နေပြည်တော် ၂၀၁၉ ဧပြီ၂၂
တိုင်းရင်းဘာသာစကားသင်ကြားသင်ယူမှု၏ ထိရောက်အောင်မြင်မှု အခြေအနေ သုတေသနဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ၂၂၊၄၊၂၀၁၉ ရက်နေ့ နံနက်(၉)နာရီတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်ခန်းမ၌ကျင်းပရာပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းရင်းသား လူမျိုးများရေးရာ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး နိုင်သက်လွင်၊ ဒုတိယ၀န်ကြီးဦးလှမော်ဦး၊တိုင်းဒေသကြီး၊ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးများ ရေးရာ၀န်ကြီးများ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများ၊ ပညာရေး၀န်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ၀န်ကြီးဌာနမှညွှန်ကြားရေးမှူးချုပ်များနှင့် တာ၀န်ရှိသူများ၊ ပြည်နယ်နှင့်မြို့နယ်ပညာရေးမှူးများ၊ ပြည်နယ်အသီးသီးမှ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုကော်မတီ၀င်များ၊ ယူနီဆက်မြန်မာမှ တာ၀န်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သက်ဆိုင်ရာ တာ၀န်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဖွင့်အမှာ စကားပြောကြားရာတွင် အမျိုးသားပညာရေး ဥပဒေ၌ ပြည်ထောင်စုစိတ်ဓာတ်ဖွံ့ဖြိုးပြီး တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ယဉ်ကျေးမှု၊အနုပညာ၊ ရိုးရာဓလေ့၊ သမိုင်းအမွေအနှစ်နှင့် သဘာ၀ပတ်၀န်းကျင်တို့ကို တန်ဖိုးထား၍ ထိန်းသိမ်းမြှင့်တင်နိုင်ပြီး ယင်းတို့ကိုလက်ဆင့်ကမ်းနိုင်သည့် နိုင်ငံသားများဖြစ်လာစေရန်ဟူ၍ အမျိုးသားပညာရေး ရည်မှန်းချက်များကိုပြဋ္ဌာန်းဖော်ပြထားပါကြောင်း၊ ပညာရေး၀န်ကြီးဌာန အနေဖြင့် တိုင်းရင်းသား လူမျိုးများရေးရာ ၀န်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ပြည်နယ်အစိုးရအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရေးဆွဲလျက်ရှိသောဒေသသင်ရိုး (Local Curriculum)ဖြင့် တိုင်းရင်းသား ဘာသာစကား (၅၄) မျိုးကိုပထမတန်း(Grade-1)၊ ဒုတိယတန်း(Grade-2)၊ တတိယတန်း(Grade-3) တို့၌သင်ကြားသင်ယူလျက်ရှိပါကြောင်း၊ သင်ရိုးညွှန်းတမ်း အညွှန်းဘောင်တွင်လည်း စတုတ္ထတန်းမှ န၀မတန်းအထိတွင် ဒေသနှင့်လိုက်လျောညီထွေရှိသော ပထဝီ၊ သမိုင်း၊ စီးပွားရေးနှင့် ယဉ်ကျေးမှုများကိုလည်းကောင်း၊ အထက်တန်းအဆင့်တွင် ICT နှင့် အကြိုသက်မွေးပညာ များကိုလည်းကောင်းသတ်မှတ်နိုင်ရန်အဆိုပြုထားပါကြောင်း၊ တိုင်းရင်းသားဘာသာစကား သင်ကြားသင်ယူမှုကို ပညာရေး ၀န်ကြီးဌာနအနေဖြင့် သင်ယူမှုအခွင့်အလမ်းမြင့်မားရေးပံ့ပိုး ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စာသင်ခန်းတွင်း တိုင်းရင်းသားပေါင်းစုံပါ၀င်သည့်အခါ အားလုံးအတွက် မျှတသောသင်ယူမှုအခွင့်အလမ်းရရှိရေး ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အားလုံးငြိမ်းချမ်းသာယာစွာ နေထိုင်နိုင်ရေး၊ ပြောဆိုဆက်ဆံ ရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် ရုံးသုံးဘာသာစကားဖြစ်သည့် မြန်မာဘာသာစကားကိုသင်ယူတတ်မြောက် ကျွမ်းကျင် ရန်လည်းအရေးကြီးပါကြောင်း၊ တိုင်းရင်းသားစာပေသင်ကြားရေးနှင့် ပတ်သက်၍ သုတေသန လုပ်ငန်းများဆောင်ရွက်အကဲဖြတ်ပြီးပိုမိုထိရောက်အောင်မြင်နိုင်ရေးဆက်လက်အားပေးမြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တိုင်းရင်းသားဘာသာ စကားသင်အခြေခံပညာကျောင်း(၁၂၂၄၈)ကျောင်း၌ တိုင်းရင်းသား ဘာသာစကား(၅၄)မျိုးကို သင်ကြားပေးလျက်ရှိပြီး တိုင်းရင်းသား စာပေသင်ကြားပေးသူဆရာဆရာမနှင့် ပြင်ပပုဂ္ဂိုလ် (၂၈၇၈၃)ဦးအားထောက်ပံ့ကြေးများ ချီးမြှင့်ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် နေ့စားလပေး သင်ကြားရေးအထောက်အကူပြု (Teaching Assistants) ဆရာဆရာမ(၅၁၆၁)ဦး ခန့်ထားပေးခဲ့ပါကြောင်း၊ ယခုနှစ်ကျောင်းဖွင့်အမီ (Teaching Assistants) ဆရာဆရာမများ ထပ်မံခန့်ထားနိုင်ရေး တိုင်းရင်းသားလူမျိုးများရေးရာ ၀န်ကြီးဌာနနှင့်ပူးပေါင်း၍ စီစစ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းရင်းသားဘာသာစကား သင်ကြားပေးနေသော အခြေခံပညာ ဆရာဆရာမများနှင့် သက်ဆိုင်ရာတိုင်းရင်းသားဘာသာစကား တတ်ကျွမ်းသော ပြင်ပဆရာဆရာမများကို ဘာသာစကားသင်ဆရာဆရာမ(Language Teacher)များ အဖြစ် လစဉ်တစ်လလျှင် ကျပ်(၃၀၀၀၀)နှုန်းဖြင့် အခြေခံပညာဦးစီးဌာနက ထောက်ပံ့ချီးမြှင့်လျက်ရှိပါကြောင်း၊ ဘွဲ့ရရှိပြီးသည့် Teaching Assistants အဖြစ်ခန့်ထားခံရသူများအား ပညာရေးကောလိပ်တွင် မူလတန်းပြ စာပေးစာယူသင်တန်းတက်ရောက်ပြီးအောင်မြင်ပါက မူလတန်းပြဆရာဆရာမ(PTA)များအဖြစ် ခန့်ထားပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတကာသုံးဘာသာစကားဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက်လည်း အားပေးမြှင့်တင်ရန် အရေးကြီးပါကြောင်းနှင့် တိုင်းရင်းသားကလေးငယ်များအား အနာဂတ်ကမ္ဘာကြီး၏ လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မည့် လူသားကောင်းများ ဖြစ်လာစေရေးပြုစုပျိုးထောင်ပေးနိုင်ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ၀င်များ၊ ပညာရေးမှူးများ၊ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများအနေဖြင့် ပြည်ထောင်စုတစ်ဝှမ်းရှိ တိုင်းရင်းသား ကျောင်းသားလူငယ်များ အားလုံး တိုင်းရင်းသားဘာသာစကား တတ်မြောက်အောင်သင်ကြားပေးပြီး မိမိတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုများကိုတန်ဖိုးထားတတ်သည့် စိတ်ဓာတ်များ ကိန်းအောင်း လာစေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ပါကြောင်း၊ မိမိနိုင်ငံနှင့်မိမိနေထိုင်သည့် ကမ္ဘာကြီးအကျိုးကို ဆောင်ရွက်နိုင်ရန်အတွက် ပညာ၊ဗဟုသုတ၊ အတွေးအခေါ် ရင့်ကျက်ပြီး မိမိနိုင်ငံသုံး မြန်မာဘာသာ စကား၊ ကမ္ဘာသုံးအင်္ဂလိပ်ဘာသာစကားနှင့် အိုင်စီတီနည်းပညာကိုလည်း ကျွမ်းကျင်စွာ တတ်မြောက်အောင်သင်ကြားပြုစု ပျိုးထောင် ပေးကြရမည်ဖြစ်ပါကြောင်းစသည်ဖြင့် အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး နိုင်သက်လွင်က နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်က သုတေသနဆိုင်ရာများကို ရှင်းလင်း ဆွေးနွေးတင်ပြသည်။ ယင်းနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံကူးကြပြီး ဆွေးနွေးပွဲအခမ်းအနားကို အစီအစဉ် အတိုင်းဆက်လက်ကျင်းပကြကြောင်းသတင်းရရှိသည်။
No comments:
Post a Comment