တောင်ကြီး ၂၀၁၉ မေ ၄
၂၀၁၉ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်းမှ လူရည်ချွန်များအား ရှမ်းပြည်နယ်အစိုးရအဖွဲ့က တည်ခင်းသော ဂုဏ်ပြုညစာစားပွဲနှင့် စခန်းပိတ်သိမ်းပွဲကို ယနေ့ ညနေ ၆နာရီက ပြည်နယ်အစိုးရအဖွဲ့ ရုံးမြက်ခင်းပြင်၌ ကျင်းပသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လူရည်ချွန်မောင်မယ်များအား အင်းလေးခေါင်တိုင်စခန်းတွင် နေထိုင်ခဲ့သည့်ကာလအတွင်း လေ့လာသိရှိရသည့် အချက်များကို မှတ်မိရုံသာမက တွေးတတ်၊ ခေါ်တတ်၊ စိစစ်တတ်ပြီး ကြောင်းကျိုးဆက်စပ် စဉ်းစားတတ်ရမည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် မိမိလိုအပ်ချက်များရှိပါက သင်ဓားတိုလျှင် ရှေ့တစ်လှမ်းတိုးခုတ်ပါ ဆိုသကဲ့သို့ သာမန်ထက် ပိုကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း၊ ရုပ်ပိုင်းစိတ်ပိုင်း အချိုးညီညီဖွံ့ဖြိုးဖို့ စာဖတ်ကြရန် တိုက်တွန်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လူရည်ချွန်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများနှင့် ပြိုင်ပွဲများ၌ ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် လူရည်ချွန်များကိုယ်စား နဝမတန်းလူရည်ချွန် မောင်ခန့်ညားနန္ဒက ကျေးဇူးတင်စကား ပြောကြားသည်။ အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းမှူး ညွှန်ကြားရေးမှူး ဦးဝင်းမောင်ဦးဆောင်သော ၂၀၁၉ ခုနှစ် နဝမတန်း လူရည်ချွန်လူငယ်များသည် ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့မှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်ရှိ ထမ်းဆန်းလိုဏ်ဂူသို့ သွားရောက်လေ့လာကြသည်။ ထမ်းဆန်းလိုဏ်ဂူသည် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ဟိုပုံးမြို့ မေတ္တာခမ်းတန် ကိုရင်လေးရှင်ပေါရိဿ ဦးဆောင်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ရာပြည့်နှင့် ဌာနဆိုင်ရာများပူးပေါင်းကာ စတင်ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။ ဂူဝအကျယ် အကျယ် ၁၅ ပေ၊ အမြင့် ၁၂ ပေခန့်ရှိပြီး အတွင်းပိုုင်း ၂၁၈၅ ပေအထိ သဘာဝ ကျောက်စက်ပန်းစွဲများ၊ ကျောက်စက်မိုးမျှော်များနှင့် ဘုရားစေတီပုထိုးများစွာကို ဖူးမြော်လေ့လာကြသည်။ ထမ်းဆန်းဂူဟု ခေါ်တွင်ရခြင်းမှာ ရှမ်းဘာသာဖြင့် ထမ်းကျန့်ဟု ခေါ်တွင်ပြီး ထမ်း သည် ဂူဖြစ်ပြီး ကျန့်သည် ဆင်ဟုလည်းကောင်း၊ ပအိုဝ်းဘာသဖြင့် ထမ်း သည် ဂူဖြစ်၍ ဆန်းသည် ထူးဆန်းသည်ဟု လည်းကောင်း အဓိပ္ပါယ်ဖွင့်ဆိုကြပြီး ယခုအခါ ထမ်းဆန်းလိုဏ်ဂူသည် ဟိုပုံးဒေသ၏ အထင်ကရ နေရာတစ်ခုအဖြစ် တည်ရှိနေသည်။ ရှေးဟောင်းသုတေသနအဖွဲ့၏ လေ့လာဆန်းစစ်ချက်အရ ယင်းဂူ၏ သက်တမ်းသည် နှစ်ပေါင်း ၂ ဒသမ ၅ သန်းမှ ၃သန်းခန့် ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။ ယင်းနောက် လူရည်ချွန်လူငယ်များသည် ထမ်ဆန်းဂူရွှေတိဂုံ ပုံတူစေတီတော်ကြီးကို သွားရောက်ဖူးမြော် လေ့လာကြသည်။ အဆိုပါ စေတီတော်ကြီးကို ၁၃၇၃ခုနှစ် တပေါင်းလပြည့်နေ့တွင် ပန္နက်ရိုက်၊ အုတ်မြစ်တော်ချပြီး ၁၃၇၆ ခုနှစ် တပေါင်းလဆန်း ၁၄ ရက်နှင့် လပြည့်နေ့တို့တွင် ထီးတော်နှင့် စိန်ဖူးတော် တင်လှူပူဇော်ခဲ့ပြီး စေတီတော်သည် ဉာဏ်တော်အမြင့် ၁၀၈ တောင်ရှိကာ အရံစေတီတော် ၆၄ ဆူဖြင့် တည်ထားကိုးကွယ်ထားသည်။ မွန်းလွဲပိုင်းတွင် လူရည်ချွန်လူငယ်များသည် ကျောက်တလုံးကြီးမြို့နယ်ရှိ မွေတော်ကက္ကူဘုရားများကို သွားရောက်ဖူးမြော် လေ့လာကြသည်။ ရှေးဟောင်း မွေတော်ကက္ကူ၏ အဓိပ္ပါယ်မှာ ပအိုပ်းဘာသာ စကားအရ ကက် ဆိုသည်မှာ စခန်း၊ ကင်း စခန်းဖြစ်ပြီး ကူ ဆိုသည်မှာ နယ်ခြားဖြစ်သည်။ မွေတော်ကက္ကူ ဆိုသည်မှာ နယ်ခြားစခန်းကဘုရား ဖြစ်သည်၊။ အဘယ်ကြောင့်ဆိုသော် မွေတော်ကက္ကူဘုရားရှိရာ ကက္ကူရွာနေရာသည် ဆီဆိုင်စော်ဘွား ပိုင်နယ်နှင့် ညောင်ရွှေစော်ဘွားပိုင်နယ်အစပ်ဒေသတွင် တည်ရှိခြင်း ကြောင့်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် စေတီပေါင်း ၂၅၀၀ ခန့်ရှိပြီး ပါးစပ်ရာဇဝင်အရ တောင်သူကွမ်းညှပ် တဖျပ်ဖျပ် ဟုခေါ်ပြီး စေတီပေါင်း ၇၆၂၃ ဆူရှိသည်ဟု ဆိုကြသော်လည်း မှတ်တမ်းများအရ ၁၉၁၈ ခုနှစ်တွင် ၂၄၀၂ ဆူ၊ ၁၉၂၈ ခုနှစ်တွင်၂၅၄၈ ဆူ နှင့် ၂၀၀၁ခုနှစ်တွင် ၂၄၇၈ ဆူ ရှိခဲ့ကြောင်း သိရသည်။ ထို့နောက် လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် တောင်ကြီးမြို့ရှိ ယဉ်ကျေးမှုပြတိုက်သို့ သွားရောက်၍ တိုင်းရင်းသား ရိုးရာပြခန်းများ ကြည့်ရှုလေ့လာကြကာ မြို့မစျေးကြီးအတွင်း ဒေသ၏ ရောင်းဝယ်ဖောက်ကားမှု အခြေအနေများကို သွားရောက်လေ့လာကြသည်။ ညပိုင်းတွင် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ မီးပုံပွဲကျင်းပ၍ စခန်းသိမ်းပွဲကို ပျော်ရွှင်စွာ ကျင်းပခဲ့ကြကြောင်း သိရသည်။
No comments:
Post a Comment