Thursday, May 2, 2019

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု၀န်ကြီး နှင့် ၂၀၁၈ - ၂၀၁၉ ဒသမတန်း လူရည်ချွန် မောင်မယ်များတွေ့ဆုံ

ငွေဆောင် ၂၀၁၉ ဧပြီ ၂၉
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ၂၀၁၈ - ၂၀၁၉ ဒသမတန်း  လူရည်ချွန်မောင်မယ်များ တွေ့ဆုံပွဲကို ယနေ့ညနေပိုင်းတွင် ဧရာ၀တီတိုင်းဒေသကြီး ငွေဆောင်မြို့ ပုလဲငွေဆောင်ဟိုတယ်၌ ကျင်းပသည်။ ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် လူရည်ချွန်မောင်မယ်များအား ယခုကဲ့သို့ တွေ့ဆုံရသည့်အတွက် ၀မ်းမြောက်မိပါကြောင်း၊ ၂၀၁၈ ခုနှစ် အင်းလေးလူရည်ချွန်စခန်း ဖွင့်ပွဲအခမ်းအနားတွင် ဆုံဖူးကြသူများပါနိုင်ပြီး ယခု လူငယ်မောင်မယ်များ အားလုံးကို လူရည်ချွန်များအနေဖြင့် တွေ့ဆုံခွင့်ရသည့်အတွက် ဂုဏ်ယူပါကြောင်း၊ လူရည်ချွန်များသည် မြန်မာနိုင်ငံမှ Grade-11 ကျောင်းသား ကျောင်းသူများထဲတွင် စာတော်သော ကျောင်းသား ကျောင်းသူများ ဖြစ်သကဲ့သို့ အားကစားနှင့် ကာယပညာတွင်လည်း ထူးချွန်ထက်မြက်သူများ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ယခုကဲ့သို့ သင်ယူလေ့လာစရာ ဒေသန္တရ ဗဟုသုတများ၊ ဒေသအလိုက် ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ သိသင့်သိထိုက်သည့် ပညာရပ်ဆိုင်ရာများကို လေ့လာသင်ယူနိုင်ရန် လူရည်ချွန်များအဖြစ် ရွေးချယ်ဂုဏ်ပြုရသည့်အတွက် ပညာရေး၀န်ကြီးဌာနအနေဖြင့် မှတ်တမ်းတင်ပါကြောင်း၊ လူရည်ချွန်မောင်မယ်များအား အရေးအကြီးဆုံးအချက်အနေဖြင့် မှာကြားလိုသည်မှာ ငွေဆောင်ကမ်းခြေသည် ပင်လယ်ရေဆွဲအားရှိသည့်အတွက် အရဲမစွန့်ကြရန် အထူးမှာကြားလိုကြောင်း၊ ပင်လယ်ရေကူးပါက သတ်မှတ်ထားသည့်နေရာများကို ကျော်လွန်၍မသွားကြရန် အရေးကြီးပါကြောင်း၊ လေ့လာရေးခရီးလာခြင်းဖြစ်ပြီး အများနှင့်အတူတူဖြစ်သည့်အတွက် သွားလာသည့်အခါတွင် အချိန်ကိုတိကျစွာ လိုက်နာကြရန် လိုအပ်ပါကြောင်း၊ ပူပြင်းသည့်ရာသီဥတု ဖြစ်သည့်အတွက် ကျန်းမာရေးကို အထူးဂရုစိုက်ရန်နှင့် အစားအသောက်များကိုလည်း သတိထားစားသောက်ကြရန် အရေးကြီးပါကြောင်း၊ မောင်တို့မယ်တို့သည် Grade-11 ကျောင်းသား၊ ကျောင်းသူများမှ လူရည်ချွန်ဖြစ်ခဲ့ကြသူများ ဖြစ်သည့်အတွက် တက္ကသိုလ်၀င်စာမေးပွဲကို ပြီးခဲ့သည့်မတ်လတွင် ဖြေဆိုခဲ့ကြပြီး ထူးချွန်သူများဖြစ်သည့်အတွက် အောင်မြင်ကြမည်ဟု ယုံကြည်ပါကြောင်း၊ မောင်တို့မယ်တို့သည် ဉာဏ်ရည်အားဖြင့်သော် လည်းကောင်း၊ ကိုယ်ကာယအားဖြင့် သော်လည်းကောင်း ကျန်းမာကြံ့ခိုင် သန်စွမ်းကြသူများ ဖြစ်ကြသည့်အတွက် လူရည်ချွန်များ ဖြစ်လာကြခြင်း ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့လို ထူးချွန်သူများအနေဖြင့် ကျောင်းဆရာ၊ ဆရာမများအဖြစ် တာ၀န်ထမ်းဆောင် ကြစေလိုကြောင်း၊ သို့မှသာ ပိုမိုထူးချွန်သည့် မျိုးဆက်သစ်လူငယ်များကို ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်နှင့်အလေ့အကျင့်ကောင်းများသည် အရေးကြီးပါကြောင်း၊ အခက်အခဲများ၊ မပြည့်စုံမှုများ၊ စိန်ခေါ်မှုများသည် လူတိုင်းတွင်ရှိပြီး အတူတူကြံ့ကြံ့ခိုင် ရင်ဆိုင်ဖြေရှင်းကြပြီး မိမိတို့၏လုပ်ငန်းတာ၀န်များကို အကောင်းဆုံး လုပ်ဆောင်ကြရန်သည် မောင်တို့ မယ်တို့လို ထူးချွန်သည့် လူငယ်များပေါ်တွင် မူတည်ပါကြောင်း၊ သို့ဖြစ်၍ မောင်တို့မယ်တို့သည် အခြားနိုင်ငံများမှ လူငယ်များနှင့် ယှဉ်ပြိုင်ရာတွင် ပြောဆိုဆက်ဆံမှု၊ အတူလက်တွဲအလုပ်လုပ်ရန်နှင့် အတူပူးပေါင်းဆောင်ရွက်ကြရန် အင်္ဂလိပ်စာနှင့် အိုင်စီတီ ဘာသာရပ်များ ကျွမ်းကျင်ရန်လိုအပ်ပါကြောင်း၊ မောင်တို့မယ်တို့လို လူငယ်များအနေဖြင့် အင်္ဂလိပ်စာနှင့် အိုင်စီတီ ဘာသာရပ်များကို ကျွမ်းကျင်ရုံသာမက အခြားလူငယ်များကိုလည်း ကျွမ်းကျင်မှုရှိလာစေရန် အတူလက်တွဲ ခေါ်ဆောင်ကြရန် အရေးကြီးပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသော အရည်အချင်းရှိရန် ကြိုးစားကြစေလိုကြောင်း၊ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးအန္တရာယ်သည် လူငယ်မောင်မယ်များ၏ ဘ၀တစ်ခုလုံးကို ပျက်စီးစေနိုင် သည့်အတွက် အသုံးမပြုကြဘဲ အထူးရှောင်ရှားကြရန် အရေးကြီးပါကြောင်း၊ ထို့ပြင် မိမိတို့၏ ဘေးပတ်၀န်းကျင်တွင်ရှိသည့် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအား မူးယစ်ဆေးဝါးအန္တရာယ်၏ ခြိမ်းခြောက်မှုကို ခံနေရသည့်အတွက် အတူတူပူးပေါင်းစည်းရုံး အသိပေးပြောကြားကြစေလိုကြောင်း၊ ထို့ပြင် စီးကရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းများ၊ အရက်ဘီယာ သောက်စားခြင်းများကို မပြုလုပ်ကြရန်နှင့် မိမိတို့၏ဘေးပတ်၀န်းကျင်တွင်ရှိသည့် လူငယ်မောင်မယ်များကိုလည်း ရှောင်ကြဉ်ရန် စည်းရုံးပြောကြားရန် လိုအပ်ကြောင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကိုလည်း ချမှတ်ထားသည့် စည်းကမ်းများနှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် ဘ၀တစ်သက်တာသင်ယူကြရန်လိုအပ်ပြီး လူသားများ၏ကောင်းကျိုး၊ မိမိတို့နိုင်ငံ၏ ကောင်းကျိုးအတွက် ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိသည့် လူငယ်မောင်မယ်များ ဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် ၁၉၆၄ - ၁၉၈၈ လူရည်ချွန်ကြီးများက ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။ လူရည်ချွန်စခန်း (ငွေဆောင်)ကို ဧပြီ ၂၉ ရက်မှ မေ ၄ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး လူရည်ချွန်မောင်မယ်များ အပန်းဖြေနေထိုင်စဉ်အတွင်း လေ့လာရေးခရီးစဉ်နှင့် ဟောပြောပွဲများ၊ တစ်ဦးချင်း အလိုက် အတွေ့အကြုံများ ဖလှယ်ခြင်းများကိုလည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment