Thursday, May 2, 2019

အဋ္ဌမတန်း ဘက်စုံပညာထူးချွန်လူငယ်များ ပုဂံလူရည်ချွန်စခန်းသို့ ရောက်ရှိ

ပုဂံ ၂၀၁၉ ဧပြီ ၂၉
၂၀၁၉ ခုနှစ် အဋ္ဌမတန်း ဘက်စုံပညာထူးချွန် ကျောင်းသား ကျောင်းသူများသည် ကြီးကြပ်သူ ဆရာ ဆရာများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မြနန်းစံကျော်ရွှေနန်းတော်အား လေ့လာခြင်းနှင့် မဟာမြတ်မုနိဘုရားအား ဖူးမြော်ကြည်ညိုပြီး ညနေပိုင်းတွင် ပုဂံလူရည်ချွန်စခန်းသို့ ရောက်ရှိကြသည်။ ယနေ့နံနက်ပိုင်းတွင် အဋ္ဌမတန်း လူရည်ချွန် ကျောင်းသား ကျောင်းသူ ၁၇၈ ဦးသည် ကြီးကြပ်သူ ဆရာ ဆရာမ ၁၈ ဦးနှင့်အတူ မန္တလေးစုရပ်မှ စတင်ထွက်ခွာ၍ မန္တလေးမြို့ရှိ မြနန်းစံကျော်ရွှေနန်းတော်အား လေ့လာကြသည်။ ထို့နောက် မဟာမြတ်မုနိဘုရားအား ဆက်လက်ဖူးမြော် ကြည်ညိုကြပြီး ကြီးကြပ်သူ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ စုပေါင်း၍ မဟာမုနိဘုရား ဂေါပကဥက္ကဋ္ဌထံ အလှူငွေကျပ် ၆၅၅၅၀၀ အား ပေးအပ်လှူဒါန်းရာ ဂေါပကဥက္ကဋ္ဌက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ထို့နောက် ကြီးကြပ်သူ ဆရာ ဆရာမများနှင့် အဋ္ဌမတန်းလူရည်ချွန်အဖွဲ့သည် မန္တလေးမှတစ်ဆင့် မိတ္ထီလာမြို့သို့ ရောက်ရှိပြီး မိတ္ထီလာမြို့ ရန်ကုန်-မန္တလေး အဝေးပြေးလမ်း ၂၈၄ မိုင်ရှိ FAMOUS စားသောက်ဆိုင်၌ နေ့လယ်စာ သုံးဆောင်ကြသည်။ ထိုမှတစ်ဆင့် ဆက်လက်ထွက်ခွာရာ ညနေပိုင်းတွင် ပုဂံ လူရည်ချွန်စခန်းသို့ ရောက်ရှိကြရာ လူရည်ချွန်စခန်းမုခ်ဦးရှေ့၌ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက သပြေပန်းများဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုကြပြီး ပုဂံမြို့သစ် မြင့်တေးဂီအဖွဲ့ကလည်း အိုးစည်ဒိုးပတ်များနှင့် ဦးရွှေရိုးအကဖြင့် ကပြဖျော်ဖြေကြိုဆို ကြသည်။ ပုဂံလူရည်ချွန်စခန်းသို့ အပန်းဖြေလေ့လာရေးခရီး ရောက်ရှိနေကြသည့် အဋ္ဌမတန်း ကျောင်းသား ကျောင်းသူများအတွက် မေ ၁ ရက်တွင် စခန်းဖွင့်လှစ်ခြင်းနှင့် ပုဂံဘုရားများအား လှည့််လည်ဖူးမြော်ခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး မေ ၄ ရက်တွင် စခန်းသိမ်းပွဲ ကျင်းပပေးမည်ဖြစ်သည်။ မေ ၂ ရက်မှ ၅ ရက်အတွင်း ပုပ္ပားတောင်၊ ပခုက္ကူပခန်းကြီးနှင့် ပုဂံဒေသအတွင်းရှိ အထင်ကရနေရာများအား အပန်းဖြေလေ့လာနိုင်ရန်အတွက် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။ ဘက်စုံပညာထူးချွန် လူငယ်လေ့လာရေးခရီးစဉ်အတွင်း စခန်းအသီးသီးမှ  ဘက်စုံပညာထူးချွန် လူငယ်များသည် လူရည်ချွန်ဟောင်းကြီးများနှင့် တွေ့ဆုံခြင်း၊ တစ်ဦးချင်းအလိုက် အတွေ့အကြုံများ ဖလှယ်ခြင်းတို့ကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment