Thursday, May 2, 2019

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မန္တလေးတိုင်းဒေသကြီး၊ အခြေခံပညာအဆင့်သင် ကိုယ်ပိုင်ကျောင်းဆရာများ အရည်အသွေးမြှင့်တင်ရေးသင်တန်း တက်ရောက်ဆွေးနွေး

နေပြည်တော် ၂၀၁၉ ဧပြီ ၂၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် ၂၇၊ ၄၊ ၂၀၁၉ ရက်နေ့ နံနက် (၈) နာရီတွင် မန္တလေးမြို့ အမှတ်(၁၆) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး၊ အခြေခံပညာအဆင့်သင် ကိုယ်ပိုင်ကျောင်းဆရာများ အရည်အသွေးမြှင့်တင်ရေးသင်တန်းသို့ တက်ရောက်၍ ဆွေးနွေးအမှာစကား ပြောကြားသည်။ ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းမော်က အခြေခံပညာအဆင့်သင် ကိုယ်ပိုင်ကျောင်းဆရာများ အရည်အသွေးမြှင့်တင်ရေးသင်တန်း အစီရင်ခံစာများကို တင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သင်တန်းသား သင်တန်းသူများအား ဆွေးနွေးအမှာစကား ပြောကြားရာတွင် ပညာရေးသည် မွေးဖွားချိန်မှအစပြုကာ ဘဝတစ်လျှောက်လုံး စဉ်ဆက်မပြတ် သင်ယူရမည့်အရာဖြစ်ပြီး နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရင်းအနှီး ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုမှစတင်၍ ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ရာတွင် အခြေခံပညာကဏ္ဍကို အများဆုံးပြုပြင်ပြောင်းလဲ ဆောင်ရွက်ခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အားပေးဆောင်ရွက်နေပါကြောင်း၊ ပညာရေးအရည်အသွေး တိုးတက်မြင့်မားရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အစိုးရကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ ဆရာမများ၏ အရည်အသွေးများကို ပိုမိုမြှင့်တင်ပေးခြင်းအားဖြင့် အရည်အသွေးမြင့်မား၍ ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများကို ပိုမိုမွေးထုတ်ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းများ ပြုပြင်ပြောင်းလဲဆောင်ရွက်ရာတွင် ၂၀၂၂- ၂၀၂၃ ခုနှစ်တွင် (KG+12) သူငယ်တန်း+တစ်ဆယ့်နှစ်တန်း ပညာရေးအတွက် ဘာသာစုံသင်ရိုးစာအုပ်များ အကုန်ပြီးစီးမည် ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ မူလတန်းပြဆရာ ဆရာမများအားလုံးကို (Grade-3)တတိယတန်း သင်တန်း၊ အလယ်တန်းပြဆရာ ဆရာမများအားလုံးကို (Grade-6)ဆဋ္ဌမတန်း သင်တန်းများပေးနေပါကြောင်း၊ လာမည့် ၂၀၂၀ ခုနှစ်တွင်လည်း မူလတန်းပြအားလုံးကို (Grade-4)စတုတ္ထတန်း သင်တန်း၊ အလယ်တန်းပြဆရာ ဆရာမများအားလုံးကို (Grade-7)သတ္တမတန်းသင်တန်းနှင့် အထက်တန်းပြ =ဆရာ ဆရာမများအားလုံးကို (Grade-10) ဒသမတန်းသင်တန်းများ ပေးသွားမည် ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် မိမိတို့၏ အင်္ဂလိပ်စာ၊ အိုင်စီတီ ကျွမ်းကျင်မှုနှင့် သင်ကြားသင်ယူမှု အရည်အသွေး မြင့်မားရေး တို့ကိုလည်း အမြဲမြှင့်တင်ဆောင်ရွက်နေကြရမည် ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအား မတူကွဲပြားမှုများကို အပြန်အလှန် နားလည်ရေး၊ လေးစားတန်ဖိုးထား၍ ကူညီဖြည့်ဆည်းဆောင်ရွက်တတ်ရေး၊ အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်ရေး၊ စာကြည့်တိုက်အသုံးပြု၍ စာများများဖတ်ကာ သင်ယူတတ်ရေး၊ အားကစား၊ ဂီတ၊ အနုပညာစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်တတ်ရေး၊ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး ဆောင်ရွက်တတ်ရေးအတွက် သင်ကြားသင်ယူ၊ လေ့ကျင့်ပေးကြရမည် ဖြစ်ပါကြောင်း၊ ပညာရေးနှင့်ကျန်းမာရေး ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ ဆေးလိပ်၊ အရက်နှင့် ကွမ်းယာ၊ မူးယစ်ဆေးဝါးများ ကင်းစင်ရေး၊ ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေးမှစ၍ မျိုးဆက်ပွားကျန်းမာရေးနှင့် ရင်ခွင်မဲ့ကလေးများ၊ ကျန်းမာသောဘဝစတိုင်စသည့် အသိပညာရပ်များကို လေ့ကျင့်သင်ကြား ပေးကြရမည်ဖြစ်ပါကြောင်း၊ အရည်အသွေးမြင့်မားသော ပညာရေးစနစ်ကို ဖော်ဆောင်နိုင်ရေးအတွက် ပညာရေးမိသားစုများအားလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း စသည်ဖြင့် “Survey of Improvements and Challenges in Basic Education” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားသည်။ ယင်းနောက် သင်တန်းကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြသည်။ အလားတူ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျှက် ၂၆၊ ၄၊ ၂၀၁၉ ရက်နေ့ နံနက်တွင် ပြင်ဦးလွင်မြို့ရှိ မော်တော်ယဉ်နည်းပညာသုတေသနဋ္ဌာနသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ တာဝန်ခံကျောင်းအုပ် ဒေါက်တာဝင်းထိုက်အောင်က လက်ရှိဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အကျိုးရှိထိရောက်သော ကာလတိုသင်တန်းများ၊ ကာလရှည်သင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အောင်မြင်ပြီးမြောက်ရေးနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးတို့ကို လမ်းညွှန်မှာကြားသည်။ ယင်းနောက် စာသင်ခန်းအတွင်း လှည့်လည်ကြည့်ရှု၍ ဆောက်လုပ်ဆဲကျောင်းအဆောက်အုံအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးကောင်းမွန်ရေး၊ အချိန်မီပြီးစီးရေး၊ အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားသည်။ ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)နှင့် မန္တလေးတက္ကသိုလ်သို့ သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခများ၊ ပါမောက္ခ(ဌာနမှူး)များ၊ ကထိကများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ပညာရေးမိသားစုများနှင့် တွေ့ဆုံ၍ ပညာရေးဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများ၊ သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများ၊ အခက်အခဲ၊ အားနည်းချက် အားသာချက်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များတို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment