နေပြည်တော်၂၀၁၉ မေ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ အခြေခံပညာမူလတန်းအဆင့် တတိယတန်း(Grade-3) သင်ရိုးသစ် မြို့နယ်အဆင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၁၀၊ ၅၊ ၂၀၁၉ ရက်နေ့ နံနက်(၈)နာရီတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပညာရေးမှူး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား မူလတန်းပြဆရာ ဆရာမများ တက်ရောက်ကြသည်။ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် အခြေခံပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုများနှင့်အတူ ကျောင်းသား ကျောင်းသူများ သင်ယူတတ်မြောက်မှုအရည်အသွေး ပိုမိုကောင်းမွန်စေရေးအတွက် သင်ရိုးသစ်အရပြုစုထားသော ပြဌာန်းစာအုပ်များ၊ သင်ကြားသင်ယူမှု နည်းစနစ်အသစ်များ၊ စစ်ဆေးဆန်းစစ် အကဲဖြတ်နည်းသစ်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် စာသင်ခန်းအတွင်းရှိ ကျောင်းသား ကျောင်းသူများအား စာမေးပွဲဖြေဆိုနိုင်ရေးနှင့် ရမှတ်ကောင်းမွန်ရေးအတွက် အဓိကထားသင်ကြား၊ သင်ယူမှုမျိုးမလုပ်ဘဲ (Learning to Learn) သင်ယူပြီးရင်း သင်ယူနိုင်ရေး၊ သင်ယူတတ်မြောက်မှုအရည်အသွေး ကောင်းမွန်စေရေး ဆောင်ရွက်နေပါကြောင်း၊ ယခုစနစ်သစ် ကျောင်းသုံးဖတ်စာအုပ်အသစ်တွင် ယခင်အကြောင်းအရာဟောင်း (၈၀)ရာခိုင်နှုန်းနှင့် အကြောင်းအရာအသစ် (၂၀)ရာခိုင်နှုန်း ပါဝင်မည်ဖြစ်ပါကြောင်း၊ (Grade-3) တတိယတန်းတွင် ကျောင်းသား ကျောင်းသူများအား အခြေခံစာဖတ်တတ်အောင်၊ ရေးတတ်အောင်၊ တွက်တတ်အောင် သင်ကြားပေးကြရမည်ဖြစ်ပါကြောင်း၊ (KG+12) သူငယ်တန်း+တစ်ဆယ့်နှစ်တန်း ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ကျောင်းသုံးဖတ်စာအုပ်များနှင့် ဆရာကိုင် စာအုပ်များကို အသစ်ပြုစုဖြန့်ဝေပေးပြီး သင်ကြားသင်ယူမှုအရည်အသွေး မြင့်မားရေးမွမ်းမံသင်တန်းများကို နှစ်စဉ်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မိမိတို့ ကျောင်း၊ စာသင်ခန်းများတွင် ကြုံတွေ့ရသည့် အားသာချက်အားနည်းချက်၊ ရင်ဆိုင်ရသည့် အခက်အခဲများနှင့် ကျော်လွှားနိုင်မည့် နည်းလမ်းများအား ယခုဆွေးနွေးပွဲတွင် ဆွေးနွေးညှိနှိုင်းဖလှယ်၍ ပိုမိုကောင်းမွန်သည့် သင်ကြားသင်ယူမှုနည်းစနစ်ဖြင့် အရည်အသွေးမြင့်မားသော ပညာရေးစနစ်ကို တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း၊ ပညာရေးစနစ်သစ်တွင် ရင်းနှီးမြုပ်နှံသလောက် အောင်မြင်ရေးအတွက် ပညာရေးဝန်ကြီးဌာနရှိ ပညာရေးမိသားစုအချင်းချင်း ညီညီညွတ်ညွတ် အပြန်အလှန်တန်ဖိုးထားပြီး လုပ်ငန်းများအောင်မြင်အောင် ပံ့ပိုးကူညီဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ဆေးလိပ်၊ အရက်နှင့်ကွမ်းယာ၊ မူးယစ်ဆေးဝါးများ ကင်းစင်ရေး၊ စနစ်တကျအမှိုက်စွန့်ပစ်တတ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး၊ မျိုးဆက်ပွားကျန်းမာရေးနှင့် ရင်ခွင်မဲ့ကလေးများဆိုင်ရာ အသိပညာပေးရေး၊ ကျန်းမာသောဘဝ နေထိုင်မှုပုံစံစသည့် အလေ့အထကောင်းများကို လေ့ကျင့်သင်ကြား ပေးကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအား လူသားကောင်းများ ဖြစ်စေရေး၊ အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်ရေး၊ အားကစား၊ ဂီတ၊ အနုပညာစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်တတ်ရေး၊ ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိရေးအတွက် သင်ကြားသင်ယူ၊ လေ့ကျင့်ပေးကြရမည် ဖြစ်ပါကြောင်း၊ အရည်အသွေးမြင့်မားသော ပညာရေးစနစ်ကို ဖော်ဆောင်နိုင်ရေးအတွက် ပညာရေးမိသားစုများအားလုံး ပြည်သူလူထုနှင့် ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း စသည်ဖြင့် အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တက်ရောက်လာသည့် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ သင်ထောက်ကူပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါမြို့နယ်အဆင့် ဆွေးနွေးပွဲများအား ၁၀၊ ၅၊ ၂၀၁၉ ရက်နေ့မှ ၂၅၊ ၅၊ ၂၀၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ အလားတူ ဆဋ္ဌမတန်း(Grade-6)သင်ရိုးသစ် ခရိုင်အဆင့်ဆွေးနွေးပွဲအား ပျဉ်းမနားမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment