Tuesday, May 14, 2019

(၁၁) ကြိမ်မြောက် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၁၉ မေ ၁၃
(၁၁)ကြိမ်မြောက် ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးကို ၁၃၊ ၅၊ ၂၀၁၉ ရက်နေ့ နံနက်(၉)နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညှွန်ကြားရေးမှူးချုပ်၊ ဒုတိယညှွန်ကြားရေးမှူးချုပ်များ၊ ပညာရေးကဏ္ဍခုနှစ်ခုမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ဆင်းရဲမှုကိုလျှော့ချရန်၊ ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် လုံခြုံရေးကိုအားပေးမြှင့်တင်ရန်၊ လူ့အခွင့်အရေး တန်းတူညီမျှမှုရရှိရန်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုများကို အားပေးရန်တို့အတွက် ပညာရေးသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေရန် အလွန်အရေးကြီးပါကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရာတွင် ကျောင်းသား ကျောင်းသူများ ၂၁ရာစုတွင် လိုအပ်သည့်ကျွမ်းကျင်မှုများကို ရရှိရန်အတွက် သင်ရိုးညှွန်းတမ်း အသစ်များရေးဆွဲရေးကို အဓိကထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် မူလတန်းပြဆရာ ဆရာမများအားလုံး၊ အလယ်တန်းပြဆရာ ဆရာမများအားလုံးတို့ကို (Grade-3)တတိယတန်း၊ (Grade-6) ဆဋ္ဌမတန်း သင်ရိုးညှွန်းတမ်းအသစ် ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာလမ်းညှွန်များအတွက် မွမ်းမံသင်တန်းများကို ပေးနေပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး၊ ကျောင်းနေမြဲရေး၊ သင်ယူတတ်မြောက်မှုအရည်အသွေး မြင့်မားရေးတို့အတွက် မည်သည့်ခွဲခြားမှုမျှမရှိဘဲ၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားရေး၊ ကျောင်းထွက်သူ ပပျောက်ရေးတို့အတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၆ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းများတွင် ကျောင်းထွက်နှုန်း သိသိသာသာလျော့ချနိုင်ခဲ့ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း မူလတန်းပညာ သင်ယူပြီးမြောက်ရေး၊ မူလတန်းပညာ သင်ယူပြီးမြောက်သူတိုင်း အလယ်တန်း၊ အထက်တန်းနှင့် မိမိဝါသနာပါရာ အသက်မွေးဝမ်းကြောင်း ပညာရပ်များ၊ တက္ကသိုလ်ပညာရပ်များ ဆက်လက်သင်ယူ တတ်မြောက်နိုင်ရေး၊ လူ့အဖွဲ့အစည်း၊ နိုင်ငံနှင့်ကမ္ဘာကြီး၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်သက်တာသင်ယူရန် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလမ်းပိုမိုအားပေးနိုင်ရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ဒေသခံတိုင်းရင်းသား ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တိုင်းရင်းသား ဘာသာစကားသင် အခြေခံပညာကျောင်း (၁၂၂၄၈)ကျောင်း၌ တိုင်းရင်းသားဘာသာစကား(၅၄)မျိုးကို သင်ကြားပေးလျက်ရှိပြီး တိုင်းရင်းသားစာပေ သင်ကြားပေးသူ ဆရာ ဆရာမနှင့်ပြင်ပပုဂ္ဂိုလ် (၂၈၇၈၃)ဦးအား ထောက်ပံ့ကြေးများ ချီးမြှင့်ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် နေ့စားလပေး သင်ကြားရေးအထောက်အကူပြု (Teaching Assistants)ဆရာ ဆရာမ (၅၁၆၁)ဦး ခန့်ထားပေးခဲ့ပါကြောင်း၊ ယခုနှစ် ကျောင်းဖွင့်အမီ (Teaching Assistants)ဆရာ ဆရာမများ ထပ်မံခန့်ထားနိုင်ရေး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းပြင်ပပညာရေးအနေဖြင့် မြို့နယ်(၈၃)မြို့နယ်တွင် ဆောင်ရွက်လျက်ရှိပြီး အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများကိုလည်း ယခင်ကဲ့သို့ နွေရာသီတွင်သာမကဘဲ တစ်နှစ်ပတ်လုံး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဝေးသင်ပညာရေးစနစ်အရည်အသွေး မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးအရည်အသွေး တိုးတက်မြင့်မားရေးအတွက် လည်းကောင်း၊ ဦးစားပေးပညာရေးလုပ်ငန်း(၇)ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်လည်းကောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် ထိရောက်စွာပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာနအောက်ရှိ ပညာရေးကဏ္ဍခုနှစ်ခုမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ပညာရေးကဏ္ဍအရည်အသွေး မြင့်မားရေးအတွက် ပညာရေးနှင့်အသက်မွေးဝမ်းကြောင်းကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ထိရောက်စွာပူးပေါင်း ဆောင်ရွက်ခဲ့မှုများ၊ အားနည်းချက် အားသာချက်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်း အကြံပြုကြကြောင်း သိရသည်။



No comments:

Post a Comment