Monday, May 20, 2019

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ဆဋ္ဌမတန်း(Grade-6) သင်ရိုးသစ် ဆွေးနွေးပွဲသွားရောက်ကြည့်ရှုအားပေး

နေပြည်တော် ၂၀၁၉ မေ ၁၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပညာရေးမှူး ဦးမျိုးဝင်းအောင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ၁၅၊၅၊၂၀၁၉ ရက်နေ့ နံနက်(၉)နာရီတွင် ပျဉ်းမနားမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်သော (Grade-6) ဆဋ္ဌမတန်းသင်ရိုးသစ်ဆွေးနွေးပွဲနှင့် သင်တန်းများသို့ သွားရောက်ကြည့်ရှုအားပေးသည်။ ရှေးဦးစွာ ပြည်ထောင်ဝန်ကြီးနှင့်အဖွဲ့သည် ပြခန်းအတွင် ပြသထားသောသင်ရိုးဟောင်း၊ သင်ရိုးသစ်ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများကိုလှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် (Grade-6) ဆဋ္ဌမတန်းသင်ရိုးသစ်ဆွေးနွေးပွဲသင်တန်းတွင် ဘာသာရပ်အလိုက် ဆွေးနွေးနေမှုများ၊ သင်ကြားသင်ယူဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆရာဆရာမများအား အမှာစကားပြောကြားရာတွင် ပညာရေးအရည်အသွေး တိုးတက်မြင့်မားရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဆရာဆရာမများသည် အဓိကအရေးအကြီးဆုံးပုဂ္ဂိုလ်များဖြစ်ပါကြောင်း၊ ဆရာဆရာမများ၏ ကြုံတွေ့ရသည့် အခက်အခဲ လိုအပ်ချက်များကို ကျောင်းအုပ်များက ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းအုပ်များကိုလည်း မြို့နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးပညာရေးမှူး၊ ထိုမှတဆင့် သက်ဆိုင်ရာ ဦးစီးဌာနအလိုက်တာဝန်ရှိသူများက ဆင့်ကဲဆင့်ကဲ ပံ့ပိုးကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ဆရာဆရာမများအနေဖြင့် မိမိတို့၏သင်ကြားသင်ယူမှု အရည်အသွေး တိုးတက်မြင့်မားလာစေရေး စဉ်ဆက်မပြတ်ကြိုးစားအားထုတ် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ပညာရေးပြုပြင်ပြောင်းလဲမှုဆောင်ရွက်ရာတွင် အလယ်တန်း ပညာရေးစနစ်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်၍ ကျောင်းသားကျောင်းသူများအား ပြန်လည်သင်ကြားရာတွင် အလွတ်ကျက်မှတ်မှုစနစ်မှ ကိုယ်တိုင် စဉ်းစားတွေးခေါ်နိုင်မည့် အလေ့အကျင့်ကောင်းများရရှိအောင် သင်ကြားပေးစေလိုပါကြောင်း၊ ပြဋ္ဌာန်းစာအုပ်အတိုင်းသင်ကြားရာတွင်လည်းမိမိတို့၏အတွေ့အကြံုများပေါင်းစပ်၍ တီထွင်ဆန်းသစ်မှုကိုအားပေးသည့်သင်ကြားသင်ယူမှုကောင်းများရရှိအောင် သင်ကြားပေးစေလိုပါကြောင်း၊ ဆရာဆရာမများ၏ နေထိုင်စားသောက်ရေးဆောင်ရွက်ထားမှုများနှင့် အခက်အခဲများ ပေါ်ပေါက်လာပါက အချိန်နှင့်အချိန်နှင့်တစ်ပြေးညီ ကူညီဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းစသည်ဖြင့် ပြောကြားသည်။ ယင်းနောက် ဆရာဆရာမများက သိရှိလိုသည်များကိုမေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးဖြေကြားပြီးလိုအပ်ချက်များကူညီဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ အဆိုပါ ခရိုင်အဆင့်(Grade-6) ဆဋ္ဌမတန်းသင်ရိုးသစ် ဆွေးနွေးပွဲသင်တန်းများကို နေပြည်တော်၊ဒက္ခိဏခရိုင်တွင် ပျဉ်းမနားမြို့အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ လယ်ဝေးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော်၊ ဥတ္တရခရိုင်တွင် ပုဗ္ဗသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ကျည်တောင်ကန်)၊ တပ်ကုန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများတွင် ကျင်းပလျက် ရှိသည်။သင်တန်းတွင် နည်းပြဆရာဆရာမ(၉၁)ဦးက ဘာသာရပ်အလိုက် ခေါင်းစဉ်ငယ်များခွဲ၍ ဆွေးနွေးပို့ချကာ (Grade-6)ဆဋ္ဌမတန်းသင်ရိုးသစ် သင်ကြားမည့်ဆရာဆရာမ(၂၉၁၉)ဦးတို့တက်ရောက်ကြပြီး၊ သင်တန်းကာလမှာမေ(၁၀)ရက်မှ မေ (၂၄)ရက်နေ့အထိဖြစ်ကြောင်းသိရသည်။


No comments:

Post a Comment