ရန်ကုန် ၂၀၁၉ မေ ၂၄
မြန်မာတက္ကသိုလ်များ သုတေသနညီလာခံ(၂၀၁၉) Myanmar Universities’ Research Conference 2019 ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ရန်ကုန်တက္ကသိုလ်၌ ပါမောက္ခချုပ်များကော်မတီမှ ကြီးမှူးကျင်းပသည့် မြန်မာတက္ကသိုလ်များ သုတေသနညီလာခံသည် ပထမဆုံးအကြိမ် တက္ကသိုလ်အားလုံး၊ ပညာရှင်များ တစ်စုတစ်စည်းတည်း ပူးပေါင်းဆောင်ရွက်သဖြင့် မြန်မာနိုင်ငံ တက္ကသိုလ်များသမိုင်းတွင် မှတ်တမ်းဝင်သည့် နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ညီလာခံ အောင်မြင်စွာကျင်းပနိုင်ရန် ဦးစီးဆောင်ရွက်သည့် အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များ ကော်မတီနှင့် တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်ကို ၂၀၁၆ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ပါမောက္ခချုပ်များ ကော်မတီကို ၂၀၁၈ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး (၁)နှစ်တာကာလအတွင်း ယခုလိုမျိုး ဦးစီးဆောင်ရွက်နိုင်ပြီး ပါမောက္ခချုပ်ကော်မတီအနေဖြင့် တက္ကသိုလ်များသို့သွားရောက်ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းခဲ့ပါကြောင်း၊ ပါမောက္ခချုပ်များ နှစ်ပတ်လည်ကော်မတီ အစည်းအဝေးကို ၂၀၁၈ ခုနှစ် တွင် နေပြည်တော်၌ ကျင်းပဆောင်ရွက်ခဲ့ပါကြောင်း၊ ဒုတိယအကြိမ် နှစ်လည်ညီလာခံကို ပြီးခဲ့သည့် ဧပြီလ (၅)ရက်နေ့တွင် ကျင်းပဆောင်ရွက်ခဲ့ပါကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမူဝါဒ မဟာဗျူဟာစီမံကိန်းတွင် ဖော်ပြထားသည့် ဦးစားပေးလုပ်ငန်း(၁၂) ရပ်ထဲတွင်ပါသည့် အဆင့်မြင့်ပညာကဏ္ဍနှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်ဖြစ်သော တက္ကသိုလ်များကို ကမ္ဘာ့အဆင့်မီ တက္ကသိုလ်များဖြစ်လာစေရန် ဆောင်ရွက်ရန်အတွက် ကြိုးပမ်းဆောင်ရွက်မည်ဟု ဖော်ပြထားပါကြောင်း၊ တက္ကသိုလ်များကို ကမ္ဘာ့အဆင့်မီတက္ကသိုလ်များ ဖြစ်လာစေရန်နှင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တက္ကသိုလ်များကို ယခုထက်ပို၍ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းတွင် ဖော်ပြထားသည့် ဦးစားပေးလုပ်ငန်းနှင့်အညီ ပါမောက္ခချုပ်များကော်မတီတွင် သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း ကော်မတီကိုတာဝန်(၁၁)ခုဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက Standard Operating Procedure (SOP)များကိုလည်း ရေးဆွဲထားပါကြောင်း၊ ယခုကဲ့သို့ သုတေသနညီလာခံကို နှစ်စဉ်ကျင်းပကြစေလိုပါကြောင်း၊ တက္ကသိုလ်များလည်း သုတေသနစာတမ်းရေးသားလိုသည့် ဆရာ ဆရာမများ၊ ပညာရှင်များ များပြားလာသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် တစ်နှစ်လုံး မအားလပ်သည့်ကြားမှ သုတေသနဝါသနာပါပြီး နိုင်ငံအတွက်အကျိုးပြုသည့် အသုံးချသုတေသနလုပ်ငန်းများ ဆောင်ရွက်မည့် ဆရာ ဆရာမများ၊ ပညာရှင်များရှိကြသည်ကို အားရဖွယ်တွေ့ရှိရပါကြောင်း၊ သို့ဖြစ်၍ သုတေသနညီလာခံကို ကျင်းပသည့်အခါတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပပြီး သုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်း ကော်မတီမှ ကျင်းပရေးစီမံချက်များ ရေးဆွဲပြီး တက္ကသိုလ်အသီးသီးတွင်ရှိသည့် သုတေသီများ၏ သုတေသနစာတမ်းများကို ဖတ်ကြားဆောင်ရွက်ရန်အတွက် သုတေသနရလဒ်များကို မျှဝေပြီး သုတေသီများအချင်းချင်း အတွေ့အကြုံများဖလှယ်ခြင်းဖြင့် အရည်အသွေးပိုမိုကောင်းမွန်သော အသုံးချသုတေသနများကို တိုးတက်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်များတွင် သုတေသနဆောင်ရွက်တတ်သည့် အလေ့အကျင့်များဖြစ်လာစေပြီး တက္ကသိုလ်များ၏ Ranking များမြင့်မားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရေး ရည်မှန်းချက်များဖြင့် သုတေသနညီလာခံစီမံချက်ကို အကြိမ်ပေါင်းများစွာ အစည်းအဝေးများထိုင်ပြီး တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်သည်ဟု သိရှိရပါကြောင်း၊ သုတေသနညီလာခံ ကျင်းပနိုင်ရန်အတွက် စာတမ်းများကိုဖိတ်ခေါ်ခဲ့ပြီး စာတမ်းဖတ်ရန် တက္ကသိုလ်အသီးသီးမှ ပညာရှင်များက စာတမ်းစုစုပေါင်း(၆၉၃)စောင်ကို လက်ခံရရှိခဲ့ပါကြောင်း၊ ဘာသာရပ်နယ်ပယ်(၉)ခု မှ reviewများပြုလုပ်ပြီး ဘာသာရပ်နယ်ပယ်တစ်ခုလျှင် စာတမ်း(၂၀)ခန့် စုစုပေါင်း Presentation ပြုလုပ်ရန် သုတေသနစာတမ်း(၁၈၂)စောင် ရွေးချယ်ခဲ့သည်ဟု သိရှိရပါကြောင်း၊ ဘာသာရပ်(၁)ခုလျှင် အကောင်းဆုံး သုတေသနစာတမ်းပထမဆု၊ အကောင်းဆုံးသုတေသနစာတမ်း ဒုတိယဆုများ ချီးမြှင့်မည်ဟုသိရှိရပြီး စာတမ်းများကို ဆုပေးရာတွင် ပထမဆုအတွက် လက်မှတ်နှင့် ကျပ်(၃)သိန်း ဆုချီးမြှင့်မည်ဖြစ်ပြီး ဒုတိယဆုအတွက် လက်မှတ်နှင့် ကျပ်(၂)သိန်း ဆုချီးမြှင့်မည်ဟု သိရှိရပါကြောင်း၊ ညီလာခံပြီးဆုံးပါက ဖတ်ကြားတင်သွင်းသည့် စာတမ်းများကို ထုတ်ဝေသွားမည်ဖြစ်ပြီး ညီလာခံကျင်းပခြင်းဖြင့် သုတေသနရလဒ်များကို မျှဝေပြီး အမြင်ခြင်းဖလှယ်ခြင်း၊ တိုးတက်ကောင်းမွန်သည့် အသုံးချသုတေသနလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ သုတေသနပညာရှင်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေခြင်း၊ မျိုးဆက်သစ်သုတေသနပညာရှင်များ ပိုမိုတတ်ကြွစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်များကို ယခုထက်ပိုမိုပြီး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များကို ပြုစုပျိုးထောင်ရာတွင် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းကောင်းမွန်လာစေရန် အဆင့်ဆင့်တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြင့်ပြောကြားသည်။ ထို့နောက် အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌဒေါက်တာမျိုးကြွယ်နှင့် ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးတို့က အမှာစကားပြောကြားသည်။ ယင်းနောက် University of Cambridge မှ Director Dr.Hanan Khalifa နှင့် အမေရိကန်သံရုံးမှ Public Affairs Officer ဖြစ်သူ Dr.John R.Groch တို့က ပညာရေးစနစ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းခဲ့ကြသည်။ ထို့နောက် စာတမ်းရှင်များက သတ်မှတ်ထားသည့် ဘာသာရပ်အလိုက် စာတမ်းများကိုဖတ်ကြားခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment