ဘားအံ ၂၀၁၉ မေ ၂၅
၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကရင်ပြည်နယ် ပြည်လုံးကျွတ်ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ ရှေးဦးစွာ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှု လုပ်ငန်းများကိုဆောင်ရွက်ရာတွင် အမျိုးသားပညာရေးမဟာ ဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)ကို နယ်ပယ်(၉)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျောင်းနေအရွယ် ကလေးတိုင်း မည်သည့် ခွဲခြားမှုမျှမရှိဘဲ ပညာသင်ယူခွင့်ရရှိရေး၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ မကျန်ရှိစေရေး၊ ကျောင်းနေမြဲ၍ ကျောင်းထွက်သူမရှိစေရေး စသည့်မူဝါဒများချမှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဦးစားပေးလုပ်ငန်း (၁၂)ရပ်ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း။ အခြေခံပညာရေးကဏ္ဍ အကောင်အထည်ဖော်အောင်မြင်ရေးအတွက် ကျောင်းနေ အရွယ်ကလေးများ၊ လူငယ်များ အခြေခံပညာရေးကို လက်လှမ်းမီသင်ယူနိုင်ခွင့် ရရှိစေရေးအတွက် မသင်မနေရ အခမဲ့ပညာရေးစနစ်ကို ချမှတ်အကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျောင်းနေအရွယ် ကလေးလူငယ်တိုင်း ကျောင်းအပ်နှံရေးအခွင့်အလမ်းများ တိုးတက် ရရှိစေရေး နှင့်ကျောင်းအပ်နှုန်းမြင့်မားစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် “မည်သည့်ခွဲခြားမှုမျှမရှိဘဲ ကျောင်းနေအရွယ် ကလေး အားလုံး အရည်အသွေး ရှိသော ပညာသင်ယူခွင့်ရရှိဖို့ မိဘပြည်သူအားလုံး ဝိုင်းဝန်းကူညီစို့”ဟူသော ဆောင်ပုဒ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ (၅)နှစ်အရွယ်ကလေး များကို သူငယ်တန်း(KG)သို့ အပ်နှံရန်၊ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1) သို့အပ်နှံရန် အရေးကြီးပါကြောင်း၊ ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှကောက်ခံခြင်း၊ လက်ခံခြင်းမပြုရန်၊ ငွေကြေး လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာလက်ခံခြင်း မပြုရန်၊ ကျောင်း ဝတ်စုံ၊ အတန်းတံဆိပ်နှင့် ကျောင်းတံဆိပ်များ ရောင်းချခြင်းမပြုလုပ်ရန်၊ မည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရန် အဓိကမှာကြားလိုကြောင်း။ အခြေခံပညာကျောင်းများကို နှစ်စဉ်အဆင့်တိုးမြှင့်ဖွင့်လှစ်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်အတွက် စုစုပေါင်း(၅၆၅၁)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးထားပါကြောင်း၊ တစ်နိုင်ငံလုံး အနေဖြင့် အထက်တန်းကျောင်း(၁၀ဝဝ)ကျော် အဆင့်တိုးမြှင့်ပေးခဲ့ပါကြောင်း၊ ကရင်ပြည်နယ် အတွက်ဆိုပါက အထက်တန်းအဆင့်ကျောင်း (၃၇)ကျောင်းအပါအဝင် စုစုပေါင်း(၂၄၃) ကျောင်းကို အဆင့်တိုးမြှင့်ပေးခဲ့ပါကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲ မှုဆောင်ရွက် ချက်များကြောင့် ကျောင်းသားဦးရေသည် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ၈ ဒသမ ၉ သန်းရှိရာမှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ၉ ဒသမ ၁၄ သန်းအထိ တိုးတက်များပြား လာခဲ့ပါကြောင်း။ သင်ရိုးညွှန်းတမ်းများကို ပြုပြင်ပြောင်းလဲဆောင်ရွက်လျက်ရှိရာတွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းနှင့် ဆဋ္ဌမတန်း သင်ရိုးညွှန်းတမ်းတွင် အကြောင်းအရာအဟောင်း ၈၀ % နှင့် အကြောင်းအရာအသစ် ၂၀%သာပါရှိပါကြောင်း၊ သင်ကြားသင်ယူမှုနည်းလမ်းအသစ် (Pedagogy)ဖြစ်သော သင်ယူသူ ဗဟိုပြု သင်ကြားသင်ယူခြင်းစနစ်ဖြင့် ပြောင်းလဲသင်ကြားမည်ဖြစ် ပါကြောင်း၊ အလွတ်ကျက်မှတ်သောစနစ်မှ စဉ်းစားတွေးခေါ်မှုကိုအားပေးသည့် နက်နက်နဲနဲ သင်ယူသောစနစ်သို့ ဦးတည်ပြောင်းလဲထားပါကြောင်း၊ KG +12 ပညာရေးစနစ်ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရာတွင် မူလတန်းအဆင့်အတွက် ဂျပန်နိုင်ငံမှ JICA ၏အကူအညီ ဖြင့်ဆောင်ရွက်ပြီး အလယ်တန်း၊ အထက်တန်းအဆင့်များအတွက် ADB, EU တို့၏ အကူအညီဖြင့် ဆောင်ရွက်နေပါကြောင်း၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် သူငယ်တန်း (KG)စနစ်သစ်ကို စတင် ခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပထမတန်း(Grade-1)သင်ရိုးသစ်ကိုလည်းကောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ဒုတိယတန်း(Grade-2)သင်ရိုးသစ်ကိုလည်းကောင်း ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တတိယတန်း(Grade-3)နှင့် အလယ်တန်း ပညာရေးဖြစ်သော ဆဋ္ဌမတန်း (Grade-6)သင်ရိုးသစ်ဖြင့် သင်ကြားမည်ဖြစ်ပြီး မူလတန်းပြနှင့် အလယ်တန်းပြ ဆရာ ဆရာမများအားလုံးကို သင်တန်းများ ပေးထားပြီးဖြစ်ပါကြောင်း။ အခြေခံပညာကျောင်းများတွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ကျောင်းသား ကျောင်းသူများ အားလုံး စာရေးတတ်၊ စာဖတ်တတ်၊ အခြေခံသင်္ချာတွက်ချက်တတ်ရန်အတွက် အလေးအနက်ထား ဆောင်ရွက်လျက်ရှိပြီး မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ အရက် ဘီယာနှင့်စီးကရက် မသုံးစွဲရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေးတို့ကို ဦးစားပေးဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း၊ ကျန်းမာ ရေးနှင့် ညီညွတ်သော လူနေမှုပုံစံများကို သိရှိစေရန် ပညာပေးအစီအစဉ်များဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုကိုလည်း ထည့်သွင်းရန်စီစဉ် လျက်ရှိကြောင်း၊ ကျောင်းသားများနှင့်လူငယ်များအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသော ဂိမ်းစွဲလန်းမှုကိုလျှော့ချပေးရန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးရုံးများ၊ ကျောင်းအုပ်ကြီးများအနေဖြင့် ဆရာ ဆရာမများကို ကောင်းစွာသင်ကြားသင်ယူနိုင်စေရန် ပံ့ပိုးဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ ပျော်ရွှင်မှသာ ကျောင်းသား ကျောင်းသူများကိုကောင်းစွာ သင်ကြားပေးနိုင်မည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။ ယင်းနောက် ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းတို့က အမှာစကားပြောကြားပြီး ကရင်ပြည်နယ် ညွှန်ကြား ရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဝင်းက ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက အလှူရှင်များမှ လိုအပ်ချက် ရှိသော ကျောင်းသား ကျောင်းသူများအတွက်ပေးအပ်လှူဒါန်းသည့် စာရေးကိရိယာနှင့် ပညာသင် ထောက်ပံ့ပစ္စည်းများကို ကျောင်းသားကျောင်းသူများထံ ပေးအပ်လှူဒါန်းကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။ ထို့နောက် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက “ဇာတိမာန်’’ သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဘားအံမြို့ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်(၂)အအခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ဘားအံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဘားကပ်) သို့ရောက်ရှိကြပြီး ကျောင်းအပ်နှံရေးလုပ်ငန်း ဆောင်ရွက်နေမှု များအား ကြည့်ရှုအားပေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဘားအံတက္ကသိုလ်၊ ဘားအံပညာရေး ကောလိပ်တို့မှ ဆရာ ဆရာမများ၊ ဆရာသမဂ္ဂများ၊ ကျောင်းသား သမဂ္ဂများ၊ ကျောင်းသား ကျောင်းသူများနှင့် လည်းကောင်း တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment