ညောင်ရွှေ ၂၀၁၉ ဧပြီ ၃၀
၂၀၁၉ ခုနှစ် အင်းလေးခေါင်တိုင်
လူရည်ချွန်အပန်းဖြေစခန်း၌ ဧပြီ ၃၀ ရက်က ၁၉၆၇ လူရည်ချွန်ဟောင်း
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး
ဦးသန့်စင်မောင်နှင့်ဇနီးတို့ ပါ၀င်သော လူရည်ချွန်ကြီးများနှင့်
လူရည်ချွန်လူငယ်မောင်မယ်များ တွေ့ဆုံပွဲနှင့် ပညာရေးဆိုင်ရာ ဟောပြောပွဲများ
ကျင်းပသည်။ ယနေ့နံနက်ပိုင်းက အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်း၌
ပညာရေးဆိုင်ရာဟောပြောပွဲ ကျင်းပရာ ညောင်ရွှေမြို့နယ် သယံဇာတနှင့်
သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး
ဦးစိုးနိုင်နှင့် ဦးစီးအရာရှိ ဦဇော်မင်းလေးတို့က သဘာ၀ပတ်၀န်းကျင်
ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာအကြောင်း
သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ
ဦးစီးအရာရှိ ဦးပက်ထရစ်ဗျူးက လှေကားထစ်စိုက်ပျိုးနည်း၊ မြေဆီလွှာနှင့်
သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးအတွက် သစ်ပင်စိုက်ပျိုးနည်းများကိုလည်းကောင်း
ဟောပြောဆွေးနွေးကြပြီး လူရည်ချွန် ကျောင်းသား ကျောင်းသူများက
သိရှိလိုသည်များ မေးမြန်းမှုကို သက်ဆိုင်ရာ တာ၀န်ရှိသူများက
ပြန်လည်ဖြေကြားကြသည်။ ထို့နောက် လူရည်ချွန်လူငယ် မောင်မယ်များသည်
အထွေထွေဗဟုသုတဆိုင်ရာ ဉာဏ်စမ်း ပဟေဠိများကို မေးမြန်းဖြေကြားကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု၀န်ကြီး ဦးသန့်စင်မောင်နှင့်ဇနီး ၁၉၆၇၊
၁၉၆၈၊ ၁၉၇၀ သုံးထပ်ကွမ်း လူရည်ချွန်ဟောင်း
ဒေါက်တာဒေါ်ခင်သန်းအေးတို့ပါ၀င်သော ၁၉၆၄- ၈၈ လူရည်ချွန်ကြီးများက
လူရည်ချွန်လူငယ်မောင်မယ်များအား တွေ့ဆုံ၍ မိတ်ဆက်အားပေးစကား ပြောကြားကြကာ
အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် ၁၉၆၄ - ၈၈
လူရည်ချွန်ကြီးများက လူရည်ချွန်တေးသီချင်းများ သင်ကြားပေးပြီးနောက်
ဉာဏ်စမ်းပဟေဠိများ မေးမြန်းဖြေကြားကြကာ ဆုရရှိသူလူရည်ချွန် လူငယ်များအား
ပြည်ထောင်စု၀န်ကြီးနှင့် လူရည်ချွန်ကြီးများက ဆုများပေးအပ်
ချီးမြှင့်ကြသည်။ ညနေပိုင်းတွင် မေ ၁ ရက် နံနက်ပိုင်းတွင် ကျင်းပမည့်
အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေ စခန်းဖွင့်ပွဲ အခမ်းအနားအတွက်
အစမ်းလေ့ကျင့်ကြသည်။ မေ ၂ ရက်တွင် လူရည်ချွန်များသည် အင်းလေးကန်အတွင်းရှိ
စိုက်ပျိုးရေးလုပ်ငန်းများ၊ တိုင်းရင်းသားရိုးရာ
လက်မှုလုပ်ငန်းများလေ့လာခြင်း၊ ရှေးဟောင်းသမိုင်း၀င် ဖောင်တော်ဦးဘုရား၊
အလိုတော်ပေါက်ဘုရား၊ ရွှေဗောဓိမြို့ဦးစေတီ ဖူးမြော်လေ့လာခြင်း၊
ညောင်ရွှေဟော်နှင့် ညောင်ရွှေစံပြစိုက်ခင်းများ လေ့လာခြင်းတို့
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment