Saturday, May 25, 2019

အခြေခံပညာအဆင့် အမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒ (မူကြမ်း) နှီးနှောဖလှယ်ပွဲနှင့် အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ရေးအတွက် ညှိနှိုင်းအစည်းအဝေး

နေပြည်တော် ၂၀၁၉ မေ ၂၃
အခြေခံပညာအဆင့် အမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒ(မူကြမ်း) ဆွေးနွေးပွဲနှင့် အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ် ပေးအပ်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ၂၃၊ ၅၊ ၂၀၁၉ ရက်နေ့ နံနက်(၈:၃၀) နာရီတွင် နေပြည်တော် ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေး၀င်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပညာရေးမှူးများ၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများမှ ကိုယ်စားလှယ်များ၊ ဆရာများအဖွဲ့ချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သက်ဆိုင်ရာတာ၀န်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စု၀န်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ပညာရေး ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာ၌ (KG+12) သူငယ်တန်း+တစ်ဆယ့်နှစ်တန်း ပညာရေးစနစ်ကို အရှိန်အဟုန်ဖြင့် ပြောင်းလဲဆောင်ရွက်နေပါကြောင်း၊ ပညာရေးသည် နိုင်ငံ၏လူသားအရင်းမြစ်များကို သင်ကြားသင်ယူလေ့ကျင့် မွေးထုတ်ပေးနေခြင်းဖြစ်ပါကြောင်း၊ နိုင်ငံ၏ကုန်ထုတ်စွမ်းအားများ၊ ၀န်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကစိန်ခေါ်မှုသည် ကျွမ်းကျင်လုပ်သားများ အားနည်းခြင်းဖြစ်ပြီး ကျွမ်းကျင်လုပ်သားများရရှိအောင် ပြုစုပျိုးထောင်ရာတွင် နိုင်ငံသားတိုင်း အခြေခံပညာအထက်တန်းအဆင့် သင်ယူပြီးမြောက်ရန် လိုအပ်ပါကြောင်း၊ ဆက်လက်ပြီး ကျွမ်းကျင်လုပ်သားများကို Professional များဖြစ်အောင် တစ်သက်တာသင်ယူမှုအစီအစဉ်ဖြင့် ပညာရေးအခွင့်အလမ်းများ ပေးနိုင်မှသာ လူ့စွမ်းအားအရင်းအမြစ်များကို သင်ကြားသင်ယူ လေ့ကျင့်မွေးထုတ် ပေးနိုင်မှာဖြစ်ပါကြောင်း၊ သင်ကြားသင်ယူလေ့ကျင့်ပေးရာတွင် တစ်ဦးနှင့်တစ်ဦး အရည်အချင်းရှိမှု၊ စွမ်းရည်ရှိမှု၊ သင်ယူတတ်မြောက်မှုများ မတူညီပါကြောင်း၊ ထိုမတူညီမှုများကြောင့် ပညာရေးစစ်ဆေး အကဲဖြတ်ခြင်းမူဝါဒသည် အလွန်အရေးကြီးပါကြောင်း၊ မိမိတို့ကျောင်းသား ကျောင်းသူများအား အတူပူးပေါင်းပြီး အစုအဖွဲ့လိုက် ဆောင်ရွက်ရာတွင် တော်စေချင်ပါကြောင်း၊ ကိုယ့်နိုင်ငံ၏ လူမှုအသိုင်းအဝိုင်း ပျော်ရွင်ရန်၊ တိုးတက်ရန် လုပ်ဆောင်ပေးနိုင်သည့်ကလေးများ လေ့ကျင့်မွေးထုတ် ပေးနိုင်ရေးအတွက် အားလုံးဝိုင်း၀န်း ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။ ယင်းနောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေး၀င်းက အစည်းအဝေးကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထိုက်က အခြေခံပညာအဆင့် အမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒ ရေးဆွဲရခြင်း၏အကြောင်းရင်းများကို ဆွေးနွေးတင်ပြသည်။ ထို့နောက် ADB မှ Consultant ဒေါက်တာမြင့်မြင့်စန်းက အခြေခံပညာအဆင့် အမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒ(မူကြမ်း)ကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဆွေးနွေးလိုသည့်မေးခွန်းများ၊ အချက်အလက်များကို အုပ်စုလိုက်ဆွေးနွေးခြင်း၊ ပြန်လည်ညှိနှိုင်းဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ကာ အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြသည်။ အစည်းအဝေးအား ၂၃၊ ၅၊ ၂၀၁၉ ရက်နေ့မှ ၂၄၊ ၅၊ ၂၀၁၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။



No comments:

Post a Comment