Tuesday, May 14, 2019

ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များချမှတ်ခြင်း နှီးနှောဖလှယ်ပွဲ ကျင်းပ

မော်လမြိုင် ၂၀၁၉ မေ ၁၁
ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များချမှတ်ခြင်း နှီးနှောဖလှယ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် မော်လမြိုင် မြို့ Hotel KS ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်း၊ မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကော်မတီအဖွဲ့ဝင်များ၊ မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပါမောက္ခချုပ်များ၊ သက်မွေးပညာ သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် နှီးနှောဖလှယ်ပွဲသည် ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များချမှတ်ခြင်း နှီးနှောဖလှယ်ပွဲဖြစ်ပြီး ဒေသတွင်းလုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် လက်တွေ့ကျွမ်းကျင်မှု (Hard Skill)နှင့် (Soft Skill) လိုအပ်ချက်များ ဖော်ထုတ်နိုင်ရေး၊ ဒေသမှတောင်းဆိုမှု အများဆုံးဖြစ်သည့် သင်တန်းအမျိုးအစားတစ်မျိုး စတင်ဖွင့်လှစ်နိုင်ရေး၊ ဖွင့်လှစ်မည့် သင်တန်းများကို ရေရှည်တည်တံ့ ဖွံ့ဖြိုးနိုင်မည့်အစီအစဉ်များ ဖော်ထုတ်နိုင်ရေး စသည်တို့ကို ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ပါကြောင်း၊ နိုင်ငံ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးပါပြီး နိုင်ငံတော်အစိုးရအနေဖြင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မူဘောင်ချမှတ်ထားပြီး ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ဒုတိယသမ္မတ(၁) ဦးဆောင်သည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအနေဖြင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မူဘောင်တွင်ပါရှိသည့် လုပ်ငန်းစဉ်(၅)ရပ်ကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီ(၅)ရပ်ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ကော်မတီ(၅)ရပ်ထဲတွင် အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေး လုပ်ငန်းကော်မတီအနေဖြင့် ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်းကို ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုင်ရှင်များဖြစ်သည့် ပုဂ္ဂလိကကဏ္ဍတွင်ရှိကြသည့် လုပ်ငန်းရှင်များနှင့် ပုဂ္ဂလိကကဏ္ဍကသာ ယင်းကဏ္ဍ၏ပိုင်ရှင်များ ဖြစ်ပါကြောင်း၊ မိမိတို့ ပညာရေးဝန်ကြီးဌာနအနေဖြင့် TVET ဟုခေါ်သည့် Technical and Vocational Education and Training နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍကို တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် ယနေ့ကာလတွင် ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ပူးပေါင်းပြီး အောင်မြင်စေရန် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း၊ ထို့အတူ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အလတ်စား၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးသည်လည်း အင်မတန်အရေးကြီးပါကြောင်း၊ သို့ဖြစ်၍ ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ကျွမ်းကျင်သူများ ရရှိစေရန်အတွက် လူသားအရင်းအနှီးများကို ပြုစုပျိုးထောင်သွားရမည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (National Education Strategic Plan-NESP) ကို ၂၀၁၆-၂၀၂၁ တွင် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ပညာရေးအရည်အသွေး ဖွံ့ဖြိုးတိုးတက်မှုသည်လည်း အရေးကြီးသည့်အတွက် အမျိုးသားပညာရေးမူဘောင် (National Qualification Framework-NQF)ကို ရေးဆွဲဆောင်ရွက်လျက် ရှိပါကြောင်း၊ ၎င်းတွင် အဆင့်(၈)ခုပါရှိပြီး သက်ဆိုင်ရာ အဆင့်အလိုက် အရည်အသွေးပြည့်မီရန် လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP)၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီစွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ (TVET) တွင်လည်း ဒေသလိုအပ်ချက်နှင့် ကိုက်ညီပြီး အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၏ Demand နှင့် ကိုက်ညီသော ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ ပို့ချလေ့ကျင့်ရေးကို အလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ၊ Skill Training များကို ဦးစားပေးဖွင့်လှစ် ပေးရန်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ဖွင့်လှစ်ပေးထားသည့် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းများနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများတွင် ပုံမှန်အင်ဂျင်နီယာ သင်တန်းများ ပေးအပ်လျက်ရှိသကဲ့သို့ ချက်ချင်းအလုပ်အကိုင် ရရှိရေးကို အထောက်အကူပြုစေမည့် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ကာလတို သက်မွေးပညာသင်တန်းများကိုလည်း သင်တန်းအမျိုးအစားပေါ် မူတည်၍ (၂)ပတ်မှ (၃)လအထိ ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါကြောင်း၊ မွန်ပြည်နယ်အတွင်း သက်မွေးပညာသင်တန်းကျောင်းများအဖြစ် မော်လမြိုင်မြို့တွင် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း (GTI)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (GTHS)များမှ ဒီပလိုမာနှင့် အောင်လက်မှတ်များပေးသည့် ပုံမှန်အင်ဂျင်နီယာသင်တန်းများ ပေးအပ်လျက် ရှိသကဲ့သို့ ကာလတို သက်မွေးပညာသင်တန်းများကို ဖွင့်လှစ်ပို့ချလျက်ရှိပါကြောင်း၊ ယင်းသို့ သင်တန်းများ ဖွင့်လှစ်ပြီး လူငယ်များ အလုပ်အကိုင်ရရှိရေးကို ချက်ချင်းအခွင့်အလမ်း ပေးနိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍတို့ အဓိကဆက်နွယ်နေသည့် နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် တိုးချဲ့မြှင့်တင် ဆောင်ရွက်လျက်ရှိ သကဲ့သို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သည့် အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေးလုပ်ငန်း ကော်မတီအနေဖြင့် TVET ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ပုဂ္ဂလိကကဏ္ဍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းလိုအပ်ချက်နှင့် ကိုက်ညီသည့် လူသားအရင်းအမြစ်များ ရရှိရေး စသည်တို့ကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနတစ်ခုတည်းဖြင့် ဆောင်ရွက်ရန် ခက်ခဲသည့် ကိစ္စရပ်များအား ဆက်စပ်ဝန်ကြီးဌာနများအပြင် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ၊ အခက်အခဲများ၊ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ညှိနှိုင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ လက်ရှိအခြေအနေများ စသည်တို့ကို သိရှိနိုင်ရန်အတွက် နိုင်ငံ၏စီးပွားရေး အချက်အချာဒေသဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပုသိမ်၊ လားရှိုးနှင့် မော်လမြိုင် စသည့် မြို့ကြီးများရှိ စီးပွားရေးလုပ်ငန်းရှင် အသီးသီးနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ညှိနှိုင်းအဖြေရှာခြင်းများ လုပ်ဆောင်နိုင်ရန် နှီးနှောဖလှယ်ပွဲများ ပြုလုပ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များအနေဖြင့် နှီးနှောဖလှယ်ပွဲ၏ ရည်မှန်းချက်များ အောင်မြင်နိုင်ရေးကို ဦးတည်၍ ဆွေးနွေးဆောင်ရွက် သွားကြစေလိုကြောင်း၊ နိုင်ငံ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့် public private partnership လုပ်ငန်းများ အောင်မြင်စေရန် ဆောင်ရွက်ရာတွင် ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသည့်အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသမှတောင်းဆိုမှု အများဆုံးသော သင်တန်းတစ်မျိုးကို ဖွင့်လှစ်နိုင်ရန် ရွေးချယ်သတ်မှတ်ခြင်း အပါအဝင် ယခုဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များ အောင်မြင်စေရန် အားလုံးက ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက အမှာစကားပြောကြားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။ ယင်းနောက် မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းထိန်က နှုတ်ခွန်းဆက် စကားပြောကြားပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ထို့နောက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရေး လုပ်ငန်းကော်မတီနှင့် ပတ်သက်၍ မိတ်ဆက်ခြင်း၊ ကော်မတီ၏လုပ်ငန်းတာဝန်များနှင့် ရှေ့ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်း အစီအစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးခိုင်ဦးက ဒေသတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ကဏ္ဍအလိုက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ်အကဲဖြတ်ရေးအဖွဲ့(သုတေသန)မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးက Introduction to School Industrial Partnership Program in Mon State နှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက မွန်ပြည်နယ်အတွင်း လိုအပ်နေသည့် သက်မွေးပညာဆိုင်ရာ သင်တန်းများ၊ အစိုးရမှ ဆောင်ရွက်ပေးလျက်ရှိသည့် နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ သင်တန်းများနှင့် ဒေသလိုအပ်ချက်ဖြစ်သည့် သင်တန်းများအား အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ အဖွဲ့အလိုက် ဆွေးနွေးအကြံပြုခဲ့ကြသည်။ ယင်းနောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က နှီးနှောဖလှယ်ပွဲမှ ရရှိလာသည့်ရလဒ်များ၊ တွေ့ရှိချက်များနှင့် အနာဂတ်အစီ အစဉ်များအား အနှစ်ချုပ်တင်ပြခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် Grade-6 သင်ရိုးသစ် ခရိုင်အဆင့်ဆွေးနွေးပွဲနှင့် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် အခြေခံပညာ မူလတန်းအဆင့် Grade-3 သင်ရိုးသစ် မြို့နယ်အဆင့်ဆွေးနွေးပွဲများသို့ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။



No comments:

Post a Comment