နေပြည်တော်၊ ၂၀၁၉ မေ ၅
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာ့ကူးမြို့တွင် မေလ ၂ ရက်နေ့မှ ၃ ရက်နေ့အထိကျင်းပသော ပဉ္စမအကြိမ်ယဉ်ကျေးမှုဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
ခွဲခြားမှု၊ မညီမျှမှုနှင့် အကြမ်းဖက်မှုပပျောက်ရေးအတွက် စကားဝိုင်း ဆွေးနွေးပွဲမှ သည် အကောင်အထည်ဖော်မှုဆီသို့ဟူသော ဆောင်ပုဒ်ဖြင့်ကျင်းပသော အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံပေါင်း ၁၄၁နိုင်ငံမှ နိုင်ငံအကြီးအကဲများ၊ ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ အကြီးအကဲများစုစုပေါင်း ၄၅၅ဦးခန့် တက်ရောက်ကြသည်။ လူ့အဖွဲ့အစည်းများလုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယဉ်ကျေးမှုဆိုင်ရာ ချဉ်းကပ်ဆောင်ရွက်နိုင်မည့် နည်းလမ်းအသစ်များကိုဆွေးနွေးကြသည်။ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးသည် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်မှုတည်ဆောက်ရန်ရည်ရွယ်ချက်ဖြင့် ကျင်းပသော ဝန်ကြီးအဆင့် ဆွေးနွေးပွဲသို့ မေလ ၂ ရက်နေ့က တက်ရောက်ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးကဆွေးနွေးရာတွင် ပညာရေးသည် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေး၊ တန်းတူညီမျှရေး၊ ဒီမိုကရေစီ၊ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်် ဆင်းရဲမှုတိုက်ဖျက်ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် သို့ရောက်ရှိရန်၊ လူတိုင်းပါဝင်သောတန်းတူညီမျှသောအရည်အသွေးရှိသည့် ပညာရေးကို ဖော်ဆောင်ရန်နှင့် လူတိုင်းအတွက် ဘဝတစ်သက်တာသင်ယူမှုအခွင့်အလမ်းများ မြှင့်တင်ရန် အတွက် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းကိုချမှတ်အကောင်အထည်ဖော်ဆောင် ရွက်နေကြောင်း၊ မည်သူမျှမကျန်ရစ်ရေး၊ မည်သည့်ခွဲခြားမှုမျှမရှိရေး၊ ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းနေရေးနှင့် ကျောင်းထွက်နှုန်းပပျောက်ရေး ဟူသော မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မူလတန်းကလေးအားလုံးအရေး၊ အဖတ်၊ အတွက် တတ်မြောက်ရေး၊ အလယ်တန်းအဆင့်သို့ ကူးပြောင်းတက်ရောက်နိုင်ရေးကို ဦးတည်လျက် အခမဲ့မူလတန်းနှင့် အခမဲ့အလယ်တန်းပညာရေးကို ဖော်ဆောင်လျက်ရှိကြောင်း၊ ထင်ရှား သောပညာရေးပြုပြင်ပြောင်းလဲမှုတစ်ခုမှာ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစ၍ KG+12 စနစ်သစ်ကို ပြောင်းလဲခြင်းဖြစ်ကြောင်း၊ အလွတ်ကျက်မှတ်သည့် အလေ့အထမှ ပြောင်းလဲ ရန်အတွက် သင်ရိုးညွှန်းတမ်းအသစ်များတွင် စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်မှု၊ ကာယပညာ၊ အနုပညာနှင့် ယဉ်ကျေးမှု၊ တီထွင်ဖန်တီးတတ်သော စိတ်ကူး ဉာဏ်နှင့် နက်နက်ရှိုင်းရှိုင်း သင်ယူလေ့လာမှုကိုအားပေးသော ၂၁ရာစုနှစ်အတွက် လိုအပ် သည့်စွမ်းရည်များကိုထည့်သွင်း ရေးဆွဲထားကြောင်း၊ အဆိုပါ သင်ရိုးညွှန်းတမ်းအသစ် များအတွက် မူလတန်းပြ ဆရာ ဆရာမအားလုံးဖြစ်သော ၂၆၀၀၀၀ဦးကိုလည်း သင်တန်း ပို့ချပြီးဖြစ်ကြောင်း၊ အလယ်တန်းပြအားလုံးကိုလည်း သင်တန်းပို့ချနေပါကြောင်း၊ ပညာ ရေးပြုပြင်ပြောင်းလဲမှုများအနက် အောင်မြင်မှုတစ်ခုအနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ် အတွင်းကျောင်းသစ် ၁၀၂၄ ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီးကျောင်းဆောင်သစ် ၁၀၆၆၄ ခု တည်ဆောက်ခြင်း၊ ၁၀၈၀၃ ကျောင်းကို ကျောင်းအဆင့်တိုးမြှင့်ခြင်းကို ဆောင်ရွက်နိုင် ခဲ့ကြောင်း၊ အမျိုးသားပညာရေးဥပဒေအရ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူ ခွင့်မရသောကလေးငယ်များ ပညာသင်ယူနိုင်မည့်အခွင့်အလမ်းများကို ဖော်ဆောင်လျက် ရှိကြောင်း၊ တိုင်းရင်းသားဘာသာစကား ၅၄ မျိုးကိုသက်ဆိုင်ရာ ကျောင်းများတွင် သင်ကြား ပေးလျက်ရှိပြီး သင်ကြားရေး အထောက်အကူပြု ဒေသခံဆရာ၊ ဆရာမ ၅၁၆၁ ဦးကို ခန့်ထားနိုင်ခဲ့ကြောင်း၊ ကျောင်း ပြင်ပမူလတန်းပညာရေးအစီအစဉ်ကို ၈၁ မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ ၂ နှစ်သင် ပညာရေးကောလိပ်များ အားလုံးကိုလည်း ၄ နှစ်သင် ပညာရေး ဒီဂရီကောလိပ်များအဖြစ်သို့ အဆင့်မြှင့်တင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော နည်းပညာနှင့်သက်မွေး ပညာသင်တန်းများကိုတိုးချဲ့ဖွင့်လှစ်လျက် ရှိကြောင်း၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုကို အားပေးသော အဆင့်မြင့်ပညာကဏ္ဍကို ဖော်ဆောင်လျက်ရှိကြောင်း၊ တက္ကသိုလ်ဖွံ့ဖြိုးရေး အတွက် တက္ကသိုလ်ပဋိညာဉ်စာတမ်း ရေးဆွဲ၍ သင်ကြားရေးနှင့် စီမံခန့်ခွဲမှုတို့ကို အမျိုးသား ပညာရေး ဉပဒေအရ ဆောင်ရွက်နိုင်ရေးအတွက် အားပေးဖော်ဆောင်လျက်ရှိကြောင်းဖြင့် ထည့်သွင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏လမ်းညွှန်ချက်နှင့်အညီလက်တွေ့ လုပ်ငန်းစီမံချက်များအဖြစ် အခြေခံပညာ ကျောင်းများနှင့် တက္ကသိုလ်များတွင် အဓိကဖြေရှင်းဆောင်ရွက်ရမည့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး၊ အရက် ဘီယာနှင့်စီးကရက်မသုံးစွဲရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေးတို့ကို ဦးစားပေးဆောင် ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများကို ပညာပေးရန် စီစဉ် လျက်ရှိကြောင်း၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုကိုလည်း ထည့်သွင်းရန် စီစဉ်လျက်ရှိကြောင်း၊ ကျောင်းသားများနှင့် လူငယ်များအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေ သော ကွန်ပျူတာဂိမ်းစွဲလန်းမှုကို လျှော့ချပေးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် ကျောင်းသားများ၊ သင်ယူသူများ၊ မျိုးဆက်သစ်လူငယ်များ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်နှင့် မိမိနေထိုင်ရာကမ္ဘာကြီးအတွက် အကောင်းဆုံး ဆောင်ရွက်နိုင်မည့် အခွင့်အရေးများကို အသုံးချတတ်စေရေးအတွက် အားပေးဆောင်ရွက် လျက်ရှိကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် မေလ ၃ ရက်မွန်းလွဲပိုင်းတွင် အဇာဘိုင်ဂျန်နိုင်ငံ ပညာရေး ဝန်ကြီးDr.JeyhunBayramovနှင့် သီးခြားတွေ့ဆုံ၍ နှစ်နိုင်ငံပညာရေး ပူးပေါင်းဆောင် ရွက်ရေးကိစ္စရပ်များကိုဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံ ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟောက်ခန့်ဆုမ်းတို့ ပါဝင်သော မြန်မာ ကိုယ်စား လှယ်အဖွဲ့သည် မေလ ၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်း ခရီးဖြင့် ပြန်လည် ရောက်ရှိကြကြောင်းသိရသည်။
No comments:
Post a Comment