Thursday, May 2, 2019

၂၀၁၉ ခုနှစ် န၀မတန်းလူရည်ချွန်လူငယ်များ အင်းလေးခေါင်တိုင် အပန်းဖြေစခန်းသို့ ရောက်ရှိ

ညောင်ရွှေ ၂၀၁၉ ဧပြီ ၂၉
၂၀၁၉ ခုနှစ် န၀မတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူ ၁၇၈ ဦးတို့သည် ညောင်ရွှေမြို့နယ် ခေါင်တိုင်ကျေးရွာရှိ အင်းလေးခေါင်တိုင် အပန်းဖြေစခန်း ဟူပင်ဟိုတယ်သို့ ယနေ့ ညနေ ၃နာရီခွဲက ရောက်ရှိကြသည်။ န၀မတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် မန္တလေးမြို့ အမှတ်(၄)အခြေခံပညာ အထက်တန်း ကျောင်းစုရပ်မှ အင်းလေးခေါင်တိုင်အပန်းဖြေစခန်းသို့ ယနေ့ နံနက် ၆ နာရီက စတင်ထွက်ခွာလာကြရာ မွန်းလွဲပိုင်း ကလောမြို့သို့ ရောက်ရှိချိန်တွင် ဌာနဆိုင်ရာများနှင့် ပြည်သူများက ဂုဏ်ပြုပန်းစည်းများ၊ ပန်းကုံးများပေးအပ်ကာ သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဆက်လက်ထွက်ခွာလာကြရာ ညနေပိုင်းတွင် လူရည်ချွန်လူငယ်များ တည်းခိုအပန်းဖြေကြမည့် အင်းလေး(ခေါင်တိုင်)ရှိ ဟူပင်ဟိုတယ်သို့ ရောက်ရှိကြရာ ရှမ်းပြည်နယ် လူမှုရေး၀န်ကြီး ဒေါက်တာမျိုးထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ယနေ့ညပိုင်းတွင် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဆိုအကများ ကြည့်ရှုအပန်းဖြေကြမည်ဖြစ်သည်။ အဆိုပါ အပန်းဖြေစခန်း၌ လူရည်ချွန်လူငယ်များသည် လူရည်ချွန်ကြီးများနှင့် တွေ့ဆုံခြင်း၊ ပညာရေးဆိုင်ရာ ဆွေးနွေးဟောပြောပွဲများ ကျင်းပခြင်း၊ အင်းလေးကန်နှင့် အင်းလေးဒေသရှိရိုးရာ စိုက်ပျိုးရေးလုပ်ငန်းများ၊ လက်မှုလုပ်ငန်းများ လေ့လာခြင်း၊ ရှေးဟောင်းသမိုင်း၀င် ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက် ဘုရားဖူးမြော်ခြင်း၊ ညောင်ရွှေဟော်နှင့် ညောင်ရွှေစံပြစိုက်ခင်းလေ့လာခြင်း၊ မြို့ဦးဗောဓိစေတီ၊ ကုံလုံဆရာတော်ဘုရားကြီး စံကျောင်းတော်နှင့် သမိုင်း၀င်ရွှေဥမင်၊ ဟိုပုံမြို့ရှိ ထမ်စမ်းဂူ၊ မွေတော်ကက္ကူဘုရားများ၊ တောင်ကြီးမြို့ရှိ စူဠာမုနိဘုရားများ ဖူးမြော်လေ့လာခြင်းနှင့် တောင်ကြီးမြို့ အေးသာယာ စက်မှုဇုန်အတွင်း ကြည့်ရှုလေ့လာကြမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment