကိုလည်းကောင်း၊ ဒုတိယ (၁) နှစ်တာကာလတွင် တောင်သူ ၅ ဦးကို ၁၀ ဒသမ ၈၆ ဧကနှင့် တတိယ (၁) နှစ်တာ ကာလတွင် တောင်သူ ၃၁ ဦးကို ၇၂ ဒသမ ၅၅ ဧကကိုလည်းကောင်း လယ်ယာမြေနှင့် အခြားနည်းအသုံးပြုနိုင်ရေး ခွင့်ပြုပေးနိုင်ခဲ့ပါကြောင်း၊ လုံခြုံရေးကဏ္ဍတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မှုခင်းဖြစ်ပွားမှု အခြေအနေမှာ နိုင်ငံတော်အစိုးရ တတိယနှစ် (၁) နှစ်တာကာလအတွင်း အမှုကြီး ၁၀မျိုး ဖြစ်ပွားမှု ၈၃ မှု ဖြစ်ပွားခဲ့ပြီး ဖြစ်ပွားမှုအများဆုံး အမှုများမှာ လူသတ်မှုနှင့် မုဒိမ်းမှုများဖြစ်ပါကြောင်း၊ အခြားအမှု ၁၀မျိုး ဖြစ်ပွားမှုမှာ ၂၀၉၂ မှု ဖြစ်ပွားခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၁၆ ခု တိုးလာခဲ့ပါကြောင်း၊ ကြိုကာမှု ၁၀ မျိုး ဖြစ်ပွားမှုမှာ ၁၉၂၄ မှု ဖြစ်ပွားခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၇၄၁ ခု လျော့ကျခဲ့ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ကဏ္ဍအလိုက် နှစ်စဉ်စီမံကိန်း လျာထားချက်များကို ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ရရှိခဲ့ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် လူတစ်ဦးချင်း ပျမ်းမျှ ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုတန်ဖိုးမှာ ယာယီစာရင်းအရ ၁၅၄၀၇၀၆ ကျပ်ဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ၁၆၂၆၆၃၉ ကျပ် ရရှိရန် ရည်မှန်းဆောင်ရွက်လျက် ရှိပါကြောင်း။
ပြည်သူ့၀န်ဆောင်မှုရုံးများ ဖွင့်လှစ်ဆောင်ရွက်မှုအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၈ မြို့နယ်တွင် ဖွင့်လှစ်ထားသော ပြည်သူ့၀န်ဆောင်မှုရုံး (One Stop Shop) များမှ နိုင်ငံတော်အစိုးရ ပထမ (၁) နှစ်တာကာလအတွင်း လုပ်ငန်း၀န်ဆောင်မှု ပေးနိုင်မှု ၃၂၇၂၁ ခုဖြစ်ပြီး ဒုတိယ (၁) နှစ်တာအတွင်း ၀န်ဆောင်မှုပေးနိုင်မှုမှာ ၃၁၁၆၀ ခုနှင့် တတိယ (၁) နှစ်တာကာလအတွင်းမှာ ၃၁၇၅၈ ခုကို ၀န်ဆောင်မှုပေးနိုင်ခဲ့ပါကြောင်း၊ သဘာ၀ဘေး ကယ်ဆယ်ရေးအနေဖြင့် သဘာ၀ဘေးဖြစ်ပွားမှု ၁၇၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ငွေကျပ်သန်း ၁၄၄ ဒသမ ၀၃ ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ စိုက်ပျိုးရေးအပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးစပါးမျိုး ၁၃ မျိုးကို ၁၇၁၅၁၄ ဧက၌ စိုက်ပျိုးခဲ့ပြီး ၁၇၁၀၇၅ ဧက ရိတ်သိမ်းခဲ့ကာ စပါးအထွက်နှုန်းမှာ ၁ ဧကလျင် ၈၄ ဒသမ ၃၇ တင်းထွက်ရှိခဲ့ပါကြောင်း။ နွေစပါးမျိုးကွဲအလိုက် စိုက်ပျိုးမှုမှာ ၂၁၅၁၆ ဧကဖြစ်ပြီး ဒေသ၀မ်းစာဖူလုံမှုအနေဖြင့် ဆန်ဖူလုံမှုမှာ ၁၀၄ ဒသမ ၄၈ ရာခိုင်နှုန်း ၊ ဆီဖူလုံမှု မှာ ၁၁၉ ဒသမ ၅၂ ရာခိုင်နှုန်းနှင့် ပဲဖူလုံမှုမှာ ၃၈၇ ဒသမ ၆၉ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ မွေးမြူရေးအနေဖြင့် နိုင်ငံတော်အစိုးရ တတိယ (၁) နှစ်တာကာလအတွင်း နိုင်ငံတော် ထောက်ပံ့ငွေနှင့် မြစိမ်းရောင် (အသားကဏ္ဍ)၊ မျိုးကောင်းမျိုးသန့် မွေးဘဏ်စနစ်တို့ဖြင့် ကျေးရွာ ၃ ရွာတွင် နွားအကောင်ရေ ၆၀ ကောင်၊ ၀က်အကောင်ရေ ၆၀၀ ကောင်အား ငွေကျပ်သန်း ၉၀ ဖြင့် မွေးမြူဆောင်ရွက်ခဲ့ပါကြောင်း၊ ဒေသတွင်း ငါးမွေးမြူထုတ်လုပ်မှုအနေဖြင့် ငါးမျိုးခွဲပေါင်း ၁၁ မျိုးကို ငါးမျိုးကောင်ရေ သိန်းပေါင်း ၄၀၀ ဒသမ ၃၈၅ သိန်းထုတ်လုပ် ဖြန့်ဖြူးနိုင်ခဲ့ပါကြောင်း၊ တရားမ၀င် သစ်ဖမ်းဆီးရရှိမှု အနေဖြင့် သစ်လုံး၊ သစ်ခွဲသား၊ သစ်တိုင် စုစုပေါင်း ၇၀၁ ဒသမ ၂၁၂၈ တန်ဖမ်းဆီးနိုင်ခဲ့ပါကြောင်း၊ ပုဂ္ဂလိက (ကျွန်း/သစ်မာ) စိုက်ခင်းတည်ထောင် ပြီးစီးမှုစာရင်းမှာ ကျွန်း ၅၁၆ ဒသမ ၈ ဧက ၊ သစ်မာ ၁၅၀၀ ဒသမ ၅၀ ဧက စုစုပေါင်း ၂၀၁၇ ဒသမ ၃ ဧက တည်ထောင်နိုင်ခဲ့ပါကြောင်း၊ ဒေသအစုအဖွဲ့ပိုင် သစ်တောတည်ထောင်မှု အနေဖြင့် ၁၄၄ ဖွဲ့ကို ဖွဲ့စည်းပေးနိုင်ခဲ့ပြီး ၄၈၅၄ ဒသမ ၉၂ ဧက စိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ နယ်မြေအတွင်း (မြို့တွင်း) ယာဉ်လိုင်းပြေးဆွဲမှုအနေဖြင့် အစိုးရတတိယ (၁) နှစ်တာကာလအတွင်း ရွှေပြည်သစ် ယာဉ်လိုင်းမှ (၁၀၃) စီး၊ ရွှေအောင်လံ ယာဉ်လိုင်းမှ (၃၅) စီး၊ ရွှေသပြေယာဉ်လိုင်းမှ (၅၃) စီးနှင့် နေပြည်တော် အဆင့်မြင့် ယာဉ်လိုင်းမှ (၁၉) စီး စုစုပေါင်းယာဉ်လိုင်း (၄) လိုင်းတို့မှ ယာဉ်စီးရေ (၂၁၀) စီးတို့ဖြင့် ပြေးဆွဲလျက်ရှိပြီး မူလပြေးဆွဲနေသော ယာဉ်လိုင်းများမှ တော်၀င်ယာဉ်အသင်းသည် မြို့တွင်းကြီးကြပ်မှုအောက်၌ ပြေးဆွဲခြင်းမရှိသည့်အပြင် ရွှေမြို့တော် ယာဉ်အသင်းအနေဖြင့်လည်း ယာဉ်လိုင်းဖျက်သိမ်းသွားခဲ့ပြီး ဖြစ်ပါကြောင်း၊ ခရီးသယ်ပို့ဆောင်ရေး (အဝေးပြေး) အနေဖြင့် နေပြည်တော်နှင့် အခြားပြည်နယ်/တိုင်းဒေသကြီး အပါအ၀င်ယာဉ်စီးရေ စုစုပေါင်း (၁၅၅၅) စီးဖြင့် ပြေးဆွဲလျက်ရှိပါကြောင်း၊ နေပြည်တော်ကောင်စီ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်လုပ်ကိုင်ရမည့် လုပ်ငန်းများအနေဖြင့် လုပ်ငန်း ခေါင်းစဉ်ကြီး ၆ ခုတွင် လုပ်ငန်းပေါင်း ၅၉၅ ခုအတွက် ကျပ်သန်းပေါင်း ၈၉၆၈၀ ဒသမ ၁၉၀ သန်း ခွင့်ပြုချထားပေးပြီး ဖြစ်သည့်အတွက် ညွှန်ကြားချက်များနှင့်အညီ စံချိန်စံညွှန်းကိုက်ညီအောင် ကြီးကြပ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် လာမည့်ဘဏ္ဍာနှစ်များတွင်လည်း ပြည်သူများအကျိုးဖြစ်ထွန်းစေမည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ဆက်လက်လျာထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် သတင်းမီဒီယာများက အခြေခံပညာအဆင့် စာမေးပွဲများကို လာမည့်နှစ်၌ မတ်တွင် ကျင်းပသွားမည့်ကိစ္စ၊ အဆင့်မြင့်ပညာကဏ္ဍတွင် အဝေးသင်ဝိဇ္ဇာတန်းများ ဖွင့်လှစ်နေမှု၊ အမျိုးသားပညာရေး ဥပဒေနှင့် ဆက်စပ် ဥပဒေများ ရေးဆွဲနေမှုအခြေအနေ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဆောက်လုပ်မည့်အစီအစဉ်၊ စစ်ဘေးရှောင်စခန်းများရှိ ကလေးများ ပညာသင်ကြားရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အစီအမံ၊ သင်ရိုးသစ်အတွက် ဖွင့်လှစ်သည့် သင်တန်းများတွင် ဆရာ၊ ဆရာမများအတွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ ရာထူးတိုးမြှင့်ခြင်းနှင့် အပြောင်းအရွှေ့ ဆောင်ရွက်နေမှုလုပ်ငန်းစဉ်၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မည့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ လက်အောက်ရှိ လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဘဏ္ဍာငွေရရှိမှု၊ နေပြည်တော်ကောင်စီနယ်မြေတွင် မိုးရာသီရေကြီး နစ်မြှုပ်မှုများ မဖြစ်ပေါ်စေရေး ကြိုတင်ပြင်ဆင်ထားရှိမှု၊ နေပြည်တော်တွင် ကျူးကျော်နေထိုင်သူများကို ဖြေရှင်းဆောင်ရွက်နေမှု၊ နေပြည်တော် သာယာလှပရေးအတွက် ပန်းအဝိုင်းများအား ပြင်ဆင်ဆောင်ရွက်နေမှု၊ နေပြည်တော်ကောင်စီတွင် သတင်းရယူခွင့် မြန်ဆန်သွက်လက်ရေး အစီအမံ၊ လေလွင့်ကလေးများ ထိန်းသိမ်းပျိုးထောင်ပေးမည့် အစီအစဉ်၊ နေပြည်တော်တွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ နေပြည်တော်တွင် တရားဝင် ဂရမ်လျှောက်ထားမှု၊ နေပြည်တော် ၈ မြို့နယ်တွင် စိမ်းလန်းစိုပြေရေး အတွက် သုံးစွဲသည့် ဘဏ္ဍာငွေ၊ နေပြည်တော်ကို Green City အဖြစ် ဖော်ဆောင်လျက်ရှိသည့် အခြေအနေ၊ ရေပန်းဥယျာဉ် အဆင့်မြှင့်တင်ရေး တင်ဒါခေါ်ယူမှု အခြေအနေများနှင့် စပ်လျဉ်း၍ မေးမြန်းကြရာ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။