Thursday, May 2, 2019

အခြေခံပညာဦးစီးဌာန၊ ၂၀၁၉ ခုနှစ်၊ ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ်(၂၀) သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် ၂၀၁၉ ဧပြီ ၂၀
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးဌာန၊ ၂၀၁၉ ခုနှစ် ကာယပညာနှင့် အားကစားအခြေခံ နည်းပြသင်တန်းအမှတ်စဉ်(၂၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်၊ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေးကို အဖက်ဖက်က မြှင့်တင်ဆောင်ရွက်ရာ၌ ကျန်းမာရေးနှင့် အားကစားကိုလည်း တစ်ပါတည်းမြှင့်တင် ဆောင်ရွက်သွားရန် အလွန်အရေးကြီးပါကြောင်း၊ ကိုယ်လက်ကြံ့ခိုင်သန်စွမ်းမှုရှိမှသာ ပေးသည့်ပညာကို အလွယ်တကူ လက်ခံရယူနိုင်ပြီး နိုင်ငံသားကောင်းများ ဖြစ်လာနိုင်မည်ဖြစ်ပါကြောင်း၊ ၁၉၈၅ ခုနှစ်တွင် ကာယပညာနှင့် အားကစားအခြေခံ နည်းပြသင်တန်း အမှတ်စဉ်(၁)အား ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်တို့တွင် သုံးနေရာခွဲ၍ စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ အပတ်စဉ်(၁၉)ခု ဖွင့်လှစ်နိုင်ခဲ့ပြီး ကာယပညာဆရာ ဆရာမပေါင်း(၇၈၇၅)ဦး မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ကာယပညာသင်တန်းများ ဆက်လက်မဖွင့်လှစ်နိုင်ခဲ့ရာ ယခုအချိန်တွင် ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းပေါင်း (၈၂၀၄)ကျောင်းတွင် ကာယပညာဆရာ ဆရာမ(၆၁၀၉)ဦး လစ်လပ်လျက်ရှိပါကြောင်း၊ အခြေခံပညာသင်ရိုးသစ်အရ အခြေခံပညာကျောင်းတိုင်းတွင် ကာယပညာဘာသာရပ်သည် အဓိကသင်ရိုးဝင် ဘာသာရပ်တစ်ခုဖြစ်သည့်အတွက် ကာယပညာသင်ချိန်တွင် ကာယပညာနှင့် အားကစားဘာသာရပ်ကို စနစ်တကျမှန်ကန်စွာ သင်ကြားပေးနိုင်မည့် အရည်အသွေးပြည့်ဝသော ကာယပညာ ဆရာ ဆရာမများ ပြည့်ပြည့်စုံစုံခန့်ထားနိုင်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ်များကို ခြိမ်းခြောက်နေသည့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးထိန်းချုပ်ရန် အကောင်းဆုံးနည်းလမ်းသည် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများအား အားကစားတွင် ပိုမိုစိတ်ဝင်စားလာအောင် စနစ်တကျလေ့ကျင့် သင်ကြားပျိုးထောင် ပညာပေးခြင်းပဲဖြစ်ပါကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းတွင် သင်ကြားပို့ချပေးသည့် ပညာရပ်များအား ကြိုးကြိုးစားစား လေ့ကျင့်သင်ယူ၍ ထူးချွန်ထက်မြက်သည့် အရည်အသွေးပြည့်ဝသော ကာယပညာ ဆရာ ဆရာမများဖြစ်လာအောင် ကြိုးစားအားထုတ်ကြစေလိုပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။ ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ်(၂၀) ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ တင်ပြဆွေးသည်။ ထို့နောက် သင်တန်းတွင် သင်တန်းနည်းပြအဖြစ် တာဝန်ယူကြမည့် အခြေခံပညာဦးစီးဌာနမှ ကာယပညာ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများက ဂါရဝပြုနှုတ်ဆက်ကြသည်။ ၂၀၁၉ ခုနှစ် ကာယပညာနှင့် အားကစားအခြေခံ နည်းပြသင်တန်းအမှတ်စဉ်(၂၀) သင်တန်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သင်တန်းသား သင်တန်းသူ(၄၀၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီလ(၂၀)ရက်မှ မေလ(၃၀)ရက်နေ့အထိ ဖြစ်ကြောင်းသိရသည်။



























No comments:

Post a Comment