Monday, May 27, 2019

ဗဟိုအဆင့် သင်္ချာအိုလံပစ်ဆုပေးပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ၂၀၁၉ မေ ၂၆
ကျောင်းသား ကျောင်းသူများ၏ သင်္ချာအတွေးအခေါ်များ တိုးတက်လာစေရန်၊ ထူးချွန်ထက်မြက်သော မျိုးဆက်သစ်သင်္ချာပညာရှင်များ ပေါ်ထွန်းလာစေရန်၊ မြန်မာနိုင်ငံ၏သင်္ချာအဆင့်အတန်း မြင့်မားလာစေရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်္ချာဘာသာရပ်ကို ပိုမိုအသုံးပြုလာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံသင်္ချာအသင်းက ကြီးမှူးကျင်းပသည့် ဗဟိုအဆင့်သင်္ချာအိုလံပစ် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(ဒဂုံ)ရှိ ဒဂုံသီရိခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ အခြေခံပညာရေးစနစ်ကို နိုင်ငံတကာနှင့်လိုက်လျောညီထွေဖြစ်စေရန် သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်ရေးဆွဲခဲ့ပါကြောင်း၊ စာမေးပွဲဖြေဆိုရန် သင်ယူခြင်းထက် သင်ထောက်ကူပစ္စည်းများကို အသုံးပြုပြီး သင်ယူပြီးရင်းသင်ယူသည့် တစ်သက်တာသင်ယူခြင်းကို ပြုပြင်ပြောင်းလဲလျက် ရှိပါကြောင်း၊ အလွတ်ကျက်မှတ်သော ပညာရေးစနစ်မှ စဉ်းစားတွေးခေါ်မှုကို အားပေးသည့် နက်နက်နဲနဲ သင်ယူသောစနစ်သို့ ဦးတည်ပြောင်းလဲနေပါကြောင်း၊ တာဝန်ယူ တာဝန်ခံ၍ ပူးပေါင်းတီထွင်ကြံဆနိုင်စွမ်းရှိပြီး နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသော လူသားကောင်းများ ဖြစ်လာစေရန် ပြုစုပျိုးထောင် သင်ကြားသင်ယူ လေ့ကျင့်ပေးလျက် ရှိပါကြောင်း၊ International Mathematical Olympiad(IMO) ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိရာတွင် ၂၀၁၆ ခုနှစ် ဟောင်ကောင်၌ ကျင်းပသည့် ၅၇ ကြိမ်မြောက်ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ပထမဦးဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင် ၁၀၉ နိုင်ငံတွင် အဆင့် ၉၆ ရရှိခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် Brazil နိုင်ငံ၌ ကျင်းပသည့် ၅၈ ကြိမ်မြောက် International Mathematical Olympiad(IMO) ပြိုင်ပွဲတွင် Honourable Mention ဆုလက်မှတ်နှင့် ၂၀၁၈ ခုနှစ်တွင် Romania နိုင်ငံ၌ ကျင်းပသည့် ၅၉ ကြိမ်မြောက် International Mathematical Olympiad(IMO)ပြိုင်ပွဲတွင် Honourable Mention ဆုလက်မှတ်များ ရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၀၉ နိုင်ငံတွင် အဆင့် ၈၅ သို့ တိုးတက်လာခဲ့ပါကြောင်း၊ ယခုနှစ်တွင် England နိုင်ငံ၌ ကျင်းပမည့် ၆၀ ကြိမ်မြောက် International Mathematical Olympiad (IMO) ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများ သွားရောက်ယှဉ်ပြိုင် နိုင်ရေးအတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် သင်္ချာထူးချွန်စာမေးပွဲများကို ကျင်းပခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဗဟိုအဆင့် သင်္ချာထူးချွန်စာမေးပွဲများကို ကျင်းပခဲ့ပါကြောင်း၊ ဗဟိုအဆင့်တွင် ရွေးချယ်ထားသော နဝမတန်းကျောင်းသား ၂၀ ဦးနှင့် ဒသမတန်း ကျောင်းသား ၂၀ ဦးတို့ကို Team Selection Test ဖြင့် ထပ်မံစစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ကျောင်းသား ၆ ဦးကို ရွေးချယ်သည်ဟု သိရှိရပါကြောင်း၊ အဆိုပါ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား ကျောင်းသူများကို ၂၀၁၉ ခုနှစ် မေလ ၂ ရက် နေ့မှစ၍ ဇူလိုင်လ ၆ ရက်နေ့ အထိ ရန်ကုန်တက္ကသိုလ် သင်္ချာဌာနတွင် သင်ကြားပို့ချသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံအတွက်ထူးချွန်သည့် ကျောင်းသား ကျောင်းသူများဖြစ်ကြစေရန် ဆုမွန်ကောင်း တောင်းပါကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံသင်္ချာအသင်း ဥက္ကဋ္ဌ ဒေါက်တာညွန့်ဆွေက အသင်း၏လုပ်ဆောင်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် မြန်မာနိုင်ငံသင်္ချာအသင်းဥက္ကဋ္ဌ ဒေါက်တာညွန့်ဆွေက အလှူရှင်များမှ မြန်မာနိုင်ငံသင်္ချာအသင်းသို့ ပေးအပ်လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ဆုရရှိကြသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး မြန်မာနိုင်ငံသင်္ချာအသင်း အတွင်းရေးမှူး ဒေါက်တာစောဝင်းမောင်က မြန်မာနိုင်ငံသင်္ချာအသင်း၏ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ England နိုင်ငံ၌ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၄ ရက် နေ့အထိ ကျင်းပပြုလုပ်သွားမည့် ၆၀ ကြိမ်မြောက် IMO ပြိုင်ပွဲကို မြန်မာနိုင်ငံအနေဖြင့် စတုတ္ထအကြိမ်မြောက် သွားရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သတင်းရရှိသည်။


No comments:

Post a Comment