ချောက် ၂၀၁၉ မေ ၃
ပုဂံလူရည်ချွန်စခန်း၌ ရောက်ရှိနေသည့် အဋ္ဌမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် စလေရုပ်စုံကျောင်းအား လေ့လာပြီး ရှင်ပင်စာကြိုလှဘုရားအား ဖူးမြော်ကြည်ညိုကြသည်။ ရှေးဦးစွာ ပုဂံလူရည်ချွန်စခန်းမှူး မန္တလေးတိုင်းပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းမြင့်နှင့်အဖွဲ့ဝင်များ ဦးဆောင်၍ ကြီးကြပ်ဆရာ ဆရာမ ၁၈ ဦးနှင့် အတူ အဋ္ဌမတန်းကျောင်းသား ကျောင်းသူ ၁၇၈ ဦးသည် ယနေ့နံနက်ပိုင်းတွင် ပုဂံလူရည်ချွန်စခန်းမှ ထွက်ခွာ၍ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် စလေမြို့ရှိ စလေရုပ်စုံကျောင်းသို့ သွားရောက်လေ့လာကြသည်။ စလေရုပ်စုံကျောင်း၌ အဋ္ဌမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများအား စလေရုပ်စုံကျောင်းတာဝန်ခံ ဒေါ်ချိုချိုလွင်က အဆိုပါရုပ်စုံကျောင်းကို မြန်မာသက္ကရာဇ် ၁၂၄၄ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၂၅၄ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့၍ ကုန်သည်ကြီး ဦးဘိုးကြည်နှင့် ဇနီး ဒေါ်ရွှေသက်တို့က သုဓမ္မာဂိုဏ်းထောက် ဆရာတော်ကြီး ဦးဂုဏအား ရေစက်ချလှူဒါန်းခဲ့ကြောင်း၊ ကျောင်းတော်ကြီးတွင် လုံးပတ်ငါးပေခန့်ရှိသော တိုင်လုံးရေ ၁၅၄ လုံးရှိပြီး ရုပ်တုပေါင်း ၅၄ ရုပ်ရှိကာ ၅၅၀ ဇာတ်တော်ထဲမှ ကောင်းနိုးရာရာ ဇာတ်တော်များကို ရွေးချယ်ထွင်းထုထားကြောင်း ရှင်းပြသည်။ ယင်းနောက် အဋ္ဌမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ချောက်မြို့နယ်ရှိ ရှင်ပင်စာကြိုလှဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုကြသည်။ ရှင်ပင်စာကြိုလှဘုရားအား နရပတိစည်သူမင်းကြီးက ဘေးလောင်းတော် အနော်ရထာမင်းကြီး ကျောက်တိုင်စိုက်ထူခဲ့သော သီရိဇေယျကုန်းတော် စာကြိုအရပ်၌ ကောဇာသက္ကရာဇ် ၅၅၃ ခုနှစ်(ခရစ်နှစ် ၁၁၉၁)တွင် တည်ထားတော်မူခဲ့ကြောင်း သိရသည်။ ပုဂံလူရည်ချွန်စခန်းရှိ အဋ္ဌမတန်းကျောင်းသား ကျောင်းသူများသည် မေ ၄ ရက်တွင် ပခုက္ကူမြို့ရှိ ပခုက္ကူသီဟိုဠ်ရှင်ဘုရားနှင့် ရွှေမုဋ္ဌောဘုရား၊ ရေစကြိုမြို့ရှိ ပုခန်းကြီးစည်သူရှင်သရက္ခန်ဘုရားနှင့် ပုခန်းကြီးရှေးဟောင်းကျောင်းတို့ကို သွားရောက်လေ့လာ ဖူးမြော်ကြမည်ဖြစ်ပြီး ညပိုင်းတွင် ပုဂံလူရည်ချွန်စခန်းသိမ်းပွဲနှင့် ဖျော်ဖြေပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment