Monday, May 20, 2019

ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်နှင့် ရန်ကုန်မြောက်ပိုင်းခရိုင်တို့မှ ကျောင်းအုပ်ဆရာ ဆရာမများနှင့်တွေ့ဆုံပွဲကျင်းပ

ရန်ကုန် ၂၀၁၉ မေ ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန် အရှေ့ပိုင်းခရိုင်နှင့် ရန်ကုန်မြောက်ပိုင်းခရိုင်တို့မှ ကျောင်းအုပ်ဆရာ ဆရာမများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းရှိ စန္ဒိမာ ခန်းမ၌ကျင်းပသည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အမှာစကားပြောကြား ရာတွင် ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ (၂၅) ရက်နေ့မှစ၍ ကျောင်းစတင်ဖွင့်သည့် ဇွန်လ(၁)ရက် နေ့မှ မတ်လ(၃၁)ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ် သဖြင့် ဆရာ ဆရာမများအားလုံး၊ ကျောင်းအုပ်ကြီးများ အားလုံးက မိဘ အုပ်ထိန်းသူ ပြည်သူများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များမှ ပညာရေးအရည်အသွေး ကောင်းမွန်စေရေး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကျောင်း အပ်နှံရာတွင် မည်သည့်ခွဲခြားမှုမျှမရှိဘဲ ကျောင်းအပ်လက်ခံရမည်ဖြစ်ပြီး မည်သည့်ငွေကြေး၊ လက်ဆောင် ပစ္စည်းကိုမျှ လက်ခံခြင်းမပြုလုပ်ရန် အသိပေးပြောကြား လိုကြောင်း၊ ကျောင်းနေအရွယ် ကလေးများ(၅ နှစ် အရွယ်ကလေး)အားလုံး သူငယ်တန်း(KG)တန်း၊ ၆ နှစ်အရွယ်ကလေးအားလုံး ပထမတန်း(Grade-1)၊ စတုတ္ထတန်း(Grade-5) အောင်သည့် ကျောင်းသား ကျောင်းသူများသည် Grade-5 ပြီးသည့် အတွက် သင်ရိုး သစ်ဖြစ်သည့် ဆဋ္ဌမတန်း(Grade-6)သို့ တက်ရောက်ရမည်ဖြစ်ပါကြောင်း။ မူလတန်း ပညာရေးဖြစ်သည့် သင်ရိုးသစ် သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း အတွက် သင်ရိုးသစ်ကျောင်းသုံး ဖတ်စာအုပ်ပြုစုရာတွင် ကျောင်းသုံးဖတ်စာအုပ်အဟောင်းမှ အကြောင်းအရာ အဟောင်း ၈၀%၊ အကြောင်းအရာအသစ် ၂၀%သာပါရှိပြီး မူလတန်းပြဆရာ ဆရာမများအားလုံး စုစုပေါင်း (၂၅၀၀၀၀) ခန့်ကို သင်ကြားသင်ယူမှုနည်းလမ်းအသစ် (Pedagogy)နှင့် သင်ယူသူဗဟိုပြုသင်ကြား သင်ယူ ခြင်းဆောင်ရွက်ရန် သင်တန်းများပေးလျက်ရှိပါကြောင်း၊ ထို့ပြင် ဆဋ္ဌမတန်း (Grade-6)အတွက်လည်း အလယ်တန်းပြ ဆရာ ဆရာမများအားလုံး စုစုပေါင်း(၁၅၀၀၀၀)ခန့်ကို သင်တန်းများပေးလျက်ရှိပါကြောင်း။ ဆရာ ဆရာမ များ အရည်အသွေးပိုမိုမြင့်မားရေးနှင့် တစ်သက်တာသင်ယူလေ့လာနိုင်ရန် အလွန် အရေးကြီးသည့်အတွက် ပညာရေးကောလိပ်အားလုံးကို ပညာရေးဒီဂရီကောလိပ်များအဖြစ်သို့ အဆင့်မြှင့်တင် နိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် တစ်သက်တာ သင်ယူလေ့လာနိုင်ရန်အတွက် အင်္ဂလိပ်စာနှင့် အိုင်စီတီအရည်အသွေးများကို ခေတ်နှင့်အညီ လိုက်လျောညီထွေမှုရှိရန် လေ့လာဆည်းပူးနေမှသာလျှင် နိုင်ငံတကာနှင့် ရင်ဘောင်တန်း နိုင်မည့် အရည်အသွေးမီကလေးများကို မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ သင်ကြားသင်ယူမှု အရည်အသွေးကောင်းမွန်စေရန် သင်ယူလေ့လာနိုင် မည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမ အရည်အသွေးပိုမိုကောင်းမွန်မှသာလျှင် ကျောင်းသား ကျောင်းသူများအနေဖြင့် အကြောင်းအကျိုး၊ အကောင်းအဆိုးကို စဉ်းစားဝေဖန် သုံးသပ်နိုင်စွမ်းရှိပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင် နိုင်စွမ်းရှိလာမည်ဖြစ်ပါကြောင်း၊ သို့မှသာ ကောင်းမွန်သည့် အလုပ်အကိုင်များကို လုပ်ကိုင်နိုင်စွမ်းရှိသည့် ကျွမ်းကျင်မှု၊ စိတ်အားထက်သန်မှု၊ တစ်သက် တာသင်ယူလေ့လာမှုများ ပြည့်စုံမှုရှိရန်လိုအပ်ပါကြောင်း၊၊ အရည်အသွေးရှိသော ပညာရေးစနစ်ကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်မှန်ကန်မှုရှိရန်လိုအပ်ပါကြောင်း၊ မူလတန်းကျောင်းသား ကျောင်းသူအားလုံး မူလတန်းပညာ သင်ယူပြီးမြောက်ပြီး အလယ်တန်းနှင့် အထက် တန်းများကို ဆက်လက် ပညာသင်ယူရမည်ဖြစ်ပါကြောင်း၊ အထက်တန်း သင်ယူပြီးမြောက်ပါက မိမိတို့၏အရည်အချင်းနှင့် ဝါသနာအရ သက်မွေးသင်တန်းကျောင်း သို့မဟုတ် တက္ကသိုလ်ပညာများကို ဆက်လက်သင်ယူနိုင်မည်ဖြစ်ပါကြောင်း၊၊
ပညာရေးပြုပြင်ပြောင်းလဲမှုကို အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် မိဘဆရာအသင်းများ၏ပူးပေါင်း ဆောင်ရွက်မှု ကောင်းမွန်ရန်အရေးကြီးသကဲ့သို့ ကျောင်း၊ ကျောင်းအုပ် ဆရာ ဆရာမများ၏လိုအပ်ချက်၊ အခက်အခဲ၊ မပြည့်စုံမှုများ ကိုဖြည့်ဆည်းပေးရန်လိုအပ်ပါကြောင်း၊ ဆရာဆရာမများ၏ကြုံတွေ့ ရသည့် အခက် အခဲ လိုအပ်ချက်များကို ကျောင်းအုပ်များက ပံ့ပိုးကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းအုပ် များ၏ လိုအပ်ချက်များကိုလည်း မြို့နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပညာ ရေးမှူး၊ ထိုမှတဆင့် သက်ဆိုင်ရာ ဦးစီးဌာနအလိုက်တာဝန်ရှိသူများက ပံ့ပိုးကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ပါ ကြောင်း၊၊
ပညာရေးအရည်အသွေးရှိပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများ ကိုကြည့်ပါက စာမေးပွဲရမှတ်များများရရှိရန် သင်ယူခြင်းမဟုတ်ဘဲ သင်ယူပြီးရင်း တစ်သက်တာသင်ယူရန် အတွက် နက်နက်နဲနဲသင်ယူခြင်းဖြစ်ပါကြောင်း၊ ဆရာဗဟိုပြုသင်ကြား သင်ယူခြင်းမဟုတ်ဘဲ သင်ယူသူဗဟိုပြုသင်ကြား သင်ယူခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်၍ စစ်ဆေးအကဲဖြတ်ခြင်းအတွက် စစ်ဆေးမှုများကို ဇူလိုင်/သြဂုတ်တွင် (၁)ကြိမ် ၊ နှစ်လယ်စာမေးပွဲကို အောက်တိုဘာလတွင် (၁)ကြိမ်၊ ဒီဇင်ဘာလတွင် စစ်ဆေးအကဲဖြတ်မှု(၁)ကြိမ်၊ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ လနှင့် မတ်လများတွင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စတုတ္ထတန်း (Grade-5)၊ အဋ္ဌမတန်း(Grade-9)နှင့် တက္ကသိုလ်ဝင်စာမေးပွဲများကို ပုံမှန်ဆောင်ရွက်ပြီး ကျန်အတန်းများကို မတ်လအကုန်တွင် စစ်ဆေးအကဲ ဖြတ်ခြင်းများကို ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊၊
အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် အဓိက ဖြေရှင်းဆောင်ရွက်ရမည့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး၊ အရက်ဘီယာနှင့်စီးကရက် မသုံးစွဲရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာရေးတို့ကို ဦးစားပေးဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း၊ ကျန်းမာ ရေးနှင့် ညီညွတ်သော လူနေမှုပုံစံများကို ပညာပေးရန် စီစဉ်လျက်ရှိကြောင်း၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုကိုလည်း ထည့်သွင်းရန် စီစဉ်လျက်ရှိကြောင်း၊ ကျောင်းသားများနှင့်လူငယ်များအတွက် စိန်ခေါ်မှု တစ်ရပ်ဖြစ်နေသော ကွန်ပျူတာဂိမ်းစွဲလန်းမှု ကိုလျှော့ချပေးရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်း ထောက်ပံ့ကြေးများ၊ ကျောင်းဖွံ့ဖြိုးရေးရန်ပုံငွေများကိုလည်း လက်စွဲစာအုပ်မှ သတ်မှတ်ထားသည့်အတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ပြီး ကော်မတီများဖွဲ့စည်းရန်လိုအပ်ပြီး အစည်းအဝေးဆုံးဖြတ်ချက် များနှင့် အကျိုးရှိထိရောက်မှုရှိပြီး ပွင့်လင်းမြင်သာစွာသုံးစွဲကြရန်နှင့် ငွေစာရင်းရှင်းတမ်းများကို လစဉ်ထုတ်ပြန်ရန် လိုအပ်ပါကြောင်း၊ ပညာသင်ထောက်ပံ့ကြေးများပံ့ပိုးပေးရန်အတွက် မသန်စွမ်းကလေးများအားလုံး၊ ဝင်ငွေ နည်းမိသားစုများမှ ကျောင်းသားကျောင်းသူများကို ဦးစားပေးထောက်ပံ့ရန် လိုအပ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူအားလုံးအတွက် အရည်အသွေးရှိသော ပညာရေးစနစ်ဖြင့် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာစေရန်အတွက် ကျန်းမာကြံ့ခိုင်ပြီး တာဝန်ယူ တာဝန်ခံပူးပေါင်းဆောင်ရွက်တတ်ပြီး ဆန်းသစ်တီထွင်တတ် သည့် လူသားကောင်းများဖြစ်လာစေရေး အားလုံးက ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလို ကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အခြေခံပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ပညာရေးမူဝါဒလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် လှိုင်သာယာမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးခင်မောင်ဝင်း၊ တောင်ဥက္ကာလာပမြို့နယ် အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသံဒိုင်၊ လှိုင်သာယာမြို့နယ် အမှတ်((၁၉ အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ဆုဝေလင်း၊ မင်္ဂလာဒုံမြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကွေတောင်၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၆)အခြေခံ ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းကို၊ တိုက်ကြီးမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခွဲ(မြို့မ)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဆန်းမြင့်၊ လှိုင်သာယာမြို့နယ် အမှတ် (၉)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ရွှေတို့က သိရှိလိုသည်များကို မေးမြန်း အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား ခဲ့ကြသည်။
အလားတူ မေလ ၁၈ ရက်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်တောင်ပိုင်းခရိုင်နှင့် ရန်ကုန်အနောက်ပိုင်းခရိုင်တို့မှ ကျောင်းအုပ်ဆရာ ဆရာမများနှင့်တွေ့ဆုံပွဲကျင်းပ ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သင်းသင်းဌေး၊ ခနောင်တိုမြို့နယ် အမှတ်(၁၄)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်း အုပ်ဆရာမကြီး ဒေါ်အေးအေးပြုံး၊ ဒလမြို့နယ် အခြေခံပညာအလယ်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်ရီရီ သန်း၊ မရမ်းကုန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ၀ဿန်မြတ်သင်း၊ မရမ်းကုန်းမြို့နယ် အမှတ်(၁၉) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်အေး၊ တွံတေးမြို့နယ် အမှတ်(၇) အခြေခံပညာအလယ်တန်းကျောင်း (ထော်ကူး)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်တင့်တင့်အောင်၊ အလုံမြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်နီဝေ၊ ကမာရွတ်မြို့နယ် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မြဝေ၊ မရမ်းကုန်းမြို့နယ် အမှတ်(၅)မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့် ဌေး၊ တွံတေးမြို့နယ် အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်း၊ ဗဟန်းမြို့နယ် အမှတ်(၂၂)မူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သီတာမြင့််တို့က သိရှိလိုသည်များကို မေးမြန်း အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)ရှိ အမှတ်(၁၈)အခြေခံပညာ အလယ်တန်း ကျောင်းခွဲ(ရှမ်းတဲကြီး)၌ ကျင်းပသည့် ပထမအကြိမ် နွေရာသီ အင်္ဂလိပ်စာ၊ ကွန်ပျူတာသင်တန်းဆင်းပွဲနှင့် ကွန်ပျူတာ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


No comments:

Post a Comment