ရန်ကုန် ၂၀၁၉ ဧပြီ ၂၁
ပညာရေးဝန်ကြီးဌာန
ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊
အခြေခံပညာဦးစီးဌာနနှင့် ADB-EYE Project တို့ ပူးပေါင်းဆောင်ရွက်သည့်
Grade-6 (သင်ရိုးသစ်) တိုင်းဒေသကြီး ပြည်နယ်အဆင့် ဆွေးနွေးပွဲအခမ်းအနားကို
ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပညာရေးတက္ကသိုလ်
လေ့ကျင့်ရေးအထက်တန်းကျောင်းရှိ နှင်းဆီခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက
အဖွင့်အမှာစကား ပြောကြားရာတွင် ဘက်စုံလွှမ်းခြုံသောပညာရေးကဏ္ဍ
လေ့လာဆန်းစစ်မှုအစီရင်ခံစာနှင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းများတွင်
ဖော်ပြထားချက်များအရ အခြေခံပညာကဏ္ဍ သင်ရိုးညွှန်းတမ်း
ပြုပြင်ပြောင်းလဲမှုကို KG+12 အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၂၀၁၇
ပညာသင်နှစ်တွင် သင်ရိုးသစ် KG၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် သင်ရိုးသစ်
Grade-1 နှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် သင်ရိုးသစ် Grade-2 တို့ကို
ပြောင်းလဲခဲ့ပါကြောင်း၊ လာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မူလတန်း၌
သင်ရိုးသစ် Grade-3 နှင့် အလယ်တန်းအတွက် သင်ရိုးသစ် Grade-6 တို့ကို
ပြောင်းလဲသင်ကြားသွားမည် ဖြစ်ပါကြောင်း၊ မူလတန်းအဆင့်တွင်
ဂျပန်နိုင်ငံအစိုးရ၏ နည်းပညာအထောက်အပံ့ဖြစ်သော JICA (CREATE) Project ဖြင့်
ဆောင်ရွက်လျက်ရှိပြီး အလယ်တန်း၊ အထက်တန်းအဆင့်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်၏
ချေးငွေဖြင့် ဆောင်ရွက်သည့် EYE Project–(Equipping Youth For Employment
Project) လူငယ်များအား အလုပ်အကိုင် အခွင့်အလမ်းများအတွက်
အသင့်ပြင်ဆင်ပေးခြင်း စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး EYE Project
တွင် အလယ်တန်းနှင့် အထက်တန်းပညာရေး (G6 – G12) တို့အတွက်
သင်ရိုးညွှန်းတမ်းများ အသစ်ပြင်ဆင်ရေးဆွဲခြင်းနှင့် နည်းပညာနှင့်
အသက်မွေးပညာရေးနှင့် လေ့ကျင့်ရေး(TVET) အစီအစဉ်သစ်များ မိတ်ဆက်ခြင်းဟူ၍ (၂)
ပိုင်းပါဝင်ပါကြောင်း၊ စီမံကိန်းစတင်သည့်နှစ်မှာ ၂၀၁၇-၂၀၁၈ဖြစ်ပြီး
၂၀၂၁-၂၀၂၂တွင် ပြီးဆုံးမည်ပါကြောင်း၊ သင်ရိုးသစ် Grade-6 အတွက်
ကြီးကြပ်သူများဆိုင်ရာ သင်တန်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၈ရက်နှင့် ၁၉
ရက်တို့တွင် ပထမအသုတ်နှင့် ဒီဇင်ဘာလ ၂၁ ရက်နှင့် ၂၂ရက်တို့တွင်
ဒုတိယအသုတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့နယ်ရှိ
ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် ပြုလုပ်ခဲ့ပြီး
ပညာရေးတက္ကသိုလ်များမှ ဆရာ၊ ဆရာမများ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်နှင့်
မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ စုစုပေါင်း (၆၀ဝ) ဦး
တက်ရောက်ခဲ့ပါကြောင်း၊ ဦးဆောင်ပို့ချသူများအတွက် သင်တန်းကို ၂၀၁၉ ခုနှစ်၊
ဇန်နဝါရီလ ၇ ရက် မှ ၁၁ ရက် အထိ ( ၅ ရက် ဖြင့်) ရန်ကုန်တိုင်းဒေသကြီး၊
ထောက်ကြန့်မြို့နယ်ရှိ ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းတွင်
ပြုလုပ်ခဲ့ပြီး ပညာရေးကောလိပ်များမှ ဆရာ၊ ဆရာမများ၊
ခရိုင်ပညာရေးမှူးရုံးများမှ ဦးစီးအရာရှိများ၊ ကျောင်းအုပ်များ၊ အလယ်တန်းပြ
ဆရာ၊ ဆရာမများ စုစုပေါင်း (၁၆၈) ဦးတက်ရောက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး/
ပြည်နယ်အဆင့်တွင် ဦးဆောင်ပို့ချမည့် ဆရာ ဆရာမ(၁၆၈) ဦးအား ၂၀၁၉ ခုနှစ် မတ်လ
၂၄ ရက်မှ ၂၆ ရက်အထိ မန္တလေးမြို့ အောင်မြေသာဇံမြို့နယ် အ-ထ-က (၈)တွင်
အကြိုဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်အဆင့်
သင်တန်းပထမအသုတ်ကို မတ်လ ၂၇ ရက်မှ ဧပြီလ ၈ ရက်အထိ (သင်တန်းကာလ ၁၂ ရက်ဖြင့်)
အ-ထ-က(၁) အောင်မြေသာဇံ၊ အ-ထ-က (၈) အောင်မြေသာဇံနှင့် အ-ထ-က(၁၄)
ချမ်းအေးသာဇံမြို့နယ်တို့တွင် ပြုလုပ်ခဲ့ပြီး သင်တန်းသား ဆရာ ဆရာမ
စုစုပေါင်း(၂၄၈၂)ဦး တက်ရောက်ခဲ့ပါကြောင်း၊ ယခု ဒုတိယအသုတ်ကို ၂၀၁၉ ခုနှစ်၊
ဧပြီလ (၂၁) ရက်မှ မေလ (၃) ရက်အထိ (သင်တန်းကာလ ၁၂ ရက်ဖြင့်) ရန်ကုန်မြို့
ကမာရွတ်မြို့နယ် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်းနှင့် အ-ထ-က(၄) အလုံ
တို့တွင် နှစ်နေရာခွဲ၍ ပြုလုပ်သွားမည်ဖြစ်ပြီး သင်တန်းသား ဆရာ ဆရာမ
စုစုပေါင်း (၂၅၁၄) ဦး တက်ရောက်မည်ဖြစ်ပါကြောင်း၊ နောက်ဆုံးအဆင့်ဖြစ်သည့်
ခရိုင်/ မြို့နယ်အဆင့် သင်တန်းများကို ၂၀၁၉ ခုနှစ်၊ မေလ ၁၀ ရက် မှ ၂၄
ရက်အထိ သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်များတွင် (၁၄)ရက်ကြာ
ပြုလုပ်သွားမည်ဖြစ်ပြီး ဆရာ၊ ဆရာမ စုစုပေါင်း (၁၅၀,ဝဝဝ)ခန့် တက်ရောက်မည်
ဖြစ်ပါကြောင်း၊ သင်ရိုးသစ်တွင် ပါဝင်သော ဘာသာရပ်များဖြစ်သည့် မြန်မာစာ၊
အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ပထဝီဝင်၊ သမိုင်း၊ စာရိတ္တနှင့်
ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ၊ အနုပညာ(ပန်းချီ)နှင့် အနုပညာ
(ဂီတ) ဘာသာရပ်များကို သက်ဆိုင်ရာ သင်တန်းနည်းပြများက
ဆွေးနွေးတင်ပြသွားကြမည် ဖြစ်ပါကြောင်း၊ သင်ရိုးသစ်များဖြင့်
လေ့ကျင့်သင်ကြားခြင်းအားဖြင့် ကျောင်းသား ကျောင်းသူများသည် ဆရာ ဆရာများ၏
ဦးဆောင်ဖန်တီးမှုဖြင့် လက်တွေ့ဘဝတွင် တွေ့ကြုံရမည့် အခက်အခဲ၊ ပြဿနာများကို
ကိုယ်တိုင်ဖြေရှင်းနိုင်သည့် အခြေအနေများကို ရရှိနိုင်မည် ဖြစ်ပါကြောင်း၊
ပင်ကိုယ်ဉာဏ်အရည်အသွေးနှင့် စွမ်းရည်၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များ
ဖွံ့ဖြိုးတိုးတက်လာပြီး ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ
ကျွမ်းကျင်မှုများ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ကျောင်းသား
ကျောင်းသူများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် တစ်ဦးနှင့်တစ်ဦး
ရိုင်းပင်းကူညီစိတ်များ၊ တွေးခေါ်၊ သုံးသပ်၊ တီထွင်တတ်သော
အလေ့အကျင့်များရရှိ၍ ဘဝတွင် အသုံးချနိုင်သည်အထိ ကျွမ်းကျင်မှုများ
ရရှိလာပြီး လူသားကောင်းများ အဖြစ်သို့ရောက်ရှိလာမည် ဖြစ်ပါကြောင်းဖြင့်
ပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားပြီး မှတ်တမ်းတင်ဓာတ်ပုံ
ရိုက်ကူးခဲ့ကြသည်။ အလားတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည်
ရန်ကုန်မြို့ အလုံမြို့နယ် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၌
ကျင်းပပြုလုပ်သည့် Grade-6 (သင်ရိုးသစ်) တိုင်းဒေသကြီး/ ပြည်နယ်အဆင့်
ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး
မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ အဆိုပါ Grade-6 (သင်ရိုးသစ်)
တိုင်းဒေသကြီး ပြည်နယ်အဆင့် ဆွေးနွေးပွဲသို့ သင်တန်းသား သင်တန်းသူ ဆရာ
ဆရာမ(၂၅၁၄)ဦး တက်ရောက်ကြပြီး ဧပြီ ၂၁ ရက်မှ မေလ ၃ ရက်နေ့အထိ (၁၂)ရက်ကြာ
ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment